အာဆီယံ ဘာလဲ၊ဘယ်လဲဆိုတဲ့ မေးခွန်းတွေ ပိုပြီးကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ အထူးသဖြင့် အာဆီယံဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပေါ် အားမလို၊အားမရ ဖြစ်ကြတာပါ။ ဒါကြောင့်လည်း မြန်မာပြည်သူတွေကြားမှာ အာဆီယံဟာ စက္ကူကျားပါကွာ။င်္သကြန်အမြောက်ပါကွာလို့ ပြောဆို ဝေဖန်နေကြတာပါ။ ပြောလည်း ပြောစရာပါပဲ။
မြန်မာနိုင်ငံမှာ ၂၀၂၁၊ ဖေဖော်ဝါရီ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတယ်။ အဲဒီလို အာဏာသိမ်းတဲ့အတွက် ၂၀၂၁၊ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ပါတယ်။ အဲဒီအစည်းအဝေးကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး မြန်မာ့အရေးဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံသဘောတူခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ၂ နှစ်ကျော်ကြာတဲ့အထိ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာ အကောင်အထည်ဖော်တာ မတွေ့ရပါဘူး။ အနိမ့်ဆုံးအဆင့် ဘုံသဘောတူညီချက် ၅ ချက်ထဲမှာပါဝင်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိုတောင် ပီပြင်အောင် လုပ်ဆောင်တာ မတွေ့ရပါဘူး။
အာဆီယံ ဒီလိုဖြစ်နေတာ သိပ်တော့လည်း မထူးဆန်းဘူးလို့ပဲဆိုရမှာပါ။ ဘာကြောင့်လည်းဆိုတော့ အာဆီယံဟာ သူ့ရဲ့ အတိတ်သမိုင်းကြောင်းအရ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်မစွက်ရေးဆိုတဲ့ မူ ပေါ်မှာ အခြေခံထားလို့ပါ။ ဒါ့အပြင် ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း အဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူရေး Consensus ပေါ်မှာအခြေခံထားပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတစ်ခုခုက သဘောမတူရင် ဆုံးဖြတ်ချက်ချလို့ မရတဲ့ အနေအထားမျိုးပါ။ အာဆီယံ စတင်တည်ထောင်စဉ်က ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်က မကြာခဏ အာဏာသိမ်းပေမဲ့ အာဆီယံဟာ ဘာမှ အရေးယူ ဖြေရှင်းပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါ့အပြင် အာဆီယံထဲမှာ ဗီယက်နမ်၊လာအိုလို ကွန်မြူနစ်နိုင်ငံတွေပါဝင်သလို ကမ္ဘောဒီးယားလို အာဏာရှင်တပိုင်းနိုင်ငံမျိုးလည်း ပါဝင်နေပါတယ်။ အာဆီယံဟာ တည်ထောင်ခဲ့တာသက်တမ်း ၅၆ နှစ်ရှိခဲ့ပြီဆိုပေမဲ့ ၂၀၀၈ ခုနှစ်ကျမှသာ အာဆီယံပဋိဉာဉ်ရယ်လို့ တိတိကျကျ ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လတ်တလောမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံထဲမှာ တက်တက်ကြွကြွရှိလာတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေရှိလာတာဟာ ထူးခြားမှု၊ တိုးတက်မှုလို့ပဲ ဆိုရမှာပါ။
အခုလို အာဆီယံအဖွဲ့ကြီးအပေါ် အားမလို၊အားမရဖြစ်နေချိန်မှာ ဒေသတွင်းမှာ လှုပ်ခတ်သွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ အရှေ့တီမော ဝန်ကြီးချုပ်ဂတ်စ်မာအိုက မြန်မာနိုင်ငံ အကျပ်အတည်းကို အာဆီယံအနေနဲ့ ပြေလည်အောင် မဖြေရှင်းနိုင်သေးရင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှာ ပါဝင်ရေး ရည်မှန်းချက်ကို ပြန်စဉ်းစားမယ်လို့ Jakarta Post ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ဩဂုတ်လ ၉ ရက်နေ့မှာ ဖော်ပြခဲ့တာတွေ့ရတယ်။
အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ကောင်စီဆီကနေ လက်ခံယုံကြည်နိုင်လောက်တဲ့ ဖြေရှင်းမှုမရသေးသ၍ တီမောအနေနဲ့ အာဆီယံကိုဝင်ရောက်မှာ မဟုတ်ဘူးလို့ တီမောဝန်ကြီးချုပ် ဂတ်စ်မာအိုက ပြောတဲ့အကြောင်း သတင်းကို Redasaun VIP TV ကလည်း ဩဂုတ်လ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ တီမောဝန်ကြီးချုပ်က အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို လုပ်သင့်၊လုပ်ထိုက်တာတွေ၊ လက်ခံယုံကြည်နိုင်လောက်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ဘဲနဲ့တော့ အရှေ့တီမောအနေနဲ့ အာဆီယံအပေါ်မှာ ယုံကြည်မှုမရှိဘူးဆိုတာ တီမောဝန်ကြီးချုပ်အနေနဲ့ ပြောချင်ပါတယ်။ တီမောရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုလည်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
တီမောဟာ အပြောသက်သက် မဟုတ်ပါဘူး။ လက်တွေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့ကို ဇူလိုင် ၂ ရက်နေ့ကပြုလုပ်တဲ့ အရှေ့တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဒေသတွင်းမှာ အရှေ့တီမောဟာ ချန်ပီယံနိုင်ငံလို့ ဆိုရမှာ။ အခုလို အရှေ့တီမောရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ NUG အတွက်တော့ အားတက်စရာပါ။ ထူးခြားတဲ့ တိုးတက်ဖြစ်ပေါ်မှုလို့လည်း ဆိုနိုင်ပါတယ်။ အာဆီယံအတွက်ကတော့ အရှိုက်အထိုးခံရတဲ့ အဖြစ်မျိုးပါ။
အရှေ့တီမောရဲ့ ရပ်တည်ချက်ဟာ NUG အတွက်တော့ အောင်မြင်မှုပေါ့ဗျာ။ မြန်မာ့အရေးအတွက် ဒေသတွင်းမှာ ချန်ပီယံနိုင်ငံပေါ်လာတာပေါ့။ ဒါပေမဲ့ တီမောက အာဆီယံအဖွဲ့ဝင် တင်းပြည့် မဖြစ်သေးဘူး။ ၂၀၂၅ လောက်မှာ အဖွဲ့ဝင်ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ တီမောသမ္မတ ဟိုဆေးရာမို့ဟော်တာက ပြောတယ်။ ဒီတော့ NUG အနေနဲ့ တီမောလိုပဲ မြန်မာနဲ့ပတ်သက်ရင် နောက်ထပ်ချန်ပီယံနိုင်ငံတွေ ပေါ်လာအောင် ဆက်လုပ်နိုင်ရင် ကောင်းတာပေါ့ဗျာ။ အင်ဒိုတို့၊မလေးတို့ပါ တီမောလိုမျိုး လုပ်လာကြမယ်၊ ရပ်တည်လာကြမယ်ဆိုဆိုရင် အာဆီယံတွင်းမှာလည်းပြောင်းလဲလာနိုင်သလို ကျွန်တော်တို့နိုင်ငံအတွက်လည်း အကျိုးရှိလာနိုင်တာပေါ့။ ဒါကြောင့် ဘုံသဘောတူညီချက်ကို အားမရဘူးဆိုတာထက် ဘာဖြစ်စေချင်တာလဲပေါ့။ NUG အနေနဲ့ ခုထက်အားစိုက်ပြီးတော့ Proactive ဖြစ်တဲ့ မူဝါဒတွေနဲ့ အာဆီယံကို ချဉ်းကပ်နိုင်ရင် အောင်မြင်မှုတွေရလာမယ်လို့ မြင်တဲ့အကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒေသတွင်းမှာ မြန်မာ့အရေး ထူးခြားချက် နောက်တစ်ခုကတော့ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း- မြန်မာ နယ်စပ်မှာ လူသားချင်း စာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး ထိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့သတင်းပါ။ အောက်လွတ်တော်အမတ် ကန်နာဗီ ဆစ်ဘ်ဆန်( Kannavee Suebsaeng ) က ထိုင်းလွှတ်တော်မှာ ဩဂုတ် ၁၀ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကန်နာဗီ ဆစ်ဘ်ဆန်ဟာ Fair Party ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး သူ့ပါတီဟာ ပြီးခဲ့တဲ့ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ Move Forward Party နဲ့ မဟာမိတ်ပါတီလည်းဖြစ်ပါတယ်။ စစ်ဘေးရှောင် ဒုက္ခသယ်တွေကို အကူအညီပေးနိုင်ရေးဟာ အရေးတကြီးလိုအပ်နေတာပါ။ပြည်တွင်းကနေ ပုံမှန်လမ်းကြောင်းတွေအတိုင်း စစ်ဘေးရှောင်တွေဆီ ပို့နိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကတစ်ဆင့် မြန်မာနိုင်ငံတွင်းကို နယ်စပ်ဖြတ်ကျော်ပေးပို့နိုင်ရေးဟာ အရေးပါလှပါတယ်။
အမှန်တကယ်လက်တွေ့မှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမယ်ဆိုရင် အာဆီယံတစ်ဖွဲ့
တည်းနဲ့ လုံလောက်မှု မရှိပါဘူး။ဒေသတွင်းမှာ စီးပွါးရေးအရ၊နိုင်ငံရေးအရ ဩဇာကြီးတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ပါဝင်ရေးဟာလည်း အရေးကြီးပါတယ်။ဒါကြောင့် ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့ နိုင်ငံတကာ အစီအစဉ်တစ်ရပ် လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြတာပါ။ ဒီလို အခြေအနေတွေ ဖြစ်ထွန်းလာဖို့ဆိုရင်တော့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ အခုထက် ပိုပြီးလက်တွဲ
ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။