{{Zawgyi/Unicode}}
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ကို ချိုးဖောက်တယ် ဆိုတဲ့အမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကတဦးဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ ရှေ့နေကတဆင့် တရားရုံးကိုတင်ပြထားတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဦးဝင်းထိန်က သက်သေထွက်ဆိုမယ့် တင်ပြချက်အပေါ် တရားရုံးက လက်ခံ လက်မခံဆိုတာနဲ့ ဘယ်တော့စစ်ဆေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်ကနေ ထောင်ပြောင်းမယ့် အစီအစဉ်ရှိပေမဲ့ ခုချိန်ထိတော့ သူ့ကို ထောင်မပြောင်းသေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ တရားရုံးကလက်ခံလို့ မပြောင်းသေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပေမယ့် ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြီး သတင်းဌာနတွေကိုမပြောဖို့စစ်ကောင်စီဘက်က တားမြစ်ထားတာကြောင့်လည်း အသေးစိတ်တွေကို မေးမြန်းခွင့်မရပါဘူး။
နေပြည်တော် အထူးတရားရုံးမှာတော့ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ သောကြာနေ့တိုင်း စစ်ဆေးနေကျ ဒေါ်အောင်ဆန်းစုကြည်ပေါ် အဂတိလိုက်စားမှုစွဲချက်တွကို ဆက်ပြီးစစ်ဆေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဂတိလိုက်စားမှုတမှုအတွက် စစ်ကောင်စီဘက်က သက်သေအဖြစ် ထွက်ဆိုဖို့ခေါ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ကတော့ ဒီနေ့လည်း တရားရုံးကို လာရောက်ထွက်ဆိုခဲ့ခြင်း မရှိပါဘူး။ တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဒေါ်ခင်မိမိကြွယ်ရောက်မလာတာ ဒါဟာ တတိယအကြိမ်ဖြစ်ပါတယ်။
ဒီနေ့အတွက် အမှု ၄ မှုမှာ ၂ မှုအတွက်ကိုပဲ တရားရုံးမှာ ကြားနာစစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီနေ့တရားခွင်မှာ ပူးတွဲ ၂ မှု အတွက် နေပြည်တော် စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို ရှေ့နေတွေ အဓိက မေးခွန်းထုတ်ခဲ့ကြတယ်လို့ နေပြည်တော်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှု အပါအဝင်အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရပြီး ဒီထဲက အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပြီးဖြစ်ပါတယ်။
Your browser doesn’t support HTML5
***************
{{Unicode}}
***************