အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ရှုံးထွက်ပွဲတွေ ဒီကနေ့ ကစားရာမှာ ဆွီဒင်နဲ့ နယ်သာလန်အသင်းတွေ ကွာတားဖိုင်နယ် တက်သွားကြပါပြီ။ အမေရိကန်နဲ့ ဆွီဒင်အသင်းတို့ ကစားတဲ့ပွဲမှာတော့ အမေရိကန်အသင်းက အသာစီးနဲ့ ကစားပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ ဂိုးမဝင်ဘဲ၊ ပွဲပြီးတဲ့အထိ သရေဖြစ်ခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရတာပါ။ အချိန်ပို နာရီဝက်မှာလည်း တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်တာကြောင့် နောက်ဆုံးမှာ ပယ်နယ်တီဂိုးသွင်း ဆုံးဖြတ်ခဲ့ရပါတယ်။ ပယ်နယ်တီ ၅ ဂိုး သွင်းရာမှာ ၃ ဂိုး၊ ၃ ဂိုးနဲ့ သရေဖြစ်ခဲ့တာကြောင့် နောက်ထပ် အရှုံးအနိုင် မပေါ်မချင်း ဆက်သွင်းရာမှာ ၅ ဂိုး၊ ၄ ဂိုးနဲ့ ဆွီဒင်အသင်းက အနိုင်ရပြီး အဆုံးသတ်ခဲ့တာပါ။
အစောပိုင်း ကစားခဲ့ကြတဲ့ နယ်သာလန်နဲ့ တောင်အာဖရိက ပွဲစဉ်မှာတော့ နယ်သာလန်က ၂ ဂိုး၊ ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။ နယ်သာလန်အသင်းက ပထမပိုင်းမှာ ၁ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုးစီသွင်းပြီး အနိုင်ရလိုက်တာကြောင့် တောင်အာဖရိကအသင်း အရှုံးနဲ့ထွက်ခဲ့ရတာပါ။ ကမ္ဘာ့ဖလား အမျိုးသမီးပွဲမှာ မမျှော်လင့်ဘဲ တက်လာခဲ့တဲ့ တောင်အာဖရိကအသင်းဟာ နယ်သာလန်ကို ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ နယ်သာလန်ဂိုးသမားက ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရဘဲ ဖြစ်ခဲ့ရပါတယ်။ နယ်သာလန်အသင်းဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကတော့ အမေရိကန်အသင်းကို ရှုံးခဲ့ဖူးပါတယ်။