Your browser doesn’t support HTML5
ကန်အောက်လွှတ်တော် မကြာသေးမီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကန်အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေးအပေါ် သြဇာသက်ရောက်မှု တစုံတရာ မရှိနိုင်ဘူးလို့ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် တခြားနည်း ထိခိုက်စရာတွေ ရှိနေတဲ့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်မြို့တော် Georgetown တက္ကသိုလ် က ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ချက် အပြည့်အစုံကို နားဆင်နိုင်ကြပါပြီ။ မြန်မာနိုင်ငံအပေါ် ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာသူကအခုလို စပြောထားပါတယ်။
ဖြေ ။ ။ အကူအညီတချို့ပေးဖို့ အခက်အခဲတွေ ပိုပြီးတော့ ရှိလာနိုင်ပါတယ်။ Humanitarian Assistance လို့ခေါ်တဲ့ စာနာမှုအထောက်အပံ့တွေ၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတချို့လည်း ပါလာလိမ့်မယ်လို့ ထင်ပါတယ်။ ရင်းနှီးမြုပ်နံှမှုကိုလည်း ထိခိုက်ပါလိမ့်မယ်။ ပုဂ္ဂလိကရင်းနှီးမြုပ်နံှမှုကိုလည်း နောက်တွန့်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရင်းနှီးမြုပ်နံှလိုက်လို့ရှိရင် အကူအညီမပေးသင့်တဲ့ အစိုးရတရပ်ကို အကူအညီပေးနေတယ်လို့ အထင်ခံရမှာပါ။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ မြန်မာအပေါ် အနုတ်လက္ခဏာ သက်ရောက်မှု ရှိနိုင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ဒီနေရာမှာ Humanitarian Assistance စာနာမှုအကူအညီဆိုတာ ဒုက္ခသည်တွေအတွက်ပါပေးမယ့် အကူအညီ ဖြစ်ပါတယ်။ ဒီလိုထိခိုက်တဲ့ကိစ္စမျိုးဟာ ကြိုဆိုသင့်တဲ့ကိစ္စလို့ ထင်ပါသလား။
ဖြေ ။ ။ ဘယ်လိုစာနာမှု အထောက်အပံ့မျိုးလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စာနာမှုအထောက်အပံ့ဆိုတာ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဓိပ္ပါယ်ဖွင့်ဆိုတာ ကွဲလွဲမှု ရှိပါတယ်။ စစ်အစိုးရလက်ထက်တုန်းက ဂျပန်တို့ရဲ့ စာနာမှုအထောက်အပံ့ဆိုင်ရာ အဓိပ္ပယ်ဖွင့်ဆိုချက်ဟာ အမေရိကန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် အဆမတန် ပိုပြီးတော့ကျယ်ပြန့်ပါတယ်။ ဥပမာ လျှပ်စစ်ဓါတ်အားရရှိရေးဟာ စာနာမှုအထောက်အပံ့ ဖြစ်ပါတယ်။ ဒါကြောင့် ဘီးလူးချောင်းရေအားလျှပ်စစ် စီမံကိန်းကို ပိုကောင်းအောင် တည်ဆောက်မယ့်ကိစ္စကို ဂျပန်တို့က လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ဒါဟာ အခြေခံအဆောက်အဦးတခု တည်ဆောက်ရေးဖြစ်တယ်လို့ ယူဆပါတယ်။ အမေရိကန် ဥပဒေအရ ဒါကိုခွင့်မပြုပါဘူး။
မေး ။ ။ ရေအားလျှပ်စစ်စီမံကိန်းဟာ အခြေခံအဆောက်အအုံ စီမံကိန်းဆိုတာ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အခုကိစ္စက ဒီလိုအမှန်တကယ် ဒုက္ခရောက်နေတဲ့ လူတွေကို ပေးမယ့်အကူအညီ ဖြစ်တယ်ဆိုတာကလည်း သိသာနေပါတယ်။ ဒါကို ထိခိုက်စေမယ့်ကိစ္စကို ကျနော်က ပြောတာပါ။
ဖြေ ။ ။ ဟုတ်ပါတယ် စာနာမှုအထောက်အပံ့တွေဟာ နေရာအနံှမှာ လိုနေပါတယ်။ မှန်ကန်တဲ့ အထောက်အပံ့တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့ လိုအပ်သလို၊ ပြည်သူတွေထဲက ဆင်းရဲနွမ်းပါးသူတွေကိုလည်း ကူညီရပါလိမ့်မယ်။ စစ်ကြောင့်၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါနေသူတွေကို ကူညီရပါမယ်။ ဒီအကူအညီအားလုံးကို ဆက်ပေးသင့်ပါတယ်။
မေး ။ ။ အခုပြဿနာမှာ အဓိက ပစ်မှတ်ထားခံရတာကတော့ အဓိကတာဝန်ရှိတယ်လို့ အပြောခံရတာကတော့ မြန်မာစစ်တပ် ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်မှာလဲ အမေရိကန်အစိုးရ မြန်မာ့တပ်မတော်ကို လူသေစေတဲ့ကိစ္စမဟုတ်သော စာနာမှုအကူအညီပေးမယ်။ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့်သင်တန်းပေးမယ်လို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီကိစ္စကော ဘယ်လိုဖြစ်လာနိုင်ပါလဲ။ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီနောက်။
ဖြေ ။ ။ အမေရိကန်အောက်လွှတ်တော်ဟာ စစ်ရေးလေ့ကျင့်သင်ကြားပေးမှုကိုတော့ အပြင်းအထန် ဆန့်ကျင်တယ်လို့ ထင်ပါတယ်။ စာနာမှုအကူအညီဆိုင်ရာ ကိစ္စတွေ ဖြစ်ပါစေ ဆန့်ကျင်ပါလိမ့်မယ်။ လူသေစေနိုင်တဲ့ကိစ္စနဲ့မဆိုင်တဲ့ စာနာမှုအကူအညီ၊ သင်တန်း၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကတော့ လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေမျိုးမှာ ဒီကိစ္စက ကွန်ဂရက်လွှတ်တော်မှာ တိုးပေါက်ဖို့ အခက်အခဲ ရှိနေပါတယ်။ အစိုးရအနေနဲ့ အခြားဦးစားပေးရမယ့် ကိစ္စတွေအများအပြား ရှိနေတော့ ဒီလိုမြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေးကို သိပ်ပြီးတော့ ခွန်အားစိုက်လိမ့်မယ် မထင်ပါဘူး။
မေး ။ ။ ဒီပြဌာန်းချက်ကို အောက်လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာအောင်၊ ပိုမိုထိရောက်လာအောင် ဆီနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်ကို ဖြတ်သန်းဖို့ ရှိနေသေးတယ်လို့ ထင်ပါသလား။ အဲဒီလို ဖြတ်သန်းလာရင်ကော အခု အောက်လွှတ်တော်မှာ ထောက်ခံကြသလိုပဲ တခဲနက်ထောက်ခံအားပေးမှု ရလိမ့်မယ်၊ ဆုံးဖြတ်အတည်ပြုကြလိမ့်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ဒါက အောက်လွှတ်တော်ရဲ့ သဘောထား ခံယူချက် Resolution ပြဌာန်းချက် ဖြစ်ပါတယ်။ ဒါ စိတ်လှုပ်ရှားခံစားမှုပါ။ ဥပဒေ Law မဟုတ်ပါဘူး။ အဲဒီအထဲမှာ ဒဏ်ခတ်အရေးယူမှုကို တိုက်ရိုက်ပြဌာန်းထားတာ မရှိရင် ဘာမှတိုက်ရိုက်အကျိုးသက်ရောက်နိုင်စရာ မရှိပါဘူး။ အစိုးရအပေါ် သြဇာသက်ရောက်မှုလည်း မရှိနိုင်ပါဘူး။ ဒါပေမဲ့ ခင်များပြောသလိုပဲ အထက်လွှတ်တော်ကိုတော့ သွားပါလိမ့်အုံးမယ်။ အဲဒီမှာ Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ကာကွယ်လာသူပါ။ သူဘက်က ဆက်လက်ပြီး ကာကွယ်ပေးအုံးမလားဆိုတာကိုတော့ ကျနော် မသိပါဘူး။ Congress လွှတ်တော်ကလည်း ခရစ်စမတ်အားလပ်ရက် နားတော့မှာ ဖြစ်ပြီးတော့ Congress အသစ်တရပ် ဖြစ်ပေါ်လာတော့မှာပါ။
မေး ။ ။ ဆိုတော့ အစိုးရပေါ် သြဇာသက်ရောက်မှု မရှိဘူးဆိုတော့ သိပ်အရေးမပါလှဘူး ဆိုတဲ့သဘောပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ် သိပ်ပြီးတော့ အရေးမပါလှပါဘူး။ စတိသဘောသာ ဖြစ်ပါတယ်။ ဒါပေမဲ့ စတိသဘော လုပ်တဲ့ကိစ္စ Symbolism ဟာ အရေးကြီးပါတယ်။ ဒါဟာ သူတို့စိတ်ထဲ ဘာဖြစ်နေသလဲဆိုတာကို ဖော်ထုတ်လိုက်တာပါ။ ရင်းနှီးမြုပ်နံှရေးစတဲ့ လုပ်ငန်းတွေအပေါ် တခြားလူတွေရဲ့ သဘောထားကို ပြောင်းလဲသွားစေနိုင်ပါတယ်။ နမူနာပြောရမယ်ဆိုရင် Twitter အကြီးအကဲ မေမြို့သွားပြီးတော့ တရားသွားထိုင်တဲ့ကိစ္စ။ သူ့အမြင်မှာ မြန်မာနိုင်ငံမှာ အားလုံးက ချစ်စရာ၊ နှစ်သက်စရာ ဖြစ်နေတယ်လို့ပြောတော့ လူတွေက ဝေဖန်ကြပါတယ်။ ဒါဘာကြောင့် ဖြစ်နေရသလဲဆိုရင် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သူမသိသလို ဖြစ်နေလို့ပါ။
မေး ။ ။ ဆိုတော့ ဆရာကြီးအနေနဲ့ ပါမောက္ခ Steinberg အနေနဲ့ အခုအခြေအနေမှာ မြန်မာနိုင်ငံကို သွားရမယ်ဆိုရင် မသွားဘဲ နေမလား။ သွားသင့်မသွားသင့်ကို ထပ်စဉ်းစားအုံးမလား။
ဖြေ ။ ။ ခရီးသွားဧည့်သည်တွေဆိုရင်တော့ နှစ်ခါထပ်ပြီးတော့ စဉ်းစားသင့်ပါတယ်။ တကယ်လက်တွေ့မှာလဲ အမေရိကန်ခရီးသွား ကြော်ငြာတွေကိုကြည့်ရင် အမေရိကန်ခရီးသည်အုပ်စုတွေ သင်္ဘောတွေဟာ မြန်မာပြည်ကိုသွားတာ လုံးဝတွေ့ရမှာ မဟုတ်ပါဘူး။ ကျန်တဲ့ အာရှဒေသတွေကို သွားပါတယ်။
မေး ။ ။ ဆရာကြီးက ဆီနိတ်တာ Mitch McConnell အကြောင်းကိုပြောလို့ ကျနော်က သမ္မတ Donald Trump အကြောင်းကို မေးချင်ပါတယ်။ သမ္မတ Donald Trump ရဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားက ဘယ်လိုရှိမယ်လို့ ဆရာကြီး ထင်မိပါလဲ။
ဖြေ ။ ။ အဲဒီနေရာ ဘယ်မှာရှိတယ်ဆိုတာကိုတောင် သူသိရဲ့လား မသိပါဘူး။ ဒါက တကယ်ပြောတာပါ။ အခုအချိန်ထိတော့ ဒီကိစ္စမျိုးနဲ့ ပတ်သက်လို့ သူ့ဆီက ဘာမှမကြားရသေးပါဘူး။
မေး ။ ။ ဒါပေမဲ့ သူ့ရဲ့ အရာရှိကြီးတချို့က ဒီအခြေအနေတွေကို နိုင်ငံတကာဖိုရမ်တွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနေရာတွေမှာ တချိန်လုံး ပြင်းပြင်းထန်ထန် ပြောနေကြတယ်ဆိုတော့ သမ္မတက ဘာကြောင့် နှုတ်ဆိတ်နေရလဲ။
ဖြေ ။ ။ ဒီသမ္မတက သိပ်ကိုထူးဆန်းတဲ့ လူတယောက် ဖြစ်ပါတယ်။ သူအလေးထားတဲ့ကိစ္စ၊ သူအလေးမထားတဲ့ကိစ္စနဲ့ သူပြောတာတွေကို ကြည့်မယ်ဆိုရင် သိသာပါတယ်။ သူ ဘာလုပ်မယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ဝေဖန်သူတွေ ပြောတာက သိပ်မှန်ပါတယ်။ ကမ္ဘာ့ပြဿနာတွေ အများအပြား သူလုံးဝ ဂရုမစိုက်ဘဲထားတာတွေ ရှိနေပါတယ်။
မေး ။ ။ အခု အမေရိကန်က တရုတ်ကို အဘက်ဘက်က ပိတ်စို့ချင်နေတာ ဖြစ်ပါတယ်။ ဆိုတော့ အခုကိစ္စမှာလဲ မြန်မာနိုင်ငံကို တရုတ်ဘက်ကို ပိုပြီးတွန်းပို့သလို ဖြစ်မှာစိုးလို့များ Donald Trump က နှုတ်ဆိတ်နေတာလား - အဲဒီလို စဉ်းစားရင်ကော မရဘူးလား။
ဖြေ ။ ။ သူသာ အဲဒီလိုတွေးတယ်ဆိုလို့ရှိရင် တရုတ်ကို မြန်မာနဲ့ သိပ်မနီးစပ်သွားစေချင်တယ်ဆိုရင် ဒါက အသေးအမွှားလောက်သာ ဖြစ်ပါလိမ့်မယ်။ သူက တကယ်တော့ ကုန်သွယ်ရေးသမားပါ။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နံှမှု လုပ်မလုပ်ဆိုတဲ့ကိစ္စတွေ၊ တောင်တရုတ်ပင်လယ်က မဟာဗျူဟာပြဿနာ၊ မြောက်ကိုရီးယားပြဿနာ ဒါတွေအများကြီး ရှိနေပါတယ်။ မြန်မာပြဿနာက အဲဒီကိစ္စတွေလောက် အရေးမပါလှပါဘူး။ သူ့အတွက် ဟုတ်လည်းဟုတ်ပါတယ် - အခုလက်ရှိမှာလဲ ရိုဟင်ဂျာပြဿနာတွေအပေါ် အမေရီကန်က သိပ်အနုတ်လက္ခဏာပြ ရပ်တည်နေတဲ့အတွက်ပဲ တရုတ်က မြန်မာအပေါ် ပိုလွှမ်းမိုးခွင့် ရနေပြီ ဖြစ်ပါတယ်။
မေး ။ ။ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ကောက်ရမယ်ဆိုရင် ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူစလင်တွေအပေါ် သဘောထား ပိုမိုပျော့ပျောင်းလာအောင် ဒါမှမဟုတ် ဒီပြဿနာအပေါ် ပိုပြီးပွင့်ပွင့်လင်းလင်း ရှိလာအောင် တွန်းပို့နိုင်လိမ့်မယ်လို့ ထင်ပါသလား - ဒီဆုံးဖြတ်ချက်က။
ဖြေ ။ ။ အဲဒီလို ဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ ကျနော်က သံသယ ရှိနေပါတယ်။ ပိုပြီးတော့ ဂရုဏာသက်တာကို ကျနော် မြင်ချင်ပါတယ်။ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြီးခဲ့တဲ့ရက်အတွင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တာ၊ New Light of Myanmar မှာ တွေ့ရပါတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာ မပြောထားပါဘူး။ သူတို့ဟာ ကောင်းတဲ့ကိစ္စတွေကို ပြောနေတယ်လို့သာ ဖော်ပြထားပါတယ်။
မေး ။ ။ ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလိုကိစ္စမှာ နိုင်ငံတကာဖိအားကတဘက်၊ သူ့ပြည်သူလူထုအများစုကတဘက်ဆိုပြီး ဖြစ်နေပါတယ်။ ဆိုတော့ သူ့အတွက် ဘယ်ဟာက ပိုပြီးတော့ အရေးကြီးတယ် ထင်ပါသလဲ။ နိုင်ငံတကာဖိအားကို ပိုပြီးတော့ ဦးစားပေသင့်သလား။ ပြည်သူလူထုအများစုရဲ့ သဘောထားကို ပိုပြီးဦးစားပေးသင့်သလား။ ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ ဒီနှစ်ခု သိပ်ပြီးတော့ ကွဲပြားခြားနားတယ်ဆိုတာ သေချာပါတယ်။ ယေဘုယျအားဖြင့် ပြည်သူလူထုဟာ ရိုဟင်ဂျာတွေအပေါ်မှာ မလိုလားတဲ့သဘော ရှိကြပါတယ်။ ပြည်ပကလူတွေ၊ ပြည်ပဖိအားတွေကတော့ ရိုဟင်ဂျာတွေကို တနည်းနည်းနဲ့ ကူညီပံ့ပိုးရေး ဖြစ်ပါတယ်။ ဒီလို သိပ်ပြင်းထန်တဲ့ ကွဲပြားမှုပါ။ နောက်ပြီးတော့ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ နီးနီးစပ်စပ် ရှိနေပါတယ်။ စစ်တပ်နဲ့ ဆန့်ကျင်တဲ့သဘော၊ ဝေဖန်ပြောဆို တုံ့ပြန်မှု တစုံတရာ မရှိပါဘူး။ ဒါကြောင့် သူနှစ်ပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့တဲ့ ဒီမိုကရေစီသဘောထားတွေကို ပစ်ပယ်လိုက်ပြီလို့ ပြစ်တင်ဝေဖန်ခံနေရပါတယ်။
မေး ။ ။ ဆိုတော့ လက်တွေ့မှာကော သူက စစ်တပ်နဲ့ ဆန့်ကျင်ပြီးတော့ ပြောဖို့ဆိုတာ ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ဒါကတော့ မေးခွန်းထုတ်စရာပါ။ သူ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကျနော် မသိပါဘူး။ တချိန်တည်းမှာပဲ လုပ်နိုင်တယ်လို့လည်း ထင်မိပါတယ်။ သူ့ရဲ့ လုပ်ပုံလုပ်နည်းအပေါ် မူတည်ပါတယ်။ လူထုမီဒီယာတွေ ဖတ်ရသလောက်ဆိုရင် စစ်တပ်နဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် သူဘာမှလုပ်တာ မတွေ့ရပါဘူး။ ဒါဟာ ပြဿနာပါ။ သူဟာ သမ္မတဖြစ်အောင် ဖွဲ့စည်းပုံ ပြန်ပြင်ရေးကို အားထုတ်ခဲ့ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ယုံကြည်မှု ရရှိရေးလုပ်ငန်းအစ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံရေးပါတီတွေဟာ လူနည်းစုကိုသာ ကိုယ်စားပြုပြီးတော့ တပ်မတော်သာ ပြည်သူအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုထားပါတယ်။ ကျနော်ကတော့ အဲဒါမှန်တယ်လို့တော့ မယူဆပါဘူး။