"Right is Might, Might is not Right”
"အမှန်တရားက ခွန်အားပါ။ ခွန်အားကတော့ အမှန်တရားမဟုတ်ပါဘူး" တဲ့။ ဒီလိုပြောသူကတော့ မေ ၁၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward Party ရဲ့ခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အင်ဒိုနီးရှားမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ၊ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါနဲ့ ထိုင်းရွေးကောက်ပွဲသတင်းတွေဟာ လူအများစိတ်ဝင်စား အာရုံစိုက်ခဲ့ကြတဲ့ သတင်းတွေဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ တက်ရောက်ခွင့်မရတဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ဘယ်လိုရလဒ်၊ ဘယ်လိုဆုံးဖြတ်ချက်တွေများ ထွက်ပေါ်လာမလဲဆိုတာ စောင့်မျှော်ခဲ့ကြပါတယ်။ ထိပ်သီးအစည်းအဝေးပွဲအပြီးမှာ ရှည်လျားတဲ့ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကတော့ ဘာမှ သိပ်ထူးခြားမှု မရှိဘူးလို့ပဲ ဆိုရမှာပါ။ စစ်တွေအထက်နား ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူအသေအပျောက်နဲ့ အပျက်အစီးဟာလည်း နာဂစ်နဲ့ နှိုင်းစာရင်အတော်လေး စိတ်သက်သာစရာမို့ တော်သေးတယ်လို့ ဆိုရမှာပါ။ ထိုင်းရွေးကောက်ပွဲသတင်းကတော့ ကြိုတင်ခန့်မှန်းချက်တွေနဲ့ ခြားနားတဲ့ ရလဒ်တွေ ထွက်ပေါခဲ့တာတွေ့ရပါတယ်။
"ရှေ့သို့ချီ"လို့အမည်ရတဲ့ Move Forward Party ဟာ မေ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ရွေးကောက်မှာ အများစုအနိုင်ရရှိခဲ့ပြီး အမတ်နေရာ ၁၅၁ နေရာ ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ရေပန်းစားတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ Pheu Thai Party က အမတ်နေရာ ၁၄၂ နေရာနဲ့ ဒုတိယအများစု ရထားပါတယ်။ ၂၀၁၄ စစ်အာဏာသိမ်းခေါင်းဆောင်လည်းဖြစ်၊ လက်ရှိဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပရာရွတ်ချန်အိုချာ ဦးဆောင်တဲ့ ပါတီကတော့ အမတ်နေရာ ၃၆ နေရာသာရရှိခဲ့ပြီး ခွက်ခွက်လန်အောင် ရှူံးခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ထိုင်းဖွဲ့စည်းပုံအရဆိုရင်တော့ အစိုးရဖွဲ့နိုင်ပြီး ဝန်ကြီးချုပ်တာဝန်ယူနိုင်ဖို့ဆိုရင် အထက်အောက်လွှတ်တော်ပေါင်းအမတ်နေရာ ၃၇၆ နေရာလိုပါတယ်။ အထက်လွှတ်တော် နေရာ ၂၅၀ ဟာ ရွေးချယ်ခံမဟုတ်ဘဲ စစ်တပ်ကခန့်တဲ့နေရာ ၂၀၀ နဲ့ ဩဇာလွှမ်းသူတွေခန့်တဲ့ နေရာ ၅၀ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ကို ဆန့်ကျင်တဲ့ ပါတီကြီးနှစ်ခု Move Forward နဲ့ Pheu Thai (ပူရထိုင်း) ပေါင်းရင်တောင် အစိုးရအဖွဲ့ဖွဲ့နိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ Move Forward ပါတီကတော့ ကြိုးပမ်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်အုပ်စိုးမှုကိုဆန့်ကျင်တဲ့ လူငယ်ကြိုက် Move Forward ပါတီ အများစုအနိုင်ရခဲ့တာဟာ မထင်မှတ်ထားကြတဲ့ ထိုင်းနိုင်ငံရေးရဲ့အလှည့်အပြောင်းလို့ ဆိုရမှာပါ။
ရွေးကောက်ပွဲအနိုင်ရပါတီ Move Forward Party ရဲ့ခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ်ဟာ အသက် ၄၂ အရွယ်လူငယ်တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ ဟားဗတ်နဲ့ မက်ဆာချူးဆက်တက္ကသိုလ်ကြီးတွေက ဘွဲ့ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖီထာ လင်ဂျာရွန်ရတ်အကြောင်းကို ဧရာဝတီသတင်းဌာရဲ့ ဆောင်းပါးတစ်ပုဒ်မှာ "တနိုင်ငံလုံး တုန်လှုပ်သွားစေသောလုပ်ရပ်မှာ ဆန္ဒပြသူများက ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကိုတောင်းဆိုကာ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခြင်းမှ တားမြစ်သည့်အစဉ်အလာကို ချိုးဖျက်လိုက်ခြင်း ဖြစ်သည်” "မဲဆွယ်ပွဲများအတွင် လင်ဂျာရွန်ရတ်သည် ပြုပြင်ပြောင်းလဲသည့် ထိုင်းနိုင်ငံအမြင်ကို တင်ပြခဲ့သည်။ VOA Thai သတင်းဌာနနှင့် ပြောကြားရာတွင် သူက စစ်အာဏာသိမ်းမှု သံသရာလည်နေသော နိုင်ငံတစ်နိုင်ငံသည် နောက်ဆုံးတွင် နိဂုံးချုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် စစ်အရာရှိများ တာဝန်ထမ်းဆောင်မှုမှ အငြိမ်းစားယူပြီး ၇ နှစ်ကြာမှသာ နိုင်ငံရေးလောကသို့ ဝင်ရောက်ခွင့်ပေးမည့် အစီအစဉ်ကိုလည်း အဆိုပြုခဲ့သည်" လို့ ရေးသားထားပါတယ်။
Myanmar Now ကလည်း စစ်တပ်ကြီးစိုးမှုကိုဆန့်ကျင်ကြောင်းပြသလိုက်သော ထိုင်းရွေးကောက်ပွဲရလဒ် ဆိုတဲ့ ဆောင်းပါးမှာ "ထိုင်းပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသလို၊ ထိုင်းနိုင်ငံရေးကို စစ်တပ်က ကြိုးကိုင် ခြယ်လှယ်နေမှုကိုလည်း ဆန့်ကျင်ကြသည်။ ထို့ကြောင့် Palang Pracharath ပါတီနှင့် United Thai Nation ပါတီတို့ကို ထူထောင်ပြီး၊ အရပ်သားနိုင်ငံရေးခေါင်းဆောင်များအသွင် ဖန်တီးခဲ့ကြသော အာဏာသိမ်းစစ်ခေါင်းဆောင်များကို ထိုင်းပြည်သူများက ၎င်းတို့၏ဆန္ဒမဲများဖြင့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲကတစ်ဆင့် ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရှိခဲ့ရသည်” လို့ ရေးသားဖော်ပြတာ တွေ့ရပါတယ်။
Move Forward Party ကို ထိုင်းလူငယ်တွေနဲ့ ပညာတတ်အလွှာက အဓိကထောက်ခံအားပေးခဲ့တာတွေ့ရပြီး ထိုင်းပြည်သူလူထုအနေနဲ့ ထိုင်းနိုင်ငံရေးမှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးချယ်လှယ်နေတာကို အလိုမရှိဘူးဆိုတာ ရွေးကောက်ပွဲကတစ်ဆင့် ပြသလိုက်တာဖြစ်တယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။ဒါကြောင့် ရွေးကောက်ပွဲအဖြေကို ထိုင်းစစ်တပ်က လက်ခံနိုင်ပါ့မလား စိုးရိမ်ကြသူတွေလည်း ရှိပါတယ်။အတိတ်ကာလတွေမှာတော့ ထိုင်းစစ်ဗိုလ်ချုပ်တွေဟာ သူတို့အလိုမကျရင် အာဏာသိမ်းရင် သိမ်း၊ ဒါမှမဟုတ်ရင် တရားစွဲတဲ့နည်းလမ်းတွေသုံးပြီး အရပ်သားအစိုးရတွေကို ဖြုတ်ချလေ့ရှိတာတွေ့ပါတယ်။
ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ၁၉၃၂ နှစ်မှာ ဖျက်သိမ်းခဲ့ပြီး အခြေခံဥပဒေတစ်ခုပြဌာန်းကာ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ၁၉၃၂ ကနေ ဒီနေ့အထိ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၁၉ ကြိမ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ ဘာကြောင့် ထိုင်းနိုင်ငံဟာ ၃ ကြိမ်သာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု့အနည်းဆုံး၊အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်မသွားပဲ ဒေသတွင်းမှာ စီးပွါးရေးကောင်း တဲ့နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်နေရသလဲ။ ဒီမေးခွန်းကိုတော့ Burma News Network နဲ့တွေ့ဆုံခန်းမှာ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဦးအောင်သူငြိမ်းက “ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထက် စစ်တပ် အာဏာသိမ်းမှု ပိုများပေမဲ့ ထိုင်းစစ်တပ်ဟာ သူလိုချင်တဲ့ စစ်တပ်လုပ်ပိုင်ခွင့် အာဏာလောက်ပဲ ယူပြီး နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်မရှုပ်ဘူး။ မြန်မာစစ်တပ်ကတော့ အာဏာသိမ်းရင် အခြေခံဥပဒေ ပြဌာန်းတာ၊ ခေတ်ပြောင်းတော်လှန်ရေး ကြေညာတာ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသဖြင့် ရှိသမျှနေရာစုံ၊ အဆုံးအထိ နှိုက်လေ့ရှိတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရေး အပြောင်းအလဲဟာ မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာ မီဒီယာတွေမှာ ဖော်ပြကြတာလည်းတွေ့ရပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရတဲ့ Move Forward Party ဟာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီထောက်ပံ့ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းစဉ်ကလည်း ကန့်ကွက်စာပို့ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး မေ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း "လူသားချင်းစာနာတဲ့
အကူအညီပေးရေး ထိုင်း-မြန်မာ နယ်စပ်စင်္ကြံလမ်းကို ဆောင်ရွက်သွားမယ်။ မြန်မာ့အရေးအတွက် အမေရိကန်နိုင်ငံရဲ့ Burma Act အကောင်အထည်ဖော်နိုင်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းသွားမယ်”လို့ ဖီထာ လင်ဂျာရွန်ရတ်က ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒါဟာ မြန်မာ့အရေးအတွက် အထောက်အကူဖြစ်စေမယ့် ကောင်းမွန်တဲ့ သတင်းစကားတစ်ခုလို့ ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ လစ်ဘရယ်နဲ့တိုးတက်တဲ့ နိုင်ငံရေးအတွေးအမြင်ရှိတဲ့ပါတီတစ်ခု ပေါ်ထွန်းခဲ့ပါပြီ။ ရေရှည်မှာ သမိုင်းနဲ နိုင်ငံရေးကို ပုံဖော်ပေးနိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့အရွေ့ (Societal Shift) တစ်ခုအဖြစ်လည်း ပညာရှင်တွေကဆိုပါတယ်။ မြန်မာနိုင်ငံမှာရော အစဉ်အလာနိုင်ငံရေးကနေ ဖောက်ထွက်ပြီး နိုင်ငံရေးနဲ့ လူမှုရေးယုံကြည်ချက်တွေ ခေတ်နဲ့အညီ ပြောင်းလဲနိုင်မလားဆိုတာကတော့ မြန်မာလူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် တည်မှီနေမှာ ဖြစ်ကြောင်းပါ။
Your browser doesn’t support HTML5