အင်္ဂလန်နဲ့ စပိန်ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ

England's players react after winning the Australia and New Zealand 2023 Women's World Cup semi-final football match

(၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တနင်္ဂနွေနေ့မှာ ဥရောပချန်ပီယံ အင်္ဂလန်အမျိုသမီးအသင်းနဲ့ စပိန်အမျိုးသမီးအသင်းတို့ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ‘Stadium Australia’ လို့ ခေါ်တဲ့ ဆစ်ဒနီ အိုလံပစ်ပွဲကြီး ကျင်းပခဲ့တဲ့ကွင်းကြီးထဲမှာ ကစားတော့မှာပါ။

ဒါဟာ အင်္ဂလန်အတွက်တော့ နိုင်ငံ့လက်ရွေးစင်အဆင့်မှာ အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်း တသင်းဟာ ၁၉၆၆ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုသမီးအသင်းခေါင်းဆောင်က ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ဖို့အတွက် စပိန်နဲ့ပွဲကို “ဘဝမှာ အရေးကြီးဆုံး ပွဲကြီးအဖြစ်” အစွမ်းကုန် ယှဉ်ပြိုင် ကစား ဖို့လိုတယ်လို့ ပြောကြောင်း ယူကေကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

စပိန်နဲ့ အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်း နှစ်သင်းစလုံးက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ လက်ရှိ နည်းပြ Sarina Wiegman လက်ထက် ကစားတဲ့ ၃၉ ပွဲမှာ ၁ ပွဲပဲ ရှုံးထားပြီး၊ ဒီနည်းပြအောက်မှာ စပိန်နဲ့ နှစ်ကြိမ် ကစားဖူးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဂိုးမရှိသရေကျခဲ့ကာ ယူရို ၂၀၂၂ ခုနှစ်ပြိုင်ပွဲမှာတုန်းကတော့ ၂-၁ ဂိုးနဲ့ နိုင်ထားပါတယ်။

တခါ စနေနေ့က ကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာတော့ ဆွီဒင်က အိမ်ရှင်သြစတြေးလျကို ၂-၀ ဂိုးနဲ့ နိုင်ပြီး ကြေးတံဆိပ်ဆုကို အမျိုးသမီးကမ္ဘာ့ဖလား သမိုင်းမှာ စတုတ္ထ အကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆွီဒင်အသင်းက ပထမပိုင်း မိနစ် (၃၀) မှာ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့သလို ဒုတိယပိုင်း ၆၂ မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့လို့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တာပါ။

အိမ်ရှင် သြစတြေးလျအသင်းအတွက်တော့ အကြိုဗိုလ်လုပွဲအဆင့်အထိ သမိုင်းမှာ ပထမဆုံးအကြိမ် တက်လာနိုင်ခဲ့ပေမယ့် ၂ ပွဲ ဆက်ရှုံးခဲ့လို့ ဆုလက်မဲ့ဖြစ်ပြီး စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ပွဲကြည့်ပရိသတ် အရေအတွက် စံချိန်တင်ခဲ့သလို ဩစတြေးလျ အမျိုးသမီး အသင်း ကစားတဲ့ ပွဲစဉ် နှစ်ပွဲကလည်း ပြည်တွင်းစီးပွားဖြစ် ရုပ်သံလိုင်းမှာ နှစ် ၂၀ အတွင်း ကြည့်ရှုမှု အများဆုံးအစီအစဉ် ဖြစ်လာခဲ့ပါတယ်။