[[Zawgyi/Unicode]]
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင် ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရဝန်ကြီး သုံးဦးတို့ တရားစွဲခံထားရတဲ့အမှုကို တလကြာရပ်နားထားရာက ဒီနေ့ ပြန်လည်ကြားနာပါတယ်။ Sean Turnell အပေါ် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားစွဲထားတဲ့အမှုကိုလည်း ဒီနေ့ပြန်လည်ကြားနာပါတယ်။ နေပြည်တော် အထူးတရားရုံးက ဒီကနေ့ ကြားနာပွဲတွေနဲ့ပတ်သက်ပြီး မအိသန့်စင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ တွေ့တာကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားတယ်လို့ဆိုပြီး သူတို့နှစ်ယောက်အပြင် NLD အစိုးရ လက်ထက် စီမံဘဏ္ဍာဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကိ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲထားတာပါ။
အမှုတွဲထဲက ဦးစိုးဝင်းနဲ့ ဦးကျော်ဝင်းတို့ရဲ့ကျန်းမာရေးအခြေအနေအပြင် အမှုလိုက် ရှေ့နေတချို့ နေထိုင်မကောင်းဖြစ်တာကြောင့် ဒီအမှုကို ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက မကြားနာဖြစ်ခဲ့ဘဲ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာမှ ပြန်ပြီးတော့ စတင် ကြားနာပါတယ်။
နေပြည်တော် အထူးသီးသန့်တရားရုံးမှာလုပ်တဲ့ ကြားနာပွဲမှာ မှုခင်းတပ်ဖွဲ့ နည်းပညာဌာနက နည်းပညာကျွမ်းကျင်သူ အရာရှိတယောက် လာရောက်ထွက်ဆိုတယ် လို့ စုံစမ်းသိရှိရပါတယ်။ စီးပွားရေးအကြံပေး Sean Turnell ရဲ့ Electronic ပစ္စည်း တွေမှာ တွေ့ရှိတဲ့ အချက်အလက်တွေကို တရားလိုသက်သေအဖြစ် လာရောက်ထွက်ဆိုသလို သက်သေခံ စာရွက်စာတမ်းတချို့ တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက် အပြန်အလှန်မေးခွန်းထုတ်တာတွေ မပြီးပြတ်တာမို့ နောက်တပတ်ရုံးချိန်းမှာလည်း ဆက်လုပ်ဖို့ရှိနေပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေတွေကို အမှုအကြောင်း သတင်းမီဒီယာတွေကိုမပြောဖို့ စစ်ကောင်စီက တားမြစ်ထားတာမို့ တရားခွင်ကြားနာမှု အသေးစိတ်ကိုတော့ မသိရပါဘူး။
ကင်ဆာရောဂါကြောင့် အစာအိမ်အရေးပေါ်ခွဲစိတ်မှု ခံယူထားရတဲ့ ဦးစိုးဝင်းကတော့ ဒီနေ့ကြားနာပွဲကို တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ ဦးစိုးဝင်းရဲ့ကျန်းမာရေးကြောင့် စစ်ကောင်စီက အာမခံနဲ့ အချုပ်ကနေ လွှတ်ထားပေမယ့် ဆေးရုံမှာ ဆေးကုသမှု ဆက်ပြီးခံယူနေရပါတယ်။ သူ့အနေနဲ့ တရားရုံးတက်ရောက်နိုင်တဲ့ အခြေအနေဘူးလို့ တရားရုံးကို တင်ပြထားတာကြောင့် သူ့ရှေ့နေပဲ တရားခွင်ကိုလာပါတယ်။
NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးတဦးဖြစ်တဲ့ ဦးကျော်ဝင်းလည်း ဆေးရုံတက်ခွဲစိတ်ကုသမှု ခံယူထားရပါတယ်။ သူ့ကျန်းမာရေး အပြည့်အဝမကောင်းသေးပေမယ့် ဒီကနေ့ကြားနာပွဲကို လာရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Sean Turnell နဲ့ ဦးဆက်အောင်တို့ကတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ စုံစမ်းသိရှိရပါတယ်။
သြစတြေးလျနိုင်ငံသား Sean Turnell တဦးတည်းအပေါ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနဲ့ တရားစွဲထားတဲ့အမှုကိုလည်း ဒီနေ့ စစ်ဆေးပါတယ်။ အဲဒီအမှုမှာလည်း တရားလိုပြသက်သေကို စစ်ဆေးခဲ့တယ်လို့ သိရပေမဲ့ အသေးစိတ်တော့ မသိရပါဘူး။ နောက်တခေါက်ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ မတ်လ ၃ ရက်နေ့ကို ရုံးချိန်းပေးထားပါတယ်။
အထူးတရားရုံးကို နိုင်ငံခြားသံတမန်တွေကို ဝင်ခွင့်မပြုဘူးလို့ စစ်ကောင်စီက ပြောထားတာမို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးက သံအရာရှိတွေ တရားခွင်ကို လာရောက်နိုင်ခြင်းမရှိပါဘူး။ ဒါ့အပြင် နေပြည်တော်မှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ ကြပ်မတ်ထားတဲ့အတွက် သြစတြေးလျ သံအရာရှိတွေအနေနဲ့ လာရောက်နိုင်ဖို့ ခက်ခဲတယ်လို့ နီးစပ်တဲ့ ရှေ့နေတွေက ပြောပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ကြားနာတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုင်ရာ စွဲချက်အပြင် အဂတိလိုက်စားမှု ၁၀ မှု၊ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲခံထားရတဲ့အမှုတွေနဲ့ တရားရင်ဆိုင် နေရပါတယ်။ အစောပိုင်းက တရားစွဲခံရတဲ့ အမှုတွေထဲက ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ် ချမှတ်ခံထားရပါတယ်။
Your browser doesn’t support HTML5
================
[[Unicode]]
================