နယ်သာလန် အမျိုးသမီး ဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ဆီမီးဖိုင်နယ်မှာ နယ်သာလန် အသင်းက ဆွီဒင်ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ဖိုင်နယ်ကိုတက်သွားတာပါ။
နယ်သာလန် နဲ့ ဆွီဒင်တို့ လီယွန်မြို့မှာ ကစားခဲ့ကြတာမှာ မိနစ် ၉၀ ပြီးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ခဲ့တဲ့ အတွက် အချိန်ပို ကစားတာမှာ နယ်သာလန် အသင်းက နံပါတ် ၁၄ Jackie Groenen က ပယ်နယ်တီ ဧရိယာ ထိပ်နားကနေ နယ်သာလန် အတွက် အနိုင်ဂိုးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်က ပထမပိုင်းမှာ ဂိုးသွင်းခွင့် ပိုရခဲ့ပေမယ့် တိုင်ထိတာရယ်၊ နယ်သာလန် နောက်တန်း နဲ့ ဂိုးသမားတွေ ကာကွယ်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ နယ်သာလန်ဘက်က ဂိုးသွင်းခွင့်တွေ ပြန်ရပြီး ဆွီဒင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ တိုင်ထိတာနဲ့ ဆွီဒင်ဂိုးသမားကာကွယ်တာတွေကြောင့် ဂိုးမရဘဲ အချိန်ပို ဆက်ကစားခဲ့ရပြီး နယ်သာလန်က Groenen က အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့တာပါ။ ဒါဟာ သူ့အတွက်တော့ ဒီကမ္ဘာ့ဖလားမှာ ပထမဆုံး သွင်းနိုင်တဲ့ ဂိုးဖြစ်ပါတယ်။
နယ်သာလန် အသင်းဟာ ဒီပွဲနိုင်လိုက်တဲ့ အတွက် ဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်သွားပါတယ်။ ဒါကြောင့် ဖိုင်နယ်မှာတော့ နယ်သာလန် အသင်းဟာ လက်ရှိချန်ပီယံ အမေရိကန်အသင်း နဲ့ ဗိုလ်လုရမှာဖြစ်ပါတယ်။ ဖိုင်နယ်ကိုတော့ လာမယ့် ဇူလိုင်လ ၇ ရက်နေ့ကျရင် လီယွန်မြို့မှာ ကစားမှာဖြစ်ပါတယ်။ တတိယနေရာ လုပွဲကိုတော့ အင်္ဂလန် နဲ့ ဆွီဒင်တို့ Nice မြို့မှာ ကစားကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5