ရေဘေးသင့်သူ ၄ သိန်းခွဲအတွက် WFP အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့

မြန်မာ့ရေဘေးဒုက္ခသည် တသန်းကျော်လောက်ထဲက (၄) သိန်းခွဲကို အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ဖို့ စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က ပြောကြားလိုက်ပါတယ်။ အလားတူ ရေဘေးသင့်ဒေသတွေမှာ လူသားချင်းစာနာကူညီမှု အနေနဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က အမေရိကန်ဒေါ်လာ (၆) သိန်း လှူဒါန်းမယ်လို့ ကြေညာထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတာဟာ နိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံး ရေကြီးမှု သဘာဝဘေးအန္တရာယ်တွေထဲက တခုဖြစ်တယ်လို့ WFP ကပြောပါတယ်။ လူပေါင်း တစ်သန်းကျော် ရေဘေးသင့်ခဲ့ပြီး အဲဒီထဲက ၄၀% ကျော်ဟာ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ အမြန်ဆုံးလိုအပ်နေကြောင်းလည်း WFP ကထုတ်ပြန်ကြေညာ ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် ရေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ WFP ရဲ့ အရေးပေါ် ထောက်ပံ့ကူညီမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP အနေနဲ့ အဆိုးရွားဆုံး ရေဘေးဒဏ်ခံရတဲ့ ဒုက္ခသည်ဦးရေ (၄) သိန်းခွဲအတွက် အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ဖို့ မြန်မာအစိုးရ အပါအဝင် အစိုးရမဟုတ်တဲ့ ပြည်တွင်းက NGO အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ တလစာ ဆန်၊ ဆီ၊ ဆား၊ ပဲဗူးနဲ့ တခြားစည်သွတ်ဗူးတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အချိုးကျ ခွဲဝေထားတဲ့ ခွန်အားဖြစ် ဘီစကွတ်တွေကို တပတ်စာ ရိက္ခာအနေနဲ့လည်း ပို့ပေးနေပါတယ်။ အခုဆိုရင် ဒုက္ခသည် (၂) သိန်းကျော်အထိ စားနပ်ရိက္ခာတွေကို WFP အနေနဲ့ ပို့ပေးပြီး ဖြစ်ပါတယ်။”

အလားတူ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံဖြိုးရေးအေဂျင်စီ (USAID) က ရေဘေးသင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၆ သိန်းဘိုး အကူအညီပေးမှာ ဖြစ်တယ်လို့ သြဂုတ်လ (၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထောက်ပံ့ရေး အစီစဉ်နဲ့ ပတ်သက်လို့ USAID ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရေဘေးကယ်ဆယ်ရေး ပံ့ပိုးဖို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အနေနဲ့ USAID က ဒေါ်လာ (၆) သိန်း အကူအညီပေးမှာ ဖြစ်ပါတယ်။ ဒီရန်ပုံငွေကနေ ကိုမန်ဆိုင်ကလုန်းနဲ့ မုတ်သုန်မိုးသည်းထန်မှုကြောင့် ရေဘေးသင့်တဲ့ ဒေသတွေက ဒုက္ခသည်တွေအတွက် စိတ်ချရတဲ့သောက်သုံးရေထောက်ပံ့ဖို့၊ မိလ္လာသန့်စင်ရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ တခြားအရေးတကြီး လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေကို ပို့ဆောင်ကူညီသွားမှာ ဖြစ်ပါတယ်။”

မြန်မာ့ရေဘေး ဒုက္ခသည်တွေအတွက် အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ကူညီနေရာမှာ ဥရောပသမဂ္ဂက ယူရိုငွေ (၄) သန်းခွဲ၊ သြစတြေးလျနိုင်ငံ က ဒေါ်လာ (၂) သန်း၊ တရုတ်နိုင်ငံက ဒေါ်လာ (၃) သိန်း အပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံက ထိုင်းဘုရင်အနေနဲ့ ဘတ် (၅) သိန်း၊ စင်္ကာပူ ကြက်ခြေနီအသင်းကြီးက ဒေါ်လာ (၁) သိန်း စသဖြင့် လှူဒါန်းခဲ့ကြပါတယ်။

လက်ရှိမြန်မာအစိုးရ အနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု အပိုင်းမှာ အားနည်းခဲ့ပေမဲ့ အခုလို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေကို ခွင့်ပြုပြီး ပူးပေါင်းဆောင်ရွက်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ဘေးအန္တရာယ်ကြီးတခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုန် မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် အရင်စစ်အစိုးရဟာ နိုင်ငံတကာရဲ့ အရေးပေါ် အကူအညီတွေကို မြန်မြန်ဆန်ဆန်လက်ခံဖို့ နှောင့်နှေးကြန့်ကြာခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဘန်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ လူပေါင်း သိန်းနဲ့ချီ သေဆုံးပြီး၊ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ရေဘေးဒဏ်ကြောင့် တိုင်းနဲ့ပြည်နယ် (၁၄) ခုထဲက (၁၂) ခုမှာ ရေကြီး၊ ရေလျှံခဲ့ပြီး၊ လမ်း၊ တံတားနဲ့ အိုးအိမ်၊ လယ်ယာမြေ အမြောက်အများ ဆုံးရှုံးပျက်စီးခဲ့သလို တချို့ရေဘေးသင့် နေရာတွေကို သွားလာရေး ပိတ်ဆို့နေဆဲ ဖြစ်တယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။