CDM ဝန်ထမ်းတွေကို တနိုင်တပိုင်ကူနေတဲ့ အလင်းရောင်လူငယ်များ

အလင်းရောင်လူငယ်များ (ဓာတ်ပုံ - အလင်းရောင်လူငယ်များ)

(Zawgyi/Unicode)

စစ်အာဏာသိမ်းမှုကြောင့် အမှောင်ထုထဲရောက်သလို ဖြတ်သန်း ရှင်သန်နေရတဲ့ မြန်မာပြည်သူတွေ အတွက် အလင်းရောင် အမြန်ဆုံး ရစေချင်တယ်လို့ အလင်းရောင်လူငယ်အဖွဲ့က မသီရိဝေလွင်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်အနီး ပြည်နယ်တွေက မြန်မာလူငယ်တွေနဲ့ စုစည်းထားတဲ့ အလင်းရောင် လူငယ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်လောက်ကစပြီး မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တဘက်တလမ်းကနေ ရန်ပုံငွေ ရှာဖွေပြီး ကူညီလှူဒါန်းတာတွေ လုပ်ခဲ့သလို၊ အခုလက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးလက်အောက် ဖိနှိပ်မှုတွေကြား ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM ဝန်ထမ်းတွေအတွက် တနိုင်တပိုင် ကူညီထောက်ပံ့ ပေးနေတယ်လို့ မသီရိဝေလွင်က ပြောပါတယ်။ အလင်းရောင် လူငယ်တဦးဖြစ်တဲ့ မသီရိဝေလွင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာတွေ၊ မြန်မာလူငယ်တွေဆိုရင်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူတို့ နိုင်တဲ့ဘက်ကနေ တနိုင်တပိုင် ကူညီပံ့ပိုးမှုတွေ လုပ်နေကြတယ်ဆိုတာ သိရတယ်။ ဒီအထဲမှာ မသီရိဝေလွင် တို့ဆိုရင်လဲ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား၊ မေရီလန်း၊ ဝါရှင်တန်ဒီစီ ဒေသတဝိုက်မှာ ရှိတဲ့ လူငယ်တွေ စုပေါင်းပြီး အလင်းရောင် လူငယ်အဖွဲ့ ဖွဲ့ပြီး မြန်မာနိုင်ငံအတွက် တနိုင်တပိုင် ပံ့ပိုး ကူညီတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ ဒီမှာ အဓိက ဘာတွေ လုပ်ဖြစ်တာပါလဲ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအပေါ်မှာ ဒီဘက်ကနေ ဘာတွေများ ကူညီ ဆောင်ရွက်ပေးနေတာပါလဲ။

''သီရိတို့ ဒီအဖွဲ့က အရင် ၂၀၁၅ ကတည်းက စခဲ့တာပါ။ ရေဘေးတွေဖြစ်တုန်းကလည်း ပြည်သူတွေကို ကူညီပေးဖူးခဲ့တယ်။ ရန်ပုံငွေတွေ ရှာပြီးတော့ပါ။ DMV (D.C, Maryland, Virginia) ဧရိယာပေါ့နော်။ စိတ်တူကိုယ်တူ လူငယ်တွေ စုပြီးတော့ ပရဟိတ လုပ်ကြတယ်။ ၂၀၁၅ ကတည်းက ဆိုတော့ တော်တော်တော့ ကြာပြီ။ အဲ့ဒီတုန်းကတော့ officially မဟုတ်ဘူးပေါေ့နာ်။ အခုကျမှ သီရိတို့က CRPH နဲ့ တွဲဖက်ပြီးတော့ ပိုမိုထိရောက်အောင် ပုံစံမျိုးတွေနဲ့ ပိုပြီးတော့ စနစ်တကျ ပံ့ပိုးပေးနေပါတယ်။ ရန်ပုံငွေတွေ ရှာတယ်။ ဈေးရောင်းပွဲတွေလုပ်တယ်။ အလှူငွေတွေ ကောက်တယ်။ အဲ့ဒီလိုမျိုးတွေလုပ်ပါတယ်။”

ဆိုလိုတာက ဒီ အလင်းရောင် လူငယ်အဖွဲ့ ဟာ အခုမှ ပေါ်လာတာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့အတွက် အရင်ကတည်းက စဖွဲ့ခဲ့တဲ့ အဖွဲ့ပေါ့နော်။

“ဟုတ်ကဲ့ရှင့်။ နိုင်ငံရေးတခုတည်း မဟုတ်ဘူးပေါ့နော်။ ရေဘေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ တခုခု ဒုက္ခကြုံရတယ်ဆိုရင် သီရိတို့ လူငယ်တွေက အမြဲတမ်း စိတ်အားထက်သန်ပြီးတော့ အမြဲတမ်း ရန်ပုံငွေ ရှာပေးပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲက ကြီးကြီးမားမား ဖြစ်သွားတယ်။ စစ်အာဏာသိမ်းလိုက်တယ်။ ဖမ်းဆီး ထိန်းသိမ်း ဖိနှိပ်တာတွေ အများကြီး ဖြစ်လာတယ်။ စစ်ပြေးဒုက္ခသည်တွေ များလာတယ်။ ဆိုတော့ ဒီလို ကြုံနေရတဲ့ မြန်မာပြည်သူတွေ အတွက် လက်ရှိမှာ အလင်းရောင် လူငယ်အဖွဲ့ အနေနဲ့ ဘယ်လိုပုံစံနဲ့ အကူအညီတွေ ပေးနေတာပါလဲ။

“ဟုတ်ကဲ့။ သီရိတို့ အခုက CDM လုပ်နေတဲ့ သူရဲကောင်းတွေကို သီရိတို့က ဒီဘက်ကနေ ထောက်ပံ့ပေးနေတာ ၃ လ ဆက်တိုက် ရှိပြီ။ အဲ့ဒါ သီရိတို့ လတိုင်း ပိုက်ဆံ ဆိုလို့ရှိရင် အစားအသောက်တွေကို လူငယ်တွေ ကိုယ်တိုင်ချက်တယ်။ အလှူရှင်တွေကလည်း လာပြီး ပံ့ပိုးပေးကြတယ်။ ပြီးတော့ ဒီအစားအသောက်တွေကို သီရိတို့က ပြန်ရောင်းတယ်။ အဲ့ဒီက ပိုက်ဆံတွေနဲ့ သီရိတို့ လှူနေတာ ၃ လရှိပြီ။ ပြီးတော့ သီရိတို့ရဲ့ ရည်မှန်းချက်က အမှောင်ကျနေတဲ့ မြန်မာပြည်က နိုင်ငံသူနိုင်ငံသားတွေကို သီရိတို့က အလင်းရောင် ပေးချင်တာ။ အဲ့ဒါကြောင့် သီရိတို့က ဒီနာမည်လေးကိုတောင် အလင်းရောင် ဆိုပြီးတော့ ပေးခဲ့တာဖြစ်ပါတယ်။”

အခု နိုင်ငံတကာမှာ ရှိနေကြတဲ့လူငယ်တွေ၊ မြန်မာတွေတင်မဟုတ်ဘဲနဲ့ တခြား ဟောင်ကောင်တို့ ကိုရီးယားတို့က လူငယ်တွေကိုလည်း နောက်ပိုင်း ပြည်ပမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုပ်နေတာ တွေ့ရတယ်။ အဲ့ဒီလို လူငယ်အဖွဲ့တွေနဲ့ရော ပူးပေါင်း ဆောင်ရွက်တာမျိုးတွေ ရှိပါသလား။ ဒါမှမဟုတ် အလင်းရောင် လူငယ်အဖွဲ့အနေနဲ့က ရန်ပုံငွေ ရှာတာ တခုတည်းကို လုပ်တာလား။ တခြား မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအပေါ်မှာ ပံ့ပိုးပေးနိုင်မယ့် လှုပ်ရှားမှုမျိုးတွေကိုရော ဆောင်ရွက်တာ ရှိပါလား။

“ဟုတ်ကဲ့ ရှိတယ်ရှင့်။ ဟိုတနေ့ကပဲ ကိုရီးယားအဖွဲ့ပေါ့နော်။ ဒီမှာက ကိုရီးယား community ရှိပါတယ်။ အဲ့ဒီ ကိုရီးယား community က လူတွေနဲ့ သီရိတို့ ပူးပေါင်း ဆောင်ရွက်တာရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကလဲ သူတို့နိုင်ငံမှာလည်း ၁၉ ၈၀ လောက်က သီရိတို့လို အဖြစ်အပျက်မျိုး ဖြစ်ခဲ့တာဆိုတော့ သူတို့မှာ စာနာ နားလည်စိတ် ရှိတယ်။ မြန်မာတွေ အပေါ်ကိုပေါ့။ သူတို့က အခု CDM လုပ်နေတဲ့သူတွေကို လှူချင်တယ်ဆိုပြီးတော့လည်း လက်လှမ်းလာတယ်။ အဲ့ဒီနေ့ကဆို CRPH က ကိုထင်လင်းအောင်လည်း လာတယ်။ အကုန်လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါတယ်။ သူတို့ကလည်း သီရိတို့ကို အလှူငွေ လှူပါတယ်။ သူတို့နဲ့ ဟိုတပတ်ကပဲ meeting ထိုင်တာလည်း ၃ ကြိမ် ရှိပြီပေါ့နော်။”

အဲ့ဒီတော့ ဘယ်လောက် အတိုင်းအတာအထိရော ဆက်ပြီးတော့ လုပ်သွားမှာလဲ။ ဒါက ယာယီ ခန လုပ်တာလား။ နောက်ရော ဆက်ပြီးတော့ ခုလို ပံ့ပိုးမှုတွေ ဆက်လုပ်သွားမှာလား။ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာလား။

“ဆက်ရှိမှာပါ။ သီရိတို့ ဒီမှာတင် မရပ်ပါဘူး။ ပြီးသွားလို့ရှိရင်လဲ အလင်းရောင် ဆက်ရနေဖို့အတွက် သီရိတို့က ဆက်လုပ်သွားမှာပဲ။ လူမှန် နေရာမှန်ပေါ့နော်။ လမ်းမှန်ပေါ် ရောက်သွားရင် သီရိတို့ အဖွဲ့တွေကလည်း လိုက်ပြီးတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့ လေ ျှာက်လှမ်းမှာပါ။ မြန်မာပြည်ထဲက လူတွေနဲ့အတူပါ။”

ဒီလို ပြည်ပမှာရှိတဲ့လူငယ်တွေ ခုလိုစုစည်းပြီးတော့ ပံ့ပိုးမှုတွေက ပြည်တွင်းအတွက် ဘယ်လောက်အထိ ခွန်းအား ဖြစ်နိုင်မယ်လို့ရော ထင်ပါသလဲ။ တကယ်ရော ထိရောက်မှု ရှိတယ်လို့ရော ခံစားရလား။

“ဟုတ်ကဲ့။ သီရိတို့ကတော့ ဒီဘက်ကနေ ကြည့်မယ်ဆိုရင် သီရိတို့က ပိုက်ဆံပဲ ထောက်ပံ့ပေးနိုင်တဲ့အတွက် CDM တွေကို သီရိတို့က ထောက်ပံ့ပေးချင်တယ်ပေါ့နော်။ ဒီ CDM တွေရှိမှသာ ဒီဟာကလည်း နိုင်မှာလေ။ အဲ့ဒါကြောင့် သီရိတို့ကလည်း CDM လုပ်ဆောင်နေတဲ့ သူရဲကောင်းတွေကို ဒီကနေ ပိုက်ဆံကို အဓိက ထောက်ပံ့ပေးနေတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပါ။”

ဘာကြောင့် CDM ကို ထောက်ပံ့တာပါလဲ။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ အလုပ် ပြန်သွားလို့မဖြစ်ဘူးလေ။ သူတို့ အလုပ်ပြန်သွားရင် သီရိတို့က (စစ်အာဏာရှင်ကို) ရှုံးသွားမှာ။ အဲ့ဒီတော့ သူတို့ အလုပ်ပြန်မသွားဘဲ နေနိုင်အောင် သူတို့လစဉ်ရနေတဲ့ လစာကို သီရိတို့က ထောက်ပံ့ပေးသွားမှာ။ အဲ့ဒီတော့ သီရိတို့ နိုင်ကိုနိုင်ရမယ်။ CDM ကလူတွေကို အားတင်းထားဖို့ သီရိတို့က ဒီကနေ ထောက်ပံ့တာပါ။”

ဆိုတော့ ဒီထောက်ပံ့မှုက မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့တွက်ရင် တကယ်က လိုအပ်ချက်တွေက အများကြီးပဲ ရှိနေမှာလေ။ ကိုယ်က တနိုင်တပိုင်လေးပဲ ထောက်ပံ့နိုင်တာ ဆိုတော့ ဒါက ထိရောက်တယ်လို့ရောထင်လား။

“ဟုတ်ကဲ့။ သီရိတို့ထောက်ပံ့နေတာကတော့ ၁၀ နေရာ၊ ၁၅ နေရာလောက်တော့ ရှိပါတယ်။ ခွဲပြီးတော့ သီရိတို့ အမြဲထောက်ပံ့ပါတယ်။ တကယ် လိုရင် လိုတဲ့နေရာကို ထောက်ပံ့ပေးနေပါတယ်။ အဲ့ဒီတော့ သီရိတို့ လူငယ် အဖွဲ့တဖွဲ့တည်း မဟုတ်ဘူး။ မြန်မာပြည်ကနေ နိုင်ငံခြားကို ရောက်လာတဲ့ သူတွေလည်း တခြားအဖွဲ့တွေ ရှိတယ်။ နယူးယောက်ဆိုရင်လည်း နယူးယောက်က အဖွဲ့တွေ ရှိတယ်။ အဲ့ဒီတော့ သီရိထင်တာကတော့ တဘက်တနေရာကနေတော့ ထိရောက်တယ်လို့တော့ ထင်ပါတယ်။”

အဲ့ဒီတော့ အခု လက်ရှိ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အခြေအနေတွေမှာ လူငယ်တွေ အသက်ပေးနေရတယ်။ အကျဉ်းထောင်တွေထဲထိ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပမ်း ခံရတဲ့ အခြေအနေတွေလည်း ရှိနေတယ်။ ကိုယ် ကိုယ်တိုင်ကလည်း လူငယ်အမျိုးသမီးတယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ရော ဒီလိုတွေ မြင်ရတဲ့အခါမှာ ဘယ်လိုခံစားရလဲ။

“သီရိက မြန်မာပြည်ကနေ ၇ နှစ်သမီးကတည်းက ထွက်လာတာပေါ့နော်။ သီရိ မြန်မာပြည်အကြောင်းကို အမှန်အတိုင်းပြောရရင် အရမ်း ကောင်းကောင်းကြီး သိပ် မသိလိုက်ဘူး။ နေရာတွေ ဘာတွေပေါ့။ ဒါပေမဲ့ အရမ်းချစ်တဲ့စိတ်ကတော့ သီရိရဲ့ စိတ်ထဲမှာရှိတယ်။ မြန်မာဆိုပြီး သီရိ ကိုယ့်ဟာကိုယ်ခံယူတယ်။ သီရိက အမေရိကန် citizen တယောက်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် မြန်မာတယောက်လို့ ခံယူတယ်။ ကိုယ့်မြန်မာပြည်ကို သီရိ ချစ်လည်းချစ်တယ်။ အဲ့ဒီတော့ ဘယ်နေရာရောက်ရောက် ကူပေးချင်တဲ့စိတ် ကတော့ သီရိမှာရှိတယ်။ ပြီးတော့ သီရိ စိတ်မကောင်းဘူး။ ကိုယ်က ဒီမှာ ဆန္ဒပြပြီးတော့ သူတို့ကို ထောက်ပံ့ပေးနိုင်တာပဲ လုပ်ပေးနိုင်တယ်။ ဟိုမှာဆိုလို့ရှိရင် လူတွေက သေကြတယ်။ ကိုယ့်အရွယ်တွေ။ တချို့ကောင်မလေးတွေ ဆိုရင် သီရိထက်တောင် ငယ်ကြတယ်။ ဆိုတော့ သီရိ စိတ်မကောင်းဘူးပေါ့နော်။ အဲ့ဒီလိုမျိုးတွေ သိရလို့ရှိရင် သီရိက ဒီဘက်ကနေ ပိုပြီးတော့ ကူညီပေးချင်တယ်။ အမြဲတမ်း သတင်းတွေ တွေ့တိုင်း ပိုပြီးတော့ ကူညီပေးချင်စိတ် ရှိသွားပါတယ်။”

စောစောကပြောတဲ့အထဲမှာ မြန်မာပြည်ကို ချစ်တယ်။ ကိုယ်ကလည်း မြန်မာပြည်မှာ မွေးခဲ့တာဆိုတော့လေ။ ကိုယ်ချစ်တဲ့ မြန်မာပြည်ကိုရော ဘယ်လိုပုံစံနဲ့မြင်ချင်လဲ။

“ပြန်ပြီးတော့ အလင်း ပြန်ရစေချင်တယ်။ အခုဆိုလို့ရှိရင် အပြင်မထွက်ရဘူး။ သီရိ မြင်ချင်တာကတော့ ဒီ မြန်မာပြည်က နိုင်ငံသူနိုင်ငံသားတွေကို အာဏာရှင်စနစ်အောက်မှာ မနေစေချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီရိ အဖေနဲ့အမေကလည်း ၈၈ တုန်းက ကြုံခဲ့ပြီးသွားပြီ။ သူတို့အမြဲတမ်း ပြောပြတဲ့ ပုံစံတွေကို ကြားရတိုင်းမှာ သီရိစိတ်မကောင်းဘူး။ အဲ့ဒီတော့ နောက် လူမျိုးတွေကိုလည်း ဒီလိုမျိုးတွေ မကြုံစေချင်ဘူး။ အခုဆိုလို့ရှိရင် generation တခုပြီးတခု ကြုံရတာတွေ မကြုံစေချင်တော့ဘူး။ သူတို့ကို ကျန်းမာရေးအရ၊ ပညာရေးအရ တိုးတက်စေချင်တယ်။ မြန်မာပြည်ကြီးကိုပေါ့။ ပြီးတော့ အခု အမေရိကားမှာ သီရိတို့ အခုလူငယ်တွေ နေရသလိုမျိုး လွတ်လွတ်လပ်လပ် freedom ၊ deomocracy အပြည့်ရစေချင်တယ်။ မြန်မာပြည်မှာ အဲ့ဒီလိုမျိုး မရဘူး။ တိုးလည်း မတိုးတက်ဘူး။ အဲ့ဒီတော့ သီရိက မြန်မာပြည်မှာလည်း သီရိတို့ ဒီမှာ လွတ်လွတ်လပ်လပ် နေရသလို ဒီမိုကရေစီရသလိုမျိုး မြန်မာပြည်မှာလည်း လွတ်လွတ်လပ်လပ်နဲ့ ဒီမိုကရေစီ ရစေချင်ပါတယ်။ ပြီးတော့ ဒီစစ်အာဏာရှင်စနစ် အောက်မှာတော့ နေသ၍ကတော့ သီရိတို့ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ အဲ့ဒီတော့ သီရိတို့လည်း ဒါက ဖြစ်နေတာ တခါမကတော့ဘူး။ နောက်ထပ်မျိုးဆက်တွေ အတွက် ဘယ်လိုမှထပ် မဖြစ်ချင်တော့ဘူး။ အရမ်းတိုးတက်စေချင်ပါတယ်။”

အဲ့ဒီတော့ အလင်းရောင် လူငယ်အဖွဲ့ အနေနဲ့ရော ရှေ့ဆက် မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးနိုင်ဖို့အတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိနေပါလဲ။

“ဟုတ်ကဲ့။ သီရိတို့က ဒါက နိုင်ငံရေးလမ်းကြောင်းတခုတည်း သွားတာမဟုတ်ဘူးပေါ့နော်။ အဲ့ဒီတော့ သီရိတို့က တကယ်လို့ နိုင်ငံရေးက ကောင်းသွားလို့ရှိရင်လည်း သီရိတို့က ပရဟိတ အလုပ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်။ တဘက်တလမ်းကနေ ကူညီပံ့ပိုးပေးသွားပါမယ်။”

အခု ကိုယ်က ပြည်ပမှာရောက်နေတဲ့ လူငယ်အမျိုးသမီးတယောက် အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုမျိုးစုံကြားကနေပြီးတော့ပဲ အာဏာသိမ်းပြီးနောက်ပိုင်း ၄ လနီးပါး ဖြစ်လာတဲ့အချိန်အထိ အခက်အခဲတွေ အမျိုးမျိုးကြား၊ ဖိနှိပ်မှုတွေ အမျိုးမျိုးကြားကနေပြီးတောမှ ခက်ခက်ခဲခဲနဲ့ အသက်အန္တရာယ်တောင် မမှုဘဲနဲ့ ရုန်းကန် လှုပ်ရှားနေကြတဲ့ စစ်အာဏာရှင် ကျဆုံးရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ လူတွေကိုရော ကိုယ့်အနေနဲ့ ပြည်ပက လူငယ်တယောက် အနေနဲ့ ဘယ်လိုမျိုး အားပေးစကား ပြောချင်ပါသလဲ။

“သီရိတို့ ပြည်ပရောက်နေပေမဲ့ အခုပြည်တွင်းက လူငယ်တွေ၊ နိုင်ငံရေးအတွက် လုပ်ဆောင် ဆောင်ရွက်နေကြတဲ့သူတွေကို သီရိတို့ မမေ့ပါဘူး။ သူတို့ကို သီရိ အရမ်းလေးစားပါတယ်။ သီရိတို့တွေက ဒီကနေ ထောက်ခံတယ်။ သူတို့ဘာလုပ်လုပ် သီရိတို့ ပံ့ပိုးကူညီပေးမှာပါ။ သီရိတို့ ဒီမှာ ပျော်ချင်တိုင်း ပျော်လို့ရတာတောင် သီရိတို့ မပျော်နိုင်ဘူး။ သီရိတို့ထောက်ပံ့ပေးချင်တယ်။ သူတို့ကို ထောက်ခံတယ် သူတို့ ဘာလုပ်လုပ်။ ဒီဘက်ကနေ မမေ့ပါဘူးလို့။ ပြီးတော့ သီရိပြောချင်တာက သွေးမအေးသွားပါနဲ့လို့။ ဒီဘက်မှာရှိနေပေမဲ့ သီရိတို့ကလည်း သွေးမအေးပါဘူး။ အဲ့ဒီတော့ အားမလေ ျှာ့ပါနဲ့။ အောင်မြင်မှာပါ။ ဒီဟာကြီးက တနေ့ကျလို့ရှိရင် အလင်းရောင် ရလာမှာပါလို့ သီရိယုံကြည်ပါတယ်။ ပြည်တွင်း ပြည်ပပေါ့နော် နှစ်ဘက် ပေါင်းပြီးတော့ တွဲဖက်ပြီး လုပ်ယူသွားမယ်ဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို ကျရှုံးမယ်လို့ သီရိ အပြည့်အ၀ ယုံကြည်ပါတယ်။”

ဟုတ်ကဲ့ပါ။ မသီရိဝေလွင် ကျေးဇူး အများကြီးတင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူးပါ။”

Your browser doesn’t support HTML5

CDM ဝန်ထမ်းတွေကို တနိုင်တပိုင်ကူနေတဲ့ အလင်းရောင်လူငယ်များ (အမျိုးသမီးကဏ္ဍ)

=============================



























