ဒေါ်စု နေရာဖယ်ပေးလို့ရမလား တပ်မတော်သာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်သလား

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ (၃-၂၇-၁၄)

Your browser doesn’t support HTML5

မိန့်ခွန်းနှစ်ခုအပေါ် သုံးသပ်ချက်


နိုင်ငံတော်အတိုင်ပင်ခံပု၈္ဂိုလ်က တိုင်းပြည်ကောင်းအောင် သူတို့ထက်ပိုလုပ်နိုင်မဲ့သူရှိရင် နေရာဖယ်ပေးမယ်လို့ "နိုင်ငံတော်အခြေပြမိန့်ခွန်း" ထဲမှာ ပြောကြားသွားတာကို နိုင်ငံတကာမီဒီယာတွေက အလေးအနက်ထား ဖော်ပြကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော့ ပါတီနိုင်ငံရေးထက် တပ်မတော်သည်သာလျင် တိုင်းပြည်အတွက် တကယ်အကျိုးရှိအောင်ဆောင်ရွက်တဲ့ အင်အားစုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြောကြားချက်တွေရဲ့အတိမ်အနက် ဘယ်လောက်ရှိသလဲ၊ ဘယ်လိုအဓိပ္ပါယ်ကောက်ယူကြမလဲဆိုတာ မြန်မာနိုင်ငံရေးသုံးသပ်သူတွေ ဖြစ်ကြတဲ့ ဒေါက်တာရန်မျိုးသိမ်း၊ ဦးဝင်းမင်းတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေရာဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေါက်တာရန်မျိုးသိမ်းက အခုလိုစတင်သုံးသပ်ပါတယ်။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ အရေးကြီးတယ်။ အဲဒီအတွက်ကြောင့်လို့ပဲ ပြည်သူလူထုတရပ်လုံးက ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်ခဲ့တာလို့ ကျနော်က သုံးသပ်ပါတယ်။ အဲဒီအခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာပါတဲ့ ပြောဆိုချက်ဟာ လက်တွေ့ကျကျ ဖော်ဆောင်ဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ ကျနော်ဆိုလိုချင်တဲ့သဘောက ဒေါ်အောင်ဆန်းစုကြည်ကလွှဲရင် မြန်မာနိုင်ငံကို မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီ အပြောင်းအလဲကို ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်၊ အစုအဖွဲ့ ပုံစံမျိုးက မရှိတဲ့အနေအထားမျိုး ဖြစ်နေတဲ့အတွက်ကြောင့်လို့မို့ တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ခဲယဉ်းတယ်လို့ပဲ ကျနော်က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း က ဘယ်လို သဘောရပါလဲ။ ဒေါ်အောင်ဆန်းစုကြည်က လုပ်ပေးနိုင်တဲ့လူရှိရင် သူထွက်ပေးဖို့ အဆင်သင့်ပဲလို့ ပြောတာနဲ့ ပတ်သက်ပြီး…

ဦးဝင်းမင်း ။ ။ နောက်လာမယ့် ရွေးကောက်ပွဲအတွက် NLD ပါတီကို ဆက်ပြီးတော့ လူတွေကို ထောက်ခံပေးဖို့၊ ကျနော်ထင်တယ် အဲဒါကို အဓိကပြောပုံရတယ်။ တကယ်တမ်း ထွက်ပေးတာထက် ဒါကို မမက်မောဘူးဆိုတဲ့ပုံစံ၊ အကောင်းဆုံးလုပ်ဖို့ပဲ စဉ်းစားထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူကို ၂၀၁၅ မှာ စုပြုံမဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက်ကော ဆရာတို့နှစ်ယောက် တွေးသလို မတွေးကြရင် ဒီစကားဟာ သူတို့အတွက်ကော စိတ်ဓါတ်ကျစရာ၊ စိတ်ပျက်စရာ မဖြစ်နိုင်ဘူးလား။

ဒေါက်တာရန်မျိုးသိမ်း ။ ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေကြားထဲ အားမလိုအားမရ ဖြစ်တာတွေ၊ စိတ်တိုင်းမကျ ဖြစ်တာတွေကို တွေ့နေရပါတယ်။ အဲဒါကြောင့်မို့လဲ ပြည်သူတွေအနေနဲ့ အတိုင်းအတာတခုအထိ နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှု ကျဆင်းလာခဲ့တဲ့ အနေအထားကို ဒီတနှစ်အတွင်းမှာ တွေ့နေရတယ်လို့တော့ ကျနော်က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမိန့်ခွန်းရဲ့ အကျိုးဆက်က - အဲဒီစကား၊ အသုံးအနှုန်း အကျိုးဆက်က ပြည်သူတွေအပေါ် ဘယ်လိုရိုက်ခတ်မယ် ထင်ပါလဲ။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ပြည်သူလူထုအများစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်နေဆဲ၊ အားကိုးနေဆဲ။ ဒါပေမဲ့ တဘက်က ဒေါ်အောင်ဆန်းစုကြည်က ပြောတာကတော့ ဒီလို အားစိုက်မှုမျိုးကို သူက အားမပေးဘူးလို့ ပြောတယ်။ တခြားတဘက်မှာလဲ ပြည်သူလူထုအနေနဲ့ ရွေးချယ်စရာမရှိတဲ့ အကျပ်အတည်းတခုကိုလဲ ကြုံတွေ့နေရတယ်လို့ သုံးသပ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာပါတဲ့ အကြောင်းအရာဟာ ပြည်သူလူထုကြားမှာတော့ သိသိသာသာ သက်ရောက်မှု မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းက ဘယ်လို သုံးသပ်ပါလဲ။ ခေါင်းဆောင်တယောက်က အဲဒီလို ပြောလိုက်တဲ့အခါမှာ သူကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ ဘယ်လို ခံစားကြရမလဲ။ သူတို့စိတ်ထဲမှာ ညှိုငယ်စိတ် ဖြစ်မယ်ထင်ပါလား။

ဦးဝင်းမင်း ။ ။ အဓိကတော့ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တမျိုးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရလဲ ယုံကြည်မှု များတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခွင့်လွှတ်နိုင်တဲ့ အနေအထားမျိုးလဲ ရှိနိုင်ပါတယ်။ လောလောဆယ်မှာ ကြုံနေရတဲ့ အခက်အခဲတွေကြောင့် ဒီအပြောင်းအလဲတွေကို ချက်ချင်းမြန်မြန် မလုပ်နိုင်တာမျိုး။ အကောင်းဆုံးတော့ ကြိုးစားခဲ့တယ် ဆိုတာမျိုး။ ဒါပေမဲ့ နောက်တမျိုးကလဲ လုပ်ဆောင်နိုင်မှု စွမ်းအားတွေ အားနည်းခဲ့တဲ့အပေါ်မှာ။ အထူးသဖြင့် တိုင်းရင်းသားတွေအနေနဲ့ အစိုးရအနေနဲ့ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်ရင်လုပ်၊ မလုပ်လို့ရှိရင် နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ မဲရတာ နည်းသွားနည်းသွားတယ် ဆိုတဲ့သဘောပါ။ သူတို့ သင်ခန်းစာ ပေးချင်တဲ့သဘောရှိတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ကာချုပ်ရဲ့ မိန့်ခွန်းကို ကြည့်ကြပါစို့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့မိန့်ခွန်းမှာ ပထမပိုင်းကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ်စဉ်ကို စစ်တပ်က အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းပဲ တစုံတရာမပြောင်းလဲဘဲ ပြောသွားတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းရတာ ဖယ်ဒရယ် ခွဲထွက်မှာမို့လို့ တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးမယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးမယ့် အခြေအနေ ဖြစ်နေလို့ဆိုပြီးတော့ စွပ်စွဲပါတယ်။ တကယ်တော့ Historically အထောက်အထား မခိုင်လုံပါဘူး။ ဟုတ်လဲမဟုတ်ပါဘူး။ အဲဒီတုန်းက ဖယ်ဒရယ်မူကို တင်ကြတာလည်း ဝန်ကြီးချုပ်ရဲ့ Blessing နဲ့ တိုင်းရင်းသားတွေ တရားဝင်ပြောဆို ဆွေးနွေးကြပြီးမှ ဖြစ်ပါတယ်။ အဲဒါကို စစ်တပ်က ရမယ်ရှာပြီးတော့ အာဏာသိမ်းသွားတယ်လို့ နောက်ပိုင်းမှာ သုံးသပ်ပြီးတော့ အဖြေထွက်လာကြပါပြီ။ နောက်တခုက ၁၉၈၈ လူထုအုံကြွမှုကိစ္စမှာလဲ သူတို့ မဆလ အစိုးရရဲ့ အားနည်းချက်ကို လူတွေက အခွင့်ကောင်းယူပြီး လှုံဆော်လိုက်တဲ့အတွက် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးမယ့်အခြေအနေ ရောက်လာတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောပါတယ်။ ဒီသမိုင်းသုံးသပ်ချက် နှစ်ခုကို ကျနော် ပထမဦးဆုံး စောကြောသိချင်ပါတယ်။ ဒေါက်တာရန်မျိုးသိမ်း ပြောပေးပါ။ ဘယ်လို သဘောရပါလဲ။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ ဦးကျော်ဇံသာ ဆွေးနွေးသလိုပါပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု နဲ့ ၁၉၈၈ အာဏာသိမ်းမှုပေါ်မှာ သုံးသပ်ချက်ဟာ မြေပြင်မှာ ဖြစ်နေတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ကွဲပြားနေတယ်လို့ ကျနော်က သုံးသပ်ပါတယ်။ ဥပမာ ကျနော်တို့ နိုင်ငံဟာ ၁၉၆၂ မတိုင်ခင်မှာ ဒေသတွင်းမှာ ထိပ်တန်းအဆင့်ဝင် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်က ချွတ်ခြုံကျလာပြီးတော့ ၁၉၈၀ အလွန်မှာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံအဆင့်ကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၈၈ ခုနှစ်မှာ ထပ်ပြီးတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အခု ၂၀၁၅-၁၆ -၁၇ ကာလာကို ကြည့်မယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ အနေအထားကို ရောက်နေပါတယ်။ အဲဒီလို ဖြစ်နေရတဲ့ အခြေအနေကို တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်စမ်းစစ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒါမှသာလျှင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ ပြည်သူလူထုကို တကယ် မျက်နှာမူပြီးတော့၊ ပြည်သူလူထု အကျိုးစီးပွားကို ရှေ့ရှုတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက ပြောချင်တာလဲ အဲဒါပါပဲ။ နောက်ကဖြစ်ခဲ့တဲ့ သမိုင်းဟောင်းကို မှန်မှန်ကန်ကန် မသုံးသပ်ဘဲနဲ့ ရှေ့ခရီး ဘယ်လိုဆက်နိုင်မလဲဆိုတာ မေးမြန်းစရာကိစ္စတခု ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အခု ရှမ်းမြောက်မှာ ဖြစ်နေတဲ့ကိစ္စဟာလဲ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ကိစ္စဆိုပြီးတော့ သူက သုံးသပ်သွားပါတယ်။ ကိုဝင်းမင်း ခြုံငုံပြီး သုံးသပ်ပါအုံး။

ဦးဝင်းမင်း ။ ။ ကျနော့်အမြင်ကတော့ သမိုင်းကြောင်းမှာလဲ တပ်မတော် စဉ်းစားခဲ့တဲ့ပုံတွေက တသွေးတသံတမိန့် စည်းကမ်းအတိုင်း သွားရမယ်။ အားလုံးအယူအဆတခုတည်းနဲ့ လုပ်ရမယ်။ အဲဒီလိုမျိုး စဉ်းစားပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတွေ သဘာဝကြတော့ တပ်မတော်နဲ့ မတူဘူး။ နိုင်ငံရေးအဖွဲ့တွေမှာတော့ မတူတဲ့ စဉ်းစားချက်တွေ၊ အတွေးအခေါ်တွေ မျိုးစုံရှိနိုင်တယ်။ ဒီအပေါ်မှာညှိပြီးတော့ လုပ်ကြတယ်။ အခုန ၁၉၆၂ ခုနှစ်မှာ ဖယ်ဒရယ်နိုင်ငံတော် ထူထောင်ရေးအတွက်ဖြစ်ဖြစ် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတယ်ဆိုတာ မတူတဲ့ စဉ်းစားချက်တွေ ညှိနှိုင်းကြ ဆွေးနွေးကြတုန်းမှာပဲ တပ်မတော်အနေနဲ့က တကယ်လို့ ဆွေးနွေးပွဲတွေမှာ မပြေလည်လိုရှိရင် တိုင်းရင်းသားတွေက ခွဲထွက်နိုင်တယ်။ အစိုးရပါတီက ကွဲမယ့်အလားအလာရှိတယ်။ ကွဲလည်းကွဲခဲ့တယ်။ အဲဒါကြောင့်မို့ သူတို့က တပ်မတော်ကို စည်းရုံးလို့ရှိရင် တပ်မတော်လည်း ကွဲသွားနိုင်တယ်ဆိုတဲ့ အလွန်အကျွံ စိုးရိမ်မှုအောက်မှာ ဖြစ်သွားတယ်လို့ ကျနော်ထင်တယ်။ ၁၉၆၂ ခုနှစ် အနေအထားက။ နောက် ၁၉၈၈ အနေအထားမှာတော့ တပ်မတော် ယူဆတာက ပြည်ပ ပရောဂ ပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တယ်။ ဒီမိုကရေစီနိုင်ငံတွေရဲ့ လှုံဆော်မှုပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ပြည်သူတွေက အစိုးရစနစ်တခုပြောင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ညှင်သာစွာနဲ့ ဖြေရှင်းလို့ရတဲ့ အနေအထားလည်း ရှိပါတယ်။ အာဏာသိမ်းရမယ့် အဆင့်အထိတော့ မလိုအပ်ပါဘူး။ အဲဒီတော့ အခုလို အာဏာသိမ်းလိုက်တော့ ဘာဖြစ်လဲဆိုတော့ ကိုရန်မျိုးသိမ်း ပြောသလို တိုင်းပြည်က တိုးတက်မလာဘဲ၊ စစ်အုပ်ချုပ်ရေးအောက်မှာ တိုင်းပြည်ကို ကောင်းအောင်လုပ်ရတာ အရမ်းခက်ပါတယ်။ နောက်တခုက အချုပ်အခြာ အာဏာပိုင်းမှာ အခု ရှမ်းပြည်မြောက်ပိုင်းကို အချုပ်အခြာအာဏာဆိုပြီး သုံးခဲ့ပါတယ်။ ဒီနေရာမှာတော့ တရုတ်နိုင်ငံဘက်က ဝင်ရောက်စွက်ဖက်မှု ရှိတယ်ဆိုတဲ့ ပုံစံမျိုး။ အလားတူပဲ ရခိုင် မူစလင်ကိစ္စမှာလဲ အနောက်နိုင်ငံတွေက ဝင်စွက်ဖက်တယ်ဆိုတဲ့ ပုံစံမျိုး အချုပ်အခြာအာဏာကို သုံးသွားပုံရပါတယ်။ ဒီနေရာမှာတော့ ပြည်တွင်းပြဿနာ ရှိနေသရွေ့တော့ နိုင်ငံတကာက ပြောတာဆိုတာကတော့ ဒီခေတ်ကြီးမှာ ရှိနေတဲ့အတွက် ပြည်တွင်းပြဿနာကို နိုင်ငံတကာ ထိပါးတယ်ဆိုတဲ့သဘောနဲ့ စစ်ရေးအရ ဖြေရှင်းတဲ့အခါမှာ အလွန်အကျွံတွေ ဖြစ်ပြီးတော့ ကိုယ့်အချင်းချင်းပဲ ပြန်တိုက်ရ၊ ကိုယ့်အချင်းချင်းပဲ နစ်နာရ။ တိုင်းပြည်နောက်ဆုံးတော့ နစ်နာရတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ အမျိုးသားနိုင်ငံရေး နဲ့ ပါတီနိုင်ငံရေးဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ သူက ပါတီနိုင်ငံရေးဆိုတာ မိမိပါတီ အင်အားတောင့်တင်းရေး၊ ပါတီ နိုင်ငံရေးအာဏာ ရရှိရေးဖြစ်တယ်။ အာဏာတည်မြဲရေးကို အစဉ်တစိုက် ဦးစားပေးနေရတယ်။ အမျိုးသားနိုင်ငံရေး လမ်းကြောင်းက သွေးဖီမှုမျိုး ဖြစ်တယ်။ အမျိုးသားရေး အကျိုးစီးပွားကို လစ်လျူရှုနိုင်တယ် စသဖြင့် အဲဒါတွေကို ထောက်ပြပြီးတော့ သူတို့ တပ်မတော်သည်သာလျှင် အမျိုးသားအကျိုးစီးပွားကို စိုက်လိုက်မတ်တပ် အမျိုးသားနိုင်ငံရေးလမ်းကြောင်းအတိုင်း ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဆိုပြီး ပြောသွားပါတယ်။ တကယ်တော့ နိုင်ငံရေးသိပ္ပံ ဝေါဟာရထဲမှာ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးဟာ ပါတီနိုင်ငံရေးနဲ့ သီးခြားကွဲလွဲတယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ မတွေ့ရပါဘူး။ ပါတီထောင်တယ်ဆိုတာကိုက အမျိုးသားရေး အကျိုးစီးပွားရေးကို လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ကြတာပဲ။ ဆိုတော့ မြန်မာနိုင်ငံ စစ်အစိုးရကတော့ သူတို့ တက်လာကတည်းက နဝတ၊ နအဖ တက်လာကတည်းက အမျိုးသားနိုင်ငံရေး ဘာညာဆိုပြီး စိုက်လိုက်မတ်တပ် ပြောလာပါတယ်။ ဆိုတော့ ဒီဟာက မြန်မာနိုင်ငံမှာ ပါတီစုံ နိုင်ငံရေး ဖြစ်ထွန်းရေး သွားနေတာကို ထိပါးစေတယ်။ Undermine လုပ်တယ်လို့ သုံးသပ်လို့ မဖြစ်နိုင်ဘူးလား။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ပါတီနိုင်ငံရေးကတော့ အဆင့်နိမ့်တဲ့ ပုံစံမျိုး၊ အမျိုးသားနိုင်ငံရေးကမှ မြင့်မြတ်တဲ့ ပုံစံမျိုး။ အဲဒီလို စဉ်းစားတာဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအပြောင်းအလဲနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး လမ်းကြောင်းအတွက် ထိရောက်အလုပ်ဖြစ်နိုင်တယ်လို့ မထင်ပါဘူး။ တကယ်တမ်းအားဖြင့်တော့ နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကိုသွားတဲ့ လူတွေဟာ နိုင်ငံရေးပါတီတွေပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေးပါတီတွေကလည်း အခုန ဦးကျော်ဇံသာ ပြောသလို နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ လုပ်ရမယ်ဆိုတာက တခါတည်းပါပြီသာ ဖြစ်ပါတယ်။ အာဏာရပါတီ ဖြစ်လာတဲ့ ပါတီကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တိုင်းပြည်ကို အာဏာသိမ်းမှုကို ထိန်းညှိပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပါတီနိုင်ငံရေးဟာ ကိုယ့်ပါတီ အင်အားတောင့်တင်းဖို့၊ ကိုယ့်ပါတီ အာဏာရဖို့၊ အဲဒီ အာဏာဆက်ပြီး တည်မြဲဖို့ ဦးစားပေးလုပ်ရတဲ့ နိုင်ငံရေးမျိုး မဟုတ်ဘဲနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီးတော့ လုပ်ရတဲ့ နိုင်ငံရေးမျိုးဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းရဲ့ သဘောထားကို ပြောပါအုံး။ အမျိုးသားနိုင်ငံရေးကို သူတို့ တပ်မတော်ပဲလုပ်တယ်။ ပါတီနိုင်ငံရေးဟာ တိုင်းပြည်အတွက် တကယ်မလုပ်နိုင်ဘူးဆိုတဲ့ သူ့ရဲ့ ပြောကြားချက်။

ဦးဝင်းမင်း ။ ။ အဓိကအချက်ကတော့ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလတွေမှာ တပ်မတော်အစိုးရ အားကောင်းရေးအတွက် ဆရာ အခုနပြောခဲ့သလိုပဲ ပါတီနိုင်ငံရေးအပေါ်မှာ အဖျက်သဘော ပြောခဲ့တဲ့ စဉ်းစားချက်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့လဲ တပ်မတော်ထဲမှာတော့ အခုအချိန်အထိ စဉ်းစားချက်က ပါတီနိုင်ငံရေးနဲ့ နီးစပ်မှုမရှိတဲ့အတွက်၊ ဒီမိုကရေစီနိုင်ငံရေးနဲ့ ရင်ပါးမှုမရှိတဲ့အတွက် ဆက်လက်ပြီးတော့ ရှိနေတဲ့သဘောမျိုးတော့ တွေ့ရပါတယ်။ တကယ်တော့ အမျိုးသားနိုင်ငံရေးဆိုတာက နိုင်ငံရေးဝေါဟာရမှာ မရှိပါဘူး။ အမျိုးသားရေးဝါဒီဆိုလဲ အမျိုးသားရေးဝါဒီပေါ့။ တိုင်းပြည်အရေးအတွက်ဆိုလဲ တိုင်းပြည်အရေးအတွက်ပေါ့။ အဲဒီလိုပဲ ရှိပါတယ်။ ပါတီနိုင်ငံရေးဆိုတာ ဆရာ အခုနပြောသလိုပါပဲ တနိုင်ငံလုံးအတွက်၊ ပြည်သူတွေအားလုံးအတွက် ပြည်သူတွေက ရွေးချယ်ထားတဲ့ အစိုးရက လုပ်တာဖြစ်ပါတယ်။ ဒီနေရာမှာတော့ တပ်မတော်ရဲ့ စွဲနေတဲ့ အစွဲက ပါတီနိုင်ငံရေးက အာဏာနိုင်ငံရေး၊ အကွဲအပြဲ နိုင်ငံရေး ဖြစ်တဲ့အတွက် တပ်မတော်ကနေ ထိန်းကြောင်းပေးသွားရမယ်ဆိုတဲ့ စဉ်းစားချက်မျိုးက အခုအချိန်အထိ ရှိနေသေးတယ်။ ကျနော်တို့ သမိုင်းထဲမှာတော့ ပါတီတွေ ကွဲခဲ့တာ ရှိတယ်။ ဒါပေမဲ့ တချိန်တည်းမှာ တပ်မတော် နားလည်ထားဖို့က နိုင်ငံရေးရဲ့ သဘောသဘာဝအရ ပါတီတွေဆိုတာ ကွဲနိုင်ပါတယ်။ ကွဲတဲ့အခါမှာလဲ ဘယ်ပါတီက တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်မလဲ။ အဲဒီအပေါ် မူတည်ပြီးတော့ ပြည်သူတွေက မဲပေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဝင်ရောက်ဖြေရှင်းတဲ့အခါကြတော့ တပ်မတော်မှာက ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ Mandate ပေးအပ်ထားတဲ့ အာဏာမရှိပါဘူး။ အဲဒီအခါကြတော့ တပ်မတော်အနေနဲ့ ပြည်သူရဲ့ ငြိုငြင်မှုကို ခံရပြီးတော့ တပ်မတော်လည်း သိက္ခာကျ၊ တိုင်းပြည်လည်း စီးပွားရေးကျ နစ်နာရတဲ့ အနေအထားတွေ ဖြစ်တဲ့အတွက် ပါတီနိုင်ငံရေး နဲ့ ဒီမိုကရေစီ နိုင်ငံရေး သဘောသဘာဝကို ပိုမိုနားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်လာဖို့တော့ မျှော်လင့်ပါတယ်။