အာရှနိုင်ငံတချို့မှာရောက်နေတဲ့ UNHCR အသိအမှတ်ပြု ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကို ဆက်လက် ထောက်ပံ့ရေးနဲ့ အကာအကွယ် ပေးရေး အစီအစဉ်တွေ ရပ်ပစ်ဖို့ စဉ်းစားနေပြီဖြစ်ကြောင်းနဲ့ အခြေအနေပေါ်မူတည်ပြီး မြန်မာနိုင်ငံထဲ ပြန်ပို့ဖို့ကိုပါ စဉ်းစားနေကြောင်း ကုလ သမဂ္ဂမဟာမင်းကြီးရုံး UNHCR က ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ၊ လက်ရှိမြန်မာနိုင်ငံတွင်း ဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည်အရေးကို နိုင်ငံတကာက ဆက်လက်အကာအကွယ်ပေးဖို့ UNHCR က မတ်လ(၁၄)ရက်နေ့က ပြောဆို လိုက်ပါတယ်။ အခုလို ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်လို့ UNHCR က စဉ်းစားပုံ ဘာကြောင့် ပြောင်းသွားရတာလဲလို့၊ အမေရိကန် အင်ဒီယားနားပြည်နယ်အခြေစိုက် BACI (Burmese American Community Institute) ရဲ့အမှုဆောင်ဒါရိုက်တာ ကိုဆလိုင်းအီလိုင်ဇာဗာနီး ကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ သူကအခုလို စတင်ဖြေကြားပါတယ်။
ကိုဆလိုင်းအီလိုင်ဇာဗာနီး ။ ။ ဟုတ်ကဲ့ ပထမအနေနဲ့ ဒီဟာ သတင်းကောင်းလို့ ကျနော်ပြောလို့ရပါတယ်။ UNHCR ကနေပြီးတော့မှ ဇွန် ၂၀၁၈ မှာ ချင်းဒုက္ခသည်တွေကို အထောက်အပံ့မပေးတော့ဘူးလို့ သူတို့ပြောထားတာရှိပါတယ်။ စာနဲ့လည်းထုတ်ထားတာရှိတယ်။ အဲဒါကျနော်တို့က မဟုတ်သေးဘူး လိုအပ်သေးတယ်။ ဆိုပြီးတော့မှ သူတို့ပြန်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပြန်သွားနိုင်ဖို့အတွက်က Voluntarily dignify မက်ဆေ့ပေါ့လေ လုံခြုံရမယ်၊ ကိုယ့်သဘောနဲ့ ကိုယ်လည်းဖြစ်ရမယ်။ ပြီးတော့မှ ပြန်သွားတဲ့အချိန်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ ဒါတွေရှိမှသာလျင် သူတို့က ပြန်လို့ရတယ်ဆိုပြီးတော့ ပြန်ပြောတယ်။ ဆိုတော့ အကြိမ်ကြိမ် ကျနော်တို့ meeting တွေလည်းထိုင်တယ်။ ပြန်လုပ်ပြီးတဲ့နောက်ပိုင်းမှာ မတ်လ ၁၄ ရက်နေ့မှာ သူတို့က ချင်းဒုက္ခသည်တွေ အထောက်အကူလိုသေးတယ်၊ သူတို့ အာမခံချက် လိုသေးတယ် ဆိုပြီးတော့ သူတို့ စာပြန်ထုတ်ထားတာဖြစ်တယ် ဆိုတော့ ဝမ်းသာစရာလည်းကောင်းတယ်။ သို့သော်လည်း ကျနော်တို့က Protection ပေးတာတင်မကပဲနဲ့ နောက်ဆက်တွဲ ကျနော်တို့ ဘာလုပ်မလဲ သူတို့အတွက် USA အပါအဝင် Resettlement ပေါ့လေ အဲဒါလည်း ဆက်လက်ဖြစ်နိုင်ဖို့အတွက်လိုတယ်။ မလေးရှားမှာ နေတဲ့လူတွေအတွက် အဖြေကောင်းကောင်းရနိုင်ဖို့အတွက် ဆောင်ရွက်ဖို့လိုတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဒီနေရာမှာ မေးချင်တာက ချင်းတိုင်းရင်းသားတွေက ဒုက္ခသည်အဖြစ်ဆိုပြီးတော့ နိုင်ငံခြားကို ထွက်လာကြတာရှိတယ်လေ။ အဲဒီတော့ ချင်းပြည်နယ်မှာ ပြန်ကြည့်ရင် CNF လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်နဲ့ က တိုက်ပွဲတွေဖြစ်နေတာလည်း မရှိဘူး ၊ ဒါပေမယ့် ဘယ်လိုအခြေအနေက ဒုက္ခသည်အဖြစ် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတာလဲ အခုလက်ရှိမှာ။
ကိုဆလိုင်းအီလိုင်ဇာဗာနီး ။ ။ ဟုတ်ကဲ့ အဓိကအကျဆုံးက ကျနော်တို့ ထွက်ပြေးလာတဲ့ အချက်အလက်တွေက တိုင်းရင်းသားလူနည်းစု ဖြစ်တာ ချင်းဖြစ်တယ်ပေါ့နော် ၊ ဒုတိယက ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။ ပြီးတော့ တတိယက နိုင်ငံရေးအရေ သူတို့ဟာသူတို့ အုပ်ချုပ်ပိုင်ခွင့်မရှိသေးဘူး self determination ပေါ့လေ။ ဆိုတော့ အဲဒီ ၃ ခု ကနေထွက်လာတာဖြစ်တယ်။ ဆိုတော့ အဲဒီ ၃ ခု ပြည့်စုံပြီလားလို့ ကျနော်တို့ ကြည့်မယ်ဆိုရင် အဲဒါတွေ မရှိသေးဘူး။ မရှိရခြင်းအရင်းအမြစ်ကလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတယ်။ ဆိုတော့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်မခြင်း ပြန်သွားလို့မရသေးဘူးလို့ ဆိုလိုရပါတယ်။ ဆိုတော့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ AA ပေါ့လေ ရခိုင်စစ်သားတွေနဲ့ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ပလက်ဝမြို့နယ်မှာဆိုရင် ဒီတိုက်ပွဲတွေ ဖြစ်တဲ့အတွက် ထောင်နဲ့ချီပြီးတော့မှ IDP ဒုက္ခသည်တွေ ကျနော်တို့တွေ့ရတယ်။ ဆိုတော့ ဒါတွေက လက်တလောဖြစ်တယ်။ ဒါကဘာကို ပြတာလဲဆိုရင် ဒီနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို စနစ်တကျ ပြင်ဆင်တာမကပဲနဲ့ ကျနော်တို့ သုံးလည်း သုံးရမယ်။ အဲဒါမဖြစ်မချင်း မနက်ဖြန်မှာ တခုခုဖြစ်နိုင်တယ်ဆိုတာကို ပြတာဖြစ်တယ် ဆိုတော့အဲဒါကို ကြည့်ပြီးမှ ကျနော်တို့ ပြန်လို့မရသေးဘူးလို့ ပြောတာဖြစ်တယ်။
ကိုဉာဏ်ဝင်းအောင်။ ။အမေရိကန်မှာရှိတဲ့ BACI ပေါ့နော် မြန်မာအမေရိကန် လူမှုအသိုင်းအဝိုင်းအသင်းတွေအနေနဲ့ကရော မြန်မာပြည်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဘာတွေကူညီနေတာရှိပါသလဲ။
ကိုဆလိုင်းအီလိုင်ဇာဗာနီး ။ ။ပထမဦးဆုံးတော့ နိုင်ငံတကာရယ် ပြီးတော့ အမေရိကန်နိုင်ငံရယ် ဒီအခြေအနေတွေ အတိအကျအမှန်အကန်ကို သိပြီးတော့မှ အကောင်းဆုံး ပေါ်လစီနဲ့၊ အကောာင်းဆုံး ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျနော်တို့ အကြိမ်ကြိမ် meeting တွေလည်းထိုင်တယ်။ ဒီ Solution မှာ ၃ ခုရှိတယ်။ တခုက Resettlement ပေါ့လေ တတိယနိုင်ငံတွေမှာ Resettlement လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ မြန်မာက လာတဲ့ community တွေအောင်မြင်ရင် အောင်မြင်တဲ့အကြောင်းကိုလည်း ကျနော်တို့က ဆက်လက်ပြီးပံ့ပိုးပေးတယ်။ ဆိုတော့ ကျနော်တို့ ပါဝင်တာက comprehensive လို့ ဆိုလို့ရမယ်လို့ ထင်ပါတယ်။
ချင်းတိုင်းရင်းသား ဒုက္ခသည်တွေဟာ မလေးရှား၊ ထိုင်း၊ အိန္ဒိယနဲ့ နီပေါ နိုင်ငံတွေမှာ ၂ သောင်း ၆ ထောင်လောက်ရှိပြီး၊ အမေရိကန် ပြည်ထောင်စုမှ အခြေချခွင့်ရသူတွေက ၃ သောင်းဝန်းကျင်လောက်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Your browser doesn’t support HTML5