{{Zawgyi/Unicode}}
ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေအတွက် နောက်ထပ် အားဖြည့်ဆေးထိုးပေးဖို့ လို၊ မလိုဆိုတာနဲ့ ပတ်သက်လို့ အချက်အလက် ပြည့်ပြည့်စုံစုံ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။ ဆေးထိုးထားပြီးသားသူတွေကို ထပ်ထိုးပေးမယ့်အစား ကမ္ဘာပေါ်က မထိုးရသေးတဲ့သူတွေ ထိုးခွင့်ရအောင် ဦးစားပေးဖို့ တိုက်တွန်းနေတဲ့ WHO က နောက်ထပ် ကာကွယ်ဆေး ထိုးမယ့်အစီအစဉ်ကို ဆိုင်းထားဖို့လည်း တိုက်တွန်းနေတာပါ။
“နောက်ထပ် အားဖြည့်ဆေး ထပ်ထိုးပေးလို့ အကျိုးရှိမရှိဆိုတာ တိတိကျကျ မသိရသေးသလို၊ စိတ်ချရသလား ဆိုတာလည်း မသိရသေးပါဘူး။ အရင်ကတည်းကလည်း ဒီကိစ္စကို ပြောခဲ့ဖူးပါတယ်။” လို့ WHO အတွင်းရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ဌာနချုပ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးတကြိမ်မှာ မထိုးနိုင်သေးတဲ့ အချိန်မှာ ချမ်းသာတဲ့နိုင်ငံတွေကတော့ နောက်ထပ် အားဖြည့် ဆေးတွေထိုးဖို့ စီစဉ်နေတာဟာ ကျင့်ဝတ်အရ မလုပ်သင့်ဘူးလို့လည်း ပြောပါတယ်။ နောက်ထပ် ဆေးထပ်ထိုးပေးတာဟာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို လွန်မြောက်ဖို့ ကြိုးစားရမှာ အထောက်အကူ အနည်းအကျဉ်းလောက်သာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသားတဲ့နိုင်ငံတွေအကြား ကာကွယ်ဆေးထိုးပေးနိုင်တာ မညီမမျှ ဖြစ်နေတာတွေကို ဖြေရှင်းနိုင်တဲ့ အချိန်အထိ အားဖြည့်ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ်တွေကို ဆိုင်းထားဖို့လည်း WHO အရာရှိတွေက ဒီလဆန်းပိုင်းက တိုက်တွန်းထားပါတယ်။
............................................
Your browser doesn’t support HTML5
{{Unicode}}