ဒုက္ခသည်အမျိုးသမီးတွေ ရုန်းကန်ရတဲ့ဘဝ

ကချင်ဒုက္ခသည်အမျိုးသမီးများ

ကမ္ဘာတဝှမ်း အမျိုးသမီးတွေဟာ သာမန် အခြေအနေမှာတောင် အမျိုးသမီးဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေရဲ့ ဒဏ်ကို ခံရလေ့ရှိသလို၊ သာမန်အခြေအနေထက်ကျော်လွန်တဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာ နေရာတွေမှာဆိုရင်တော့ မိသားစု အခက်အခဲတွေနဲ့အတူ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေရဲ့ဒဏ်ကို ပိုပြီး ခံစားရလေ့ရှိပါတယ်။ လူတွေ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေကို အမျိုးသမီးတွေ ပိုပြီးခံစားရလေ့ ရှိတာကြောင့် ဒီလိုအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး အမျိုးသမီးတွေကို ကူညီ ပံ့ပိုးတဲ့ အထူး အစီအစဉ်တွေ ရှိသင့်တယ်လို့ ကိုယ်တိုင်လည်း ဒုက္ခသည် အမျိုးသမီးဘဝကို ဖြတ်သန်းခဲ့ရပြီး၊ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေက ပြောပါတယ်။ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်တာမို့ အမျိုးသမီးဒုက္ခသည်တွေ ကြုံတွေ့ရတဲ့အခက်အခဲ၊ ရုန်းကန်ရတဲ့ဘ၀ အခြေအနေတွေနဲ့အတူ ဒီလိုအမျိုးသမီးတွေအတွက် ဘယ်လို အထောက်အပံ့ အကူအညီတွေ လိုအပ်နေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ကမ္ဘာတဝန်း လူပေါင်း ၇၁ သန်းနီးပါးဟာ အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ပြောပါတယ်။ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ ဒုက္ခသည်များနေ့ဖြစ်သလို၊ ကမ္ဘာတဝှမ်း ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အစီရင်ခံစာကို ဒီလ ၁၉ ရက်နေ့မှာပဲ UNHCR က ထုတ်ပြန်လိုက်တာပါ။ ဒီလို ဒုက္ခသည် သန်း ၇၀ ကျော်ထဲမှာ ၅၀ % လောက်ကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်း နိုင်ငံရေး အကျပ်အတည်းတွေ၊ စစ်ပွဲတွေကြောင် ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ အမျိုးသမီးဒုက္ခသည်တွေဟာ လိင်ပိုင်းဆိုင် အကြမ်းဖက်မှုတွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရသလို၊ ခွဲခြားဆက်ဆံမှုတွေနဲ့ တခြားသော စိတ်ပိုင်းရုပ်ပိုင်း ဖိအားတွေကို ခံစားရလေ့ရှိပါတယ်။ ဒုက္ခသည် အမျိုးသမီးတွေ ကြုံတွေ့ရတဲ့အခက်အခဲတချို့ကိုတော့ ကိုယ်တိုင်ဒုက္ခသည်ဘဝကို ဖြတ်သန်းခဲ့ပြီး လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှနိုင်ငံတွေက ဒုက္ခသည်အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနေတဲ့ Community Health for Asian Americans အဖွဲ့က မနွယ်ဦးက ပြောပါတယ်။

“စစ်ပြေးရှောင်ဒုက္ခသည်တွေရဲ့ ဘဝတွေကတော့ အများကြီးပါပဲ။ ပြောလို့မဆုံးတော့ဘူးပေါ့နော်။ ကျမတို့ မြန်မာပြည်ဆိုရင် ကမ္ဘောပေါ်မှာ ဒုက္ခသည်အများဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါ ပါတယ်။ ရခိုင်ပြည်ဆိုရင်လည်း အခု လောလောဆယ်ကြည့်လိုက်ပေါ့။ လူတွေ အတော်များများက ရာခိုင်နှုန်းအများစုက အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ အဖိုးအဖွားကြီးတွေက ဘ၀ အန္တရာယ်အမျိုးမျိုးကြောင့် ဒီကနေ့ ထွက်ပြေးနေကြ ရတယ်။ သူတို့မှာ အဓိက ဘာအခက်အခဲရှိသလဲဆိုတော့ စိတ်ပူပင်သောကတွေနဲ့ ထွက်ပြေးနေရတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပူပင်သောကမှုတွေရှိတယ်။ စစ်ပြေးရှောင်ဒုက္ခသည်တွေဆိုရင် အများသောအားဖြင့်က တိုင်းရင်းသား အမျိုးသမီးတွေ ဖြစ်တယ်။ ကလေးတွေဖြစ်တယ်။ သူတို့ကလေးတွေကလည်း ဒုက္ခသည်စခန်းတွေထဲမှာ မွေးဖွားလာတဲ့ ကလေးတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ဒီကလေးတွေ စားဝတ်နေရေး၊ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ အဆင်မပြေဘူး။ ပြီးရင် ဘဝရှင်သန်ရေးကတော့ အရမ်းကို စိုးရိမ်ရတယ်။ နေတိုင်း စိုးရိမ်ပူပန်နေရတယ်။ ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေမှာ ဒုက္ခသည် ထောက်ပံ့မှုက မှန်မှန်ကန်ကန်မရဘူး။ စားဝတ်နေရေးအတွက် မဖူလုံဘူး။ အလုပ်မရှိကြဘူး။ ဆိုတော့ သူတို့တွေက နေ့တိုင်းပဲ ဒီဟာကို စစ်ဘေးရှောင်ဘဝသာမဟုတ်ဘူး။ ဒုက္ခသည်စခန်းကို ရောက်လာတဲ့အခါမှာလည်း ဒီလိုအတွေ့အကြုံတွေ ကြုံနေပါတယ်။ နေ့တိုင်းပဲ စိုးရိမ်နေရတာပါ။”

ဒီလိုအခက်အခဲမျိုးစုံ ခံစားရတဲ့အထဲမှာမှ အဆိုးဆုံးကတော့ လူတွေမမြင်နိုင်တဲ့ စိတ်ဒဏ်ရာ ခံစားရတာဖြစ်တယ်လို့လည်း မနွယ်ဦးက ပြောပါတယ်။

“ဒုက္ခသည်တွေလည်းဖြစ်တယ်။ ဘဝကိုလည်း အကြမ်းအတမ်းခံရတယ်။ စစ်ပြေးဒဏ်တွေ ခံရတယ်။ မိသားစု အခက်အခဲတွေ၊ အကြမ်းဖက်မှုတွေမှာလည်း သူတို့ ရင်ဆိုင်ရတယ်။ ငွေကြေးအကျပ်အတည်း ရုန်းကန်ရတာတွေ အများကြီးရှိတာပေါ့နော်။ အဲ့ဒါကြောင့် သူတို့မှာ စိတ်ကျန်းမာရေးက အရမ်းကို trauma ဖြစ်တယ်။ စိတ်ဒဏ်ရာ ရတယ်။ စိတ်ကျန်းမာရေးအရ ဒဏ်ရာဖြစ်ရင် သူတို့ရဲ့ သားသမီးတွေမှာလည်း ရိုက်ခတ်မှုတွေ ရှိတာပေ့ါ။ ဆိုတော့ အဓိက အဲ့ဒီဟာကို လူတွေ မမြင်ကြဘူး။ စိတ်ကျန်းမာရေးအရ ဘယ်လောက်အထိ ထိခိုက်မှုရှိလဲ။ သူတို့သားသမီးတွေအတွက်ရော ဘယ်လောက်အထိ အခက်အခဲရှိလဲ ဆိုတာပေါ့။ ဘာကြောင့်လဲဆိုတော့ အများသောအားဖြင့်က single mother တွေ၊ စစ်ပြေးရှောင်တွေရဲ့ သားသမီးတွေက ဘာဖြစ်လာလဲဆိုတော့ စိတ်ဓါတ်ရေးရာ ကျဆုံးမှုတွေ ရှိတယ်။ အများသောအားဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီဟာကိုလည်း သတိထားဖို့လိုပါတယ်။ မြန်မာပြည်မှာဆိုရင် များသောအားဖြင့်နေရာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေဟာ စစ်ပြေးရှောင်ဘဝတွေ တွေ့ကြုံနေရတယ်။ အဲ့ဒါတွေက အရမ်းကို ခက်ခဲပါတယ်။”

ဒီလို အမျိုးသမီးတွေ ကြုံရတဲ့အခက်အခဲတွေကတော့ အများကြီးပေါ့။ စစ်ပွဲတွေကြောင့် ပြေးရတဲ့ဒဏ်တွေ၊ ပြီးသွားတဲ့အခါမှာလည်း နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ၊ ဘ၀ ပြန်ထူထောင်တဲ့အခါမှာလည်း ပိုပြီးတော့ ရုန်းကန်ရတာတွေရှိတယ်။ ဆိုတော့ ဒါကြောင့်မိုလို့ အမျိုးသမီးတွေအတွက် ကူညီစောင့်ရှောက်မှုတွေကို အထူးအလေးထားပြီး အာရုံစိုက်ဖို့လိုတယ်လို့ ထင်ပါသလား။ သူတို့ကို ကူညီစောင့်ရှောက်မှု အထူးအလေးပြုသင့်တာတွေ ဘာတွေရှိပါလဲ။

“အဓိက ကတော့ ကလေးတွေ၊ အမျိုးသမီးတွေမှာကျတော့ သူတို့ရဲ့ စိတ်ဓါတ်ရေးရာအရ သူတို့တွေကို အားပေးရမယ်။ သူတို့ကလေးတွေ မွေးတဲ့အချိန်မှာ ကလေးတွေကို စောင့်ရှောက်ရေးပေါ့နော်။ ဥပမာ - နို့မုန့်တွေ ဝယ်တာမျိုး၊ ကျန်းမာရေးအရ စောင့်ရှောက်မှုတွေ၊ ပြီးရင် သူတို့အတွက် capacity building စွမ်းရည်မြင့်တင်ဖို့အတွက် သူတို့ရဲ့ ပညာပိုင်းဆိုင်ရာ certificate လက်မှတ်တို့၊ သင်တန်းတို့ ပေးဖို့ လိုမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းတွေပေးပြီး certificate တွေ ရလာပြီးတဲ့နောက်ပိုင်းမှာ သူတို့အလုပ်တွေ ဝင်ငွေတွေ များလာမယ်။ အလုပ်တွေ ရှားပါးမှုတွေလည်း နည်းလာမယ်။ အဲ့ဒါဆိုရင် သူတို့မိသားစုကို သူတို့ ပိုပြီး ကူညီနိုင်တယ်။ မိသားစု စားဝတ်နေရေး ဖူလုံရေးအတွက် အရေးကြီးတယ်။ ပြီးရင် အဓိက အမျိုးသမီးတွေမှာ ဘာအခက်အခဲရှိလဲဆိုတော့ တော်တော်များများ အမျိုးသမီးတွေက အလုပ်ရှိရင်တောင်မှ အလုပ် အချိန်ပြည့် မလုပ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ကလေးထိန်းတဲ့ကူညီထောက်ပံ့မှု မရှိဘူး။ ဝိုင်းဝန်းကူညီတာတွေ သိပ်မရှိကြဘူး တချို့မိသားစုတွေမှာ။ ဥပမာ ကလေးပြုစုစောင့်ရှောက်တဲ့ ဌာနတွေလည်း ရှိသင့်တာပေါ့။ အဲ့ဒါမျိုးရှိမှ အဆင်ပြေပြေ အလုပ် လုပ်နိုင်မယ်။ ဝင်ငွေကောင်းကောင်း ရလာမယ်။ အဲ့ဒါဆိုရင် မိသားစုစားဝတ်နေရေး ဖူလုံရေးအတွက် အများကြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျမထင်တယ်။”

စစ်ပွဲတွေကနေ လွန်မြောက်ပြီး တတိယနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခွင့် ရတဲ့အခါမျိုးမျာလည်း အမျိုးသမီးဒုက္ခသည်တွေရဲ့ အခက်အခဲတွေကတော့ ရပ်တန့်မသွားပါဘူး။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ ရှင်သန်ခွင့်ရဖို့ ရုန်းကန်ရပြန်ပါတယ်။ ဒီလိုရုန်းကန်တဲ့ နေရာမှာလည်း အမျိုးသမီးဖြစ်နေတဲ့အတွက် အခက်အခဲတွေက ပိုပြီးများတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်ဘဝ၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ ဘဝတွေကို ဖြတ်သန်းခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ အခြေချနေထိုင်နေသူ မဖြိုးဖြိုးကြိုင်က ပြောပါတယ်။

“အမျိုးသမီးဖြစ်နေတဲ့အတွက် ဥပမာ - အလုပ်သွားလုပ်မယ်ဆိုလို့ရှိရင် ဒီနိုင်ငံမှာဆိုရင် ကားမောင်းဖို့လိုတယ်။ နေရာတိုင်းမှာတော့ ဟုတ်ချင်မှဟုတ်မယ်။ မြို့ကြီးတွေမှာဆိုရင်တော့ အများသုံးယာဉ်တွေနဲ့ သွားလာရေး ပိုကောင်းရင်ကောင်းမယ်။ ဒါပေမဲ့ တချို့ နယ်မြို့တွေမှာတော့ ကျမတို့က ကားမောင်းဖို့လိုတယ်။ ကျမတို့ မြန်မာပြည်ကလာတဲ့သူတွေက အဲ့ဒါတွေကအစ မတတ်ကြဘူးလေ။ ဆိုတော့ အမျိုးသားလည်း ကားမောင်းတတ်ဖို့လိုမယ်။ အမျိုးသမီးလည်း ကားမောင်းတတ်ဖို့လိုမယ်။ ဘယ်သူအရင်သင်မလဲ စဉ်းစားကြည့်။ အမျိုးသားပဲ အရင်သင်ကြတယ်။ ဘာလို့လဲဆို အမျိုးသမီးဖြစ်နေတဲ့အတွက် အိမ်မှာ ကလေးရှိတယ်။ အဲ့ဒါဆိုလို့ရှိရင် အမျိုးသမီးက ယောက်ျားအရင်သင်၊ ပြီးတော့မှ အမျိုးသမီးသင်ဆိုတဲ့ဟာမျိုးပေါ့။ အဲ့ဒါဆိုရင် သူက နောက်တဆင့် ကျန်သွားတယ်လေနော်။ အဲ့ဒါဆို အလုပ် လုပ်ရမှာ နောက်တဆင့် ကျန်သွားတယ်ဆိုလို့ရှိရင် အဓိက ဝင်ငွေရှာတဲ့သူက အမျိုးသားဖြစ်လာတယ်။ ဒါပေမဲ့ ဒီမှာ အမျိုးသမီးကလည်း ဒီမှာ ဝင်ငွေ ရှာကိုရှာရမယ်။ ယောက်ျားရော မိန်းမရော လုပ်မှလောက်မှာလေနော်။ ဆိုတဲ့အခါကျတော့ အမျိုးသမီးက သင်ရတယ်။ နောက်မှာပေါ့။ ဆိုတော့ ယောက်ျားကလည်း အလုပ်သွားတယ်။ အမျိုးသမီးကလည်း အလုပ်သွားတယ်။ ဒါပေမဲ့ အလုပ်ကနေ အိမ်ကို ပြန်လာတယ်ဆိုရင် အိမ်အလုပ်တွေကို ဘယ်သူက လုပ်မှာလဲ။ ဒီမှာက ကူနေတဲ့ယောကျ်ားတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ အိမ်ရှင်မတွေကပဲ ပြန်လာရင် အိမ်အလုပ်လုပ်။ ကလေးကိစ္စကိုလုပ်၊ အဲ့ဒီလိုဆိုတော့ ပင်ပန်းတာတော့ အမျိုးသမီးတွေက ပိုပင်ပန်းတယ်။ တာဝန်ယူရတာတွေကလည်း အမျိုးသမီးတွေက ပိုပြီးတော့ တာဝန်ယူရတာများတယ်။ ဒါပေမဲ့ ဝင်ငွေရလာပြီဆိုလို့ရှိရင် အဲ့ဒီဝင်ငွေအပေါ်မှာ ဘယ်လိုစီစဉ်ပြီးတော့ သုံးစွဲမလဲဆိုလို့ရှိရင် အဲ့ဒီနေရာမှာကျတော့ ကျမတို့က ပိုမများတော့ဘူး။ ယောကျာ်းတွေက ဆုံးဖြတ်တာ ပိုများတော့တယ်။ ဒါကတော့ မသုံးနဲ့ဦး။ မိဘတွေကို ပြန်ပို့မယ်ဆိုလို့ရှိရင်လည်း ကိုယ့်ဆုံးဖြတ်ချက်က နည်းသွားတယ်လေ။ သူတို့ဆုံဖြတ်ချက်က ပိုများတယ်။ ဒါကတော့ အများစုကြီးဖြစ်နေကြတဲ့ကိစ္စပေါ့နော်။ ပြီးတော့ ဘာသာစကားမတတ်လို့ အပြင်မှာ ဘာသာစကားသင်ဖို့ လိုတယ်ဆိုရင်လည်း ကားမမောင်းတတ်တဲ့ အမျိုးသမီးတွေက နောက်ကျနေရတယ်။ အဲ့ဒီလိုမျိုးလေ။ ဆိုတော့ အစစအရာရာ ကျမတို့အမျိုးသမီးတွေက နောက်မှာကျန်တယ်လေနော်။”

တတိယနိုင်ငံတွေမှာ အခြေချခွင့်ရတဲ့ ဒုက္ခသည်တွေကို သူတို့ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အဲ့ဒီနိုင်ငံတွေက ကူညီ ထောက်ပံ့ပေးတယ်၊ စောင့်ရှောက်ပေးတယ် ဆိုပေမဲ့လည်း ဒါတွေနဲ့တင် မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခတွေ၊ စစ်ပွဲတွေအတွင်း ရုပ်ပိုင်း စိတ်ပိုင်း ဒဏ်ရာမျိုးစုံ ခံစားရတဲ့ အမျိုးသမီးအတွက် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တဲ အစီအစဉ်တွေလည်း ရှိသင့်တယ်လို့ မနွယ်ဦးက ထောက်ပြပါတယ်။

“စိတ်ဒဏ်ရာတွေ ကုစားဖို့အတွက်ပေါ့နော်။ ဘာကြောင်လဲဆိုတော့ ကျနော်တို့ နိုင်ငံတကာမှာက တော်တော်များများက လူတွေကြည့်လိုက်လို့ရှိရင်၊ ဒုက္ခသည် စစ်ပြေးရှောင်တွေ စားဝတ်နေရေး အကူအညီလိုတာတွေကိုပဲ မြင်တယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခံစားမှုတွေကိုကျတော့ အလေးအနက်ထားပြီး အကူအညီပေးတဲ့အဖွဲ့တွေ၊ အစိုးရရော နိုင်ငံတကာ အဖွဲ့အစည်းရော စီစဉ်ထားတာတွေ သိပ်မရှိဘူး။ အဲ့ဒါကြောင့်ပဲ ကျနော်တို့ mental health စိတ်ကျန်းမာရေး အတွက် ကျနော်တို့ advocacy စည်းရုံးပြောဆိုနေတာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ အမေရိကားကိုရောက်လာတဲ့ ဒုက္ခသည်တွေ အများကြီးပါပဲ။ ရောက်လာကြတယ်။ တော်တော်များများ လူတွေကိုက အစိုးရအဖွဲ့အစည်းတွေရော၊ NGO တွေရော social service (လူမှုဖူလုံရေး) အကူအညီပေးတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ စိတ်ဒဏ်ရာတွေ ရှိခဲ့တယ်ဆိုတာက ဒီနိုင်ငံကို ရောက်လာတဲ့နောက်ပိုင်းမှာ သူတို့မှာ အခက်အခဲတွေကို ပိုပြီးတော့ Post Traumatic Stress Disorder (PTSD) ဆိုတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှု ကြုံရတာတွေ ရှိပါတယ်။ အဲ့ဒီမှာလည်း အခက်အခဲတခုက ဘာဖြစ်သလဲဆိုတော့ အာရှကလာတဲ့ ဒုက္ခသည်တွေ၊ တခြား နိုင်ငံတွေကလာတဲ့ ဒုက္ခသည်တွေက ဒီစိတ်ကျန်းမာရေးဟာ ကိုယ့်မှာဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို သူတို့က ယုံကြည်မှုတွေ မရှိတဲ့အတွက်ကြောင့် ဘာဖြစ်လာသလဲဆိုတော့ - ဥပမာဆိုရင် စိတ်ကျန်းမာရေးကို သူတို့က ပြောင်းပြန် မြင်တာတွေရှိတယ်။ စိတ်ကျန်းမာရေး ကုသတဲ့သူတွေနဲ့ တွေ့စရာမလိုဘူး။ ကျနော်တို့ အရူးမဟုတ်ဘူးဆိုတာမျိုး။ ဒါပေမဲ့ မဟုတ်ဘူး။ လူတိုင်းမှာ ခန္ဓာကျန်းမာရေးက မကောင်းသလို၊ စိတ်ဓါတ်အရလည်း ကျနော်တို့ မကျန်းမာတာတွေရှိကြတယ်။ အဲ့ဒီဟာတွေကို နေ့တိုင်းပဲ ကူညီပေးတဲ့သူတွေနဲ့ စိတ်ကျန်းမာရေးအရ ကောင်းကောင်း သူတို့အတွက် စနစ်တကျ ဆောင်ရွက်နိုင်တယ်ဆိုရင် ကျနော်တို့မှာ ကိုယ့်ကိုယ်ကို သတ်သေတာတွေ အများကြီးရှိနေတာတွေ၊ ဒုက္ခသည်တွေထဲမှာ အိမ်ထောင်ရေးပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သကြတဲ့သူတွေ အများကြီး ရှိကြတယ်။ အဲ့ဒါတွေက trauma စိတ်ဒဏ်ရာတွေ တခုပြီးတခု ဝင်နေတဲ့အတွက် ဘဝကို ဘယ်လိုလုပ်ရမှန်းမသိတော့ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ကြတဲ့ ဒုက္ခသည်တွေ အများကြီးရှိတယ် ဒီနိုင်ငံမှာ။ အဲ့ဒါကြောင့် စိတ်ကျန်းမာရေးအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ အများကြီးလိုပါတယ်။ ဒုက္ခသည်စခန်းတွေမှာရောက်တဲ့အချိန်မှာလည်း ငွေကြေးထောက်ပံ့တာ သက်သက်မဟုတ်ဘဲနဲ့ စားဝတ်နေရေးအတွက် အကူအညီပေးတာတခုတည်း မဟုတ်ဘဲနဲ့ စိတ်ကျန်းမာရေးအရ ကူညီဖို့အတွက်လည်း စိတ်ကျန်းမာရေး ပါရဂူတွေနဲ့ အတူတကွ လက်တွဲပြီးတော့မှ ဒီဒုက္ခသည်စခန်းတွေမှာလည်း အများကြီးလုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။”

ဒီလိုဒုက္ခသည်တွေ ကြုံရတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အခက်အခဲကို ဟန့်တားနိုင်ဖို့ ကူညီပံ့ပိုးမှုတွေ လိုအပ်နေတဲ့ တချိန်တည်းမှာပဲ၊ ဒီလိုဒုက္ခသည်တွေ အစကတည်းက ရှိမလာအောင်လုပ်ဖို့ကလည်း အရေးကြီးပါတယ်။ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေသာ မရှိရင် ဒုက္ခသည်တွေဆိုတာ ရှိလာမှာမဟုတ်သလို၊ ဒီကနေ့ အမျိုးသမီးသမီးဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေလည်း သူ့အလိုလို လျော့ပါးသွားနိုင်တာပါ။ ဒါကြောင့် စစ်ပွဲတွေ ရပ်တန့်ဖို့ အရေးကြီးတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်ရှင်။

Your browser doesn’t support HTML5

ဒုက္ခသည်အမျိုးသမီးတွေ ရုန်းကန်ရတဲ့ဘဝ