ဒုသမ္မတ ဦးဝင်းမြင့်အကြောင်း တစေ့တစောင်း

မတ်လ ၂၁ ရက်နေ့က သမ္မတဦးထင်ကျော် ရာထူးကနုတ်ထွက်တာနဲ့ တချိန်တည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့တဲ့ ဦးဝင်းမြင့်ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျင်းပတဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစုအဖွဲ့ အစည်း အဝေးကနေ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ မခွာညိုက ပြောပြမှာပါ။

လက်ရှိ ရွေးချယ်ထားတဲ့ ဒုတိယသမ္မတ သုံးဦးအနက် ဦးဝင်းမြင့်အနေနဲ့ သမ္မတဖြစ်လာနိုင်ခြေ အလားအလာနဲ့ပတ်သက်လို့ ဦးဝင်းမြင့်ကို နှစ်ပေါင်း ၄၀ နီးပါး သိလာခဲ့တဲ့ လပွတ္တာမဲဆန္ဒနယ်ကအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို ဗွီအိုအေက မေးမြန်းရာမှာ ဦးကြည်ဝင်းက ၁၉၈၀ ကနေ ၈၃ ဝန်းကျင်မှာ ရှေ့နေအဖြစ်နဲ့ စတင်သိရှိခဲ့ကြောင်း သူက အခုလို စပြောပါတယ်။

"ဓနုဖြူဘက်ကနေပြီးတော့ ချိန်ဘာလာဆင်းတယ်။ကျနော်က နာမည်မမှတ်မိဘူး နောက် ၁၉၉၀ ကျတော့ သူက ဓနုဖြူမဲဆန္ဒနယ်ကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ကိုယ်ကတော့ လပွတ္တာ ဘက်က ၁၉၉၃ မှာ အမျိုးသားညီလာခံတက်တော့မှ ဒီဘက်မှာ ချိန်ဘကဆင်းတာဆိုတာ အဲဒီတော့မှ သူ့ကိုသိတာ။

NLD ပါတီအတွက် ဆောင်ရွက်ချက်တွေ၊ ဦးဝင်းမြင့်ရဲ့ နိုင်ငံရေးပိုင်း အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဦးကြည်ဝင်းက အခုလို ပြောပြပါတယ်။

" NLD အဖွဲ့ချုပ်မှာဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘာပဲဖြစ်ဖြစ် လူကြီးတွေ လိုအပ်ရင် လိုအပ်သလို သူလုပ်ပေးနိုင်တယ်။ စည်းကမ်းဆိုတာ အဲဒါပေါ့နော် စုဆောင်းပေးတာပေါ့နော်။ သူအချက်အလက်တွေစုံစုံလင်လင် လုပ်ပေးတယ် အဲလိုမျိုးလေး လုပ်တယ်။ ရုံးလုပ်ငန်းတွေမှာလည်း မှတ်တမ်းတွေရေး ဒါတွေကျွမ်းကျင်တဲ့သဘောပါပဲ။

အားသာချက်က ပိုများပါတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတတ်ထိုင်တတ်အောင်လည်း ပြောသလို ၊ ဝန်ကြီးတွေလာရင်လည်း ဝန်ကြီးတွေက များသောအားဖြင့် ရှေးခေတ်ကလို အောက်က ရေးပေးတာတွေကို ပြောနေရင် သူက မကြိုက်ဘူးပေါ့နော် သေသေချာချာ တိတိကျကျ ပြောဖို့ ပွင့်ပွင့်လင်းလင်းရှိတယ် ၊ ပြတ်ပြတ်သားသားပြောတယ်။ သဘောကတော့ နိုင်ငံရေးဆန်တာပေါ့ ဆက်ဆံရေးမှာတော့ သူက ရင်းရင်းနှီးနှီးခင်ခင်မြင်မြင်နဲ့တော့ သိပ်မနေတတ်ဘူးပေါ့နော်။သီးသန့်နေတတ်တဲ့ သဘောရှိတယ်။

အားသာချက်ကတော့ နိုင်ငံရေးအရ အားသာချက်က ကောင်းပါတယ်။ ၂ နှစ်လောက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့အခါမှာ လွှတ်တော်အမတ်တွေနဲ့ရော ပါတီက လူတွေနဲ့ရော ရင်းရင်းနီးနီးခင်ခင်မင်မင်နဲ့ နေလာတယ်။ သူ့လုပ်ပိုင်ခွင့်ရှိတဲ့အချိန်ကျတော့ သူ့အရည်အချင်းက တဖြေးဖြေးပေါ်လာတယ် အရင်တုန်းကတော့ သူ့အရည်အချင်း ရှိမှန်းသိပ်မသိဘူးလေ အခုက ပေါ်လာတာပေါ့ ။ "

ဦးဝင်းမြင့်ကို သမ္မတအဖြစ် အရွေးခံရနိုင်ကြောင်း အများက ထင်ကြေးပေးနေကြပြီး တကယ်လို့ ဦးဝင်းမြင့် သမ္မတ ဖြစ်လာခဲ့ရင် ဘယ်လို သမ္မတမျိုး ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးကြည်ဝင်းက အခုလို ဖြေကြားခဲ့ပါတယ်။

"အထူးသဖြင့်တော့ သူက ဥပဒေသမားတယောက်ဖြစ်တဲ့အတွက် တရားရေး တရားစီရင်ရေးစနစ်တွေကို ကိုင်တွယ်စေချင်တယ်ပေါ့နော်။ အဂတိလိုက်စားမှုတွေကို ကိုင်တွယ်စေချင်တယ်။ နောက်ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ဟာတွေကို အောင်မြင်အောင် လုပ်ပေးစေချင်တယ်။ လုပ်လို့ရတယ်။ Federal ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်တွေ ကျနော်တို့ အိမ်မက်တွေက အခုအကောင်အထည်ဖော်လို့ရတုန်းပဲ ။ နိုငငံရေးလောကထဲမှာလည်း လုပ်နေတဲ့ လူတယောက်က သမ္မတဖြစ်လာပြီဆိုရင် သူ့ရည်မှန်းချက်ပန်းတိုင်က အောင်မြင်အောင်လုပ်မှာပဲ တိုင်းပြည်အတွက်ကို ကိုယ်ကျိုးမပါပဲ လုပ်မယ်လို့ ယုံကြည်တယ်။

တက်ကြွတဲ့ ထက်မြက်တဲ့ သမ္မတတယောက်ဖြစ်လာနိုင်ပါတယ်။ သူ့အစွမ်းအစတွေ လုပ်ရဲကိုင်ရဲတာတွေ တိုင်းပြည်ပေါ်မှာထားတဲ့ စေတနာတွေက နဂိုကတည်းက လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရှိတယ် နိုင်ငံရေးမှာလည်း နှစ်ပေါင်းများစွာလုပ်လာတဲ့အခါကျတော့ NLD ရဲ့ ရည်မှန်းချက်တွေနဲ့ ပြည်သူ့ထောက်ခံမှုနဲ့ ပူးပေါင်းပြီးတော့ ထက်မြတ်တဲ့ သမ္မတယောက်ဖြစ်လာနိုင်ပါတယ်။ တရားစီရင်ရေးရယ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေပေါ့နော် ဖယ်ဒရယ်ကိစ္စတွေမှာ ဦးဝင်းမြင့်က ဥပဒေနဲ့ ပတ်သက်လို့ရှိရင် လုပ်နိုင်ကိုင်နိုင်တယ်လို့ ယုံကြည်ပါတယ်။"

ဦးဝင်းမြင့်ကို ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြိုနယ် ညောင်ချောင်းကျေးရွာမှာ ၁၉၅၁ ခု၊ နိုဝင်ဘာလ ၈ ရက်မှာ မွေးဖွား ခဲ့ပါတယ်။ ဘူမိဗေဒ အထူးပြုဘာသာရပ်နဲ့ B.Sc ဘွဲ့အပြင် H.G.P. R.L ဥပဒေဘွဲ့ကို ထပ်မံရရှိခဲ့ပြီး တရား လွှတ်တော် ရှေ့နေအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၁၉၉၀ အမတ်အဖြစ်ကနေ ဒီကနေ့ လျှို့ဝှက်မဲစနစ်နဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရချိန်အထိ NLD ပါတီမှာ ဆက်တိုက် တာဝန်ထမ်းဆောင်လာသူဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒုသမ္မတ ဦးဝင်းမြင့်အကြောင်း တစေ့တစောင်း


Your browser doesn’t support HTML5

ဒုသမ္မတသစ် ဦးဝင်းမြင့်အကြောင်း တစေ့တစောင်း