အမေရိကန်နိုင်ငံသား ၉၀ % လောက်က ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်ဟာ ဘယ်လိုပုံစံရှိမယ်လို့ ဒီအမေရိကန်တွေ ထင်ကြသလဲ ဆိုတာကို လေ့လာမှုတရပ် သုတေသနလုပ်ခဲ့ကြပါတယ်။
မြောက်ကာရိုလိုင်းနား တက္ကသိုလ် သုတေသီတွေဟာ ရာနဲ့ချီတဲ့ မျက်နှာပုံတွေကို ပြသပြီး ဘုရားသခင်ဟာ ဘယ်ပုံနဲ့ တူသလဲဆိုပြီး အမေရိကန် ခရစ်ယာန် ၅၀၀ ကျော်ကို မေးမြန်းလေ့လာခဲ့ကြတာပါ။
ရလဒ်ကတော့ မုတ်ဆိတ်၊ ပါးသိုင်းမွှေးတွေနဲ့ အသက်ခပ်ကြီးကြီး ဥရောပတိုက်သားပုံစံ အစဉ်အလာ သရုပ်ဖေါ်ပုံတွေမှာ တွေ့ရတဲ့ မျက်နှာပုံစံနဲ့ မတူပဲ ခပ်ငယ်ငယ်၊ ယောင်္ကျားပုံစံ သိပ်မပီပြင်ပဲ ဥရောပ တိုက်သားနဲ့ သိပ်မတူတဲ့ မျက်နှာမျိုးကို ရွေးချယ်ခဲ့ကြတာ တွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဘုရားသခင်ရဲ့ မျက်နှာကို ရွေးချယ်ရာမှာ လူတွေရဲ့ နိုင်ငံရေး တိမ်းညွှတ်မှုနဲ့လည်း ပတ်သက်နေပြန်ပါသတဲ့။ လစ်ဘရယ်ဝါဒီတွေက အမျိုးသမီးပုံ ဆန်ဆန် ငယ်ရွယ်ပြီး ပိုချစ်စရာကောင်းတဲ့ ပုံကို ရွေးကြပြီး၊ ကွန်ဆာဗေးတစ် ဝါဒီတွေကတော့ အသက်ကြီးတဲ့ ဥရောပ တိုက်သား၊ ပိုပြီး စွမ်းအားရှိတဲ့ ပုံကို ရွေးခဲ့ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဘုရားသခင်ရဲ့ ပုံစံကို ခန့်မှန်းရာမှာ ငယ်ရွယ်သူတွေက ငယ်ရွယ်တဲ့ပုံစံကို ရွေးပြီး၊ အာဖရိကနွယ်ဖွား အမေရိကန်တွေကလည်း ဘုရားသခင်ရဲ့ ပုံစံကို ဥရောပ တိုက်သား မဟုတ်ပဲ အာဖရိကနွယ်ဖွားပုံစံကို ရွေးကြတယ်လို့ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5