အစ္စလာမ်ဘာသာတို့ရဲ့ ရမ်မန်ဒန် ဦးပုဒ်လရာသီကုန်ဆုံးတဲ့ ဒီကနေ့ တနင်္လာနေ့မှာ ကမ္ဘာတဝှမ်းမှာရှိကြတဲ့ အစ္စလာမန်ဘာသာဝင်တို့ Eid al-Fitr လို့ခေါ်တဲ့ အစ်ပွဲတော်တွေ ကျင်းပ ကြပါတယ်။
အီရန်နိုင်ငံ မြို့တော် Tehran မှာ ဥသျှောင် အယာထိုလာ အာလီ ခါမီနီ ဦးဆောင် ကျင်းပတဲ့ ရမ်မန်ဒန် ဦးပုဒ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် ဆုတောင်းပွဲကို ဝတ်ပြုဆုတောင်းသူ အမြောက်အများတက်ရောက်ခဲ့ကြပါတယ်။
မွတ်ဆလင်လူမှုအသိုင်းအဝိုင်းအနေနဲ့ ယီမင်လူထုတွေကို ပွင်းပွင်းလင်းလင်း ထောက်ခံကြဖို့ ဆုတောင်းပွဲတက်ရောက်သူတွေကို ဥသျှောင် ခါမီနီ က တောင်းဆိုခဲ့ပါတယ်။ အစ္စလမ်ဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတခုဖြစ်တဲ့အတွက် အစ်ပွဲတော်ဟာ ငြိမ်းချမ်းတဲ့ပွဲတော်တခုဖြစ်ကြောင်းနဲ့ အစ်ပွဲတော် တက်ရောက်လာကြတဲ့လူတွေအားလုံး အကြမ်းဖက်ဝါဒတွေကိုခြေမှုန်းကြဖို့ ပြောဆိုတဲ့ပွဲတော်တခုလည်းဖြစ်ကြောင်း ပါကိစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ အစ်ပွဲတော်ကို တက်ရောက်လာသူတဦးကပြောပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က သမိုင်းဝင် Jama Mas-jid ဗလီမှာ ကျင်းပတဲ့ အစ်ပွဲတော်ဆုတောင်းပွဲမှာလည်း လူပေါင်းထောင်ချီတက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယ အနောက်ခြမ်း Mumbai မြို့နဲ့ အိန္ဒိယ Kashmir ဒေသမှာ ကျင်းပတဲ့အစ်ပွဲတော်ဆုတောင်းပွဲမှာတော့ ငြိမ်းချမ်းတည်းငြိမ်ရေးရရှိဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ မွတ်ဆလင် ဦးရေ တတိယအများဆုံးရှိတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရမ်မန်ဒန် ဦးပုဒ်လရာသီကုန်ဆုံးတဲ့ အစ်ပွဲတော် ကျင်းပခဲ့ကြပါတယ်။
Your browser doesn’t support HTML5