Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသတင်းလွတ်လပ်မှု အဆင့်အတန်းသတ်မှတ်တဲ့ နေရာမှာ ဘာတွေကို အခြေခံသတ်မှတ်သလဲ၊ ဘယ်လောက် မျှမျှတတ ရှိပါလဲ၊ သတင်းလွတ်လပ်မှု တိုးတက်လာအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာတွေကို နယ်စည်းမထား သတင်းထောက်များ အဖွဲ့ (RSF) အာရှပစ္စဖိတ် ရေးရာ ဒါရိုက်တာ Daniel Bastard နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ Daniel ပထမဦးဆုံး ကျနော် မေးချင်တာက ခင်များတို့ RSF က မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို စီစစ်တဲ့အခါမှာ ဘယ်လိုစံရည်စံညွှန်တွေ Criteria တွေကို သုံးပြီးတော့ စမ်းစစ်ခဲ့သလဲဆိုတာကို ပထမဦးဆုံး ပြောပါ။
ဖြေ ။ ။ ကျနော်တို့က အညွှန်း (၇) ချက်နဲ့ စမ်းစစ်ပါတယ်။ မီဒီယာတွေရဲ့ စနစ်တကျ သေသပ်မှု၊ နိုင်ငံရေး၊ စီးပွားရေး သြဇာအောက်က မီဒီယာ ကင်းလွတ်မှု၊ ကိုယ့်ဟာကိုယ် ထိန်းသိမ်းတည်ဖြတ်မှု Self-censorship, မီဒီယာဆိုင်ရာ ဥပဒေဘောင်၊ ပွင့်လင်းမြင်သာမှု၊ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ်၊ အခြေခံအဆောက်အအုံနဲ့ ဂျာနယ်လစ်တွေ အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံအခြေအနေနနဲ့ ပတ်သက်ပြီးတော့ သုံးသပ်တဲ့နေရာမှာ လုံးဝဓမ္မဓိဌာန်ကျတယ် Objective ဖြစ်တယ်လို့ ပြောနိုင်ပါသလား။
ဖြေ ။ ။ ဒါက ဓမ္မာဓိဌာန် ကျတယ်မကျဘူးနဲ့ မဆိုင်ပါဘူး။ ရိုးသားမှုနဲ့ပဲ ဆိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်မှုကို တန်းဖိုးဖြတ်တဲ့နေရာမှာ ကျနော်တို့က ပွင့်ပွင့်လင်းလင်း လုပ်ပါတယ်။ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေကို အခြေခံပါတယ်။ သူတို့ဆီ မေးခွန်းတွေ တစ်ရာကျော်လောက် ပို့ပါတယ်။ မြန်မာနိုင်ငံထဲကပါတယ်။ ပြည်ပကလူတွေပါတယ်။ သူတို့ပြောပြတာတွေကို တတ်နိုင်သမျှ အရှိကိုအရှိအတိုင်း၊ အမှန်အတိုင်း သုံးသပ်ပြီးမှ ဓမ္မဓိဌာန်ကျအောင် ကျနော်တို့ လုပ်ပါတယ်။
မေး ။ ။ သတင်းလွတ်လပ်မှုဆိုတာ နိုင်ငံတခုမှာ ဒီမိုကရေစီ ထွန်းကားမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ သတင်းလွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ မြန်မာနိုင်ငံမှာ တွေ့ရပါတယ်။ သတင်းလွတ်လပ်မှု မရှိလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရပ်တန့်နေပါတယ်။
မေး ။ ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဆိုပြီး ခေါ်ကြပါတယ်။ ဒါပေမဲ့ ခင်များတို့ရဲ့ စာရင်းထဲမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရပ်တန့်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့အောက်မှာ အိန္ဒိယက ရောက်နေတယ်။ အဲဒါကို ဘယ်လိုရှင်းမလဲ။
ဖြေ ။ ။ အိန္ဒိယမှာ ဒီမိုကရေစီ ကျဆင်းလာလို့ ဖြစ်ပါတယ်။ ဂျာနယ်လစ်တွေ တိုက်ခိုက်ခံနေရပါတယ်။ သတိထားပြီးတော့ ရေးနေရပါတယ်။ တကယ်တော့ အိန္ဒိယကို ကမ္ဘာမှာ အကြီးမားဆုံး ဒီမိုကရေစီလို့ ပြောသာပြောရတယ်။ ကျနော်တို့ RSF ရဲ့ သတင်းလွတ်လပ်ခွင့် စံရည်စံညွှန်းတွေကို စတင်ထုတ်ပြန်တဲ့ ၂၀၀၂ ခုနှစ်တုန်းက အိန္ဒိယက အဆင့် (၇၀-၈၀) လောက်မှာပဲ ရှိခဲ့ပါတယ်။ ဆိုတော့ အဲဒီမှာ ဒီမိုကရေစီ ယုတ်လျော့နေတာ အတော်ကြာပါပြီ။
မေး ။ ။ နောက်တခု မေးချင်တာက သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံတခုရဲ့ အာဏာပိုင်တွေပေါ်မှာပဲ မူတည်နေသလား။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းပေါ်မှာပဲ မူတည်သလားဆိုတာ ဖြစ်ပါတယ်။
ဖြေ ။ ။ မဟုတ်ပါဘူး ဒါဟာ အားလုံးကို ခြုံငုံသုံးသပ်မှုပါ Overall situation ပါ။ အစိုးရရဲ့ မူဝါဒကို မစမ်းစစ်ပါဘူး။ သတင်းလွတ်လပ်မှု တခုလုံးအပေါ် ကမ္ဘာကမြင်တဲ့ အမြင်ပါ။ ဥပမာ သတင်းလောကကို ဓနအင်အား ဘယ်လောက်လွှမ်းမိုးမှု ရှိတယ်ဆိုတာမျိုးပါ။
မေး ။ ။ လူထုရဲ့ မီဒီယာအပေါ် သဘောထားကို ဘယ်လိုထည့်တွက်ပါသလဲ။ လူထုထဲမှာ တချို့က သို့တည်မဟုတ် လူအများစုက အမျိုးသားရေးကို ဦးစားပေးတဲ့ မီဒီယာကို အားပေးကြတာရှိမယ်။ အဲဒါမျိုးကို ဘယ်လိုပြောမလဲ။
ဖြေ ။ ။ လူထုရဲ့ သဘောထားကို ကျနော်တို့ သိပ်မကြည့်ပါဘူး။ ဂျာနယ်လစ်တွေက သတင်း လွတ်လွတ်လပ်လပ် ဘယ်လောက်ရေးနိုင်သလဲ၊ လွတ်လပ်မှု ဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ပါတယ်။ ဒါပေမဲ့ ဥပမာတခုပြောရရင် အမုန်းစကားတွေဟာ Pluralism လို့ခေါ်တဲ့ ဗဟုဝါဒ ထိခိုက်စေပါတယ်။ ဒီကိစ္စမျိုးကိုတော့ ကျနော်တို့ ထည့်သွင်းစဉ်းစားပါတယ်။
မေး ။ ။ နိုင်ငံတကာ သုံးသပ်သူတချို့ကတော့ Hate Speech ဒါမှမဟုတ် အမုန်းစကားပြောတဲ့ကိစ္စပေါ့ - Hate Speech in Myanmar is deeper than Facebook - ဖေစ်ဘုတ်မှာ ဖော်ပြနေတာတင်မကဘူး မြန်မာနိုင်ငံရဲ့ အမုန်းစကားဟာ ဒီထက်ပိုပြီး နက်ရှိုင်းတယ်ဆိုပြီး ရေးကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်လိုပါသလဲ။
ဖြေ ။ ။ Facebook ဒါမှမဟုတ် လူမှု့ကွန်ရက်မီဒီယာဟာ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် ဖြန့်ချီရာမှာ အထူးအရေးကြီးပါတယ်။ ဘာတွေရေးပြီးတော့ တင်ကြမလဲဆိုတာ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ပြောလေ့ရှိတဲ့ ဖေစ်ဘုတ်ဌာနချုပ်ကို ကျနော်တို့က ဒီ့အတွက် မကြာခဏ ပြောရဆိုရပါတယ်။ မြန်မာနိုင်ငံမှာ မူစလင်ဆန့်ကျင်ရေး အမုန်းစကားတွေဟာ သတင်းအချက်အလက် လွတ်လပ်စွာ ဖြန့်ဝေခွင့်ကို အကြီးအကျယ် ထိခိုက်နေပါတယ်။ ဒါဟာ ပြဿနာ ဖြစ်စေပါတယ်လို့ ပြောရပါတယ်။ မြန်မာပြည်ထဲက NGO တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒါကိုထောက်ပြကြပါတယ်။ Facebook က ဒါကို ဂရုမစိုက်ခဲ့ပါဘူး။ ဒါဟာ စိုးရိမ်စရာပါ။
မေး ။ ။ ဒီနေရာမှာ Facebook ဟာ သတင်းလွတ်လပ်ခွင့်၊ သတင်းအချက်အလက် ဖြန့်ချီရာမှာ အင်မတန် အထောက်အကူ ပြုတယ်လို့ ဆိုကြပါတယ်။ မှန်လည်းမှန်ကြပါတယ်။ ဒါပေမဲ့ တဘက်မှာလဲ အမုန်းစကားကို အားပေးတယ်လို့ ဆိုကြပြန်ပါတယ်။ ဒီနှစ်ခုက ဝိရောဓိ ဖြစ်နေတဲ့သဘော။ ဘယ်လိုညှိမလဲ။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ Facebook ကို တောင်းဆိုချင်တာကတော့ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိစေဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လူမှုကွန်ရက်တွေမှာ တကယ်လစ်ဟာနေပါတယ်။ ဒါဟာ Facebook အနေနဲ့ Citizen Journalism ခေါ်တဲ့ နိုင်ငံသားတွေရဲ့ မီဒီယာအပေါ် ဘယ်လို ဂယက်ရိုက်ခတ်နိုင်တယ်ဆိုတာကို မစူးစမ်းဘဲ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အမုန်းစကားတွေ ပြန့်နံှ့လာနိုင်တယ်ဆိုတာကို သူတို့ မတွက်ခဲ့ကြပါဘူး။ ဒါကြောင့် ကျနော်တို့ Facebook ဆီက ပိုမိုပွင့်လင်းမြင်သာမှု လိုချင်ပါတယ်။
မေး ။ ။ ဆိုတော့ Facebook ဆိုတာ တကယ်တမ်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ပညာအခြေခံရှိတဲ့ လူတွေနဲ့သာ ထိုက်တန်တယ်။ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တယ်၊ အမြင်ကျဉ်းတဲ့လူတွေနဲ့ မထိုက်တန်ဘူးလို့ RSF က သတ်မှတ်တာလား။ သတ်မှတ်လိုတာလား။
ဖြေ ။ ။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုကို ကျနော်တို့ ပြောတဲ့နေရာမှာ Facebook က ဘာတွေရေးပြီးတော့ တင်နေတယ်ဆိုတာ အကြမ်းဖက်မှု ဝါဒဖြန့်တာ၊ လိင်ကိစ္စအပြုအမှုတွေကလွဲပြီး အမုန်းစကားတွေ ဘာတွေကို အလေးမထားခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့က အဲဒါကို တိုက်နေခဲ့တာပါ။
မေး ။ ။ ဟုတ်ကဲ့ ကျနော့်မေးခွန်းကို ပြန်ပြီးတော့ မေးချင်ပါတယ်။ ဥပမာ တရုတ်ပြည်မှာ Facebook ကို မသုံးနဲ့လို့ ပိတ်ပင်ခဲ့တယ်။ ဒါကို RSF က သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခဲ့တယ်ဆိုပြီး လက်မခံခဲ့ဘူး မဟုတ်လား။
ဖြေ ။ ။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ Censorship ဆင်ဆာဖြတ်တောက်မှုကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့၊ သတင်းရေးသားတဲ့အခါမှာ ဂျာနယ်လစ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သိက္ခာရှိရှိ ရေးသားကြဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Fake News သတင်းအမှားတွေကို တိုက်ဖျက်ပြီးတော့ ကောင်းမွန်မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေစေချင်တာပါ။
မေး ။ ။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ကျဆင်းတယ်လို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းထဲမှာ ဒီ Facebook ပေါ် ရေးသားချက်တွေဟာ အကြောင်းရင်းတရပ်အနေနဲ့ ပါဝင်ပါသလား။ အဓိကကျပါသလား။
ဖြေ ။ ။ အကြောင်းရင်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းရင်းတော့ မဟုတ်ပါဘူး။ အဓိကအကြောင်းရင်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေကို သတင်းအမှောင်ချထားပြီးတော့ သတင်းထောက်တွေ သွားရောက်ခွင့်မပေးတဲ့ကိစ္စ။ အဲဒီကိစ္စကို သတင်းယူဖို့၊ သတင်းလွှင့်ဖို့ ကြိုးစားတဲ့ ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးတဲ့ အမှုကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ကျဆုံးရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ သတင်းလွတ်လပ်ခွင့် အလားအလာကောင်းလာဖို့ RSF က ဘာတွေကို ထောက်ခံတင်ပြလိုပါသလဲ။
ဖြေ ။ ။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ သတင်းလွတ်လပ်ခွင့်ဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဒါဟာ သိပ်အားတက်စရာကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရလာပြီး (၂) နှစ်အကြာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အနည်းငယ်အတွင်းမှာ သတင်းလွတ်လပ်မှု ဆုတ်ယုတ်နေတာ တွေ့ရပါတယ်။ ဒါက ကျနော်တို့ ပြုပြင်စေချင်တဲ့ ဆက်သွယ်ရေးပုဒ်မ (၆၆-ဃ) ကြောင့် မဟုတ်ဘဲ၊ စစ်တပ်ရဲ့ ထိန်းချုပ်မှု တင်းကြပ်နေတဲ့အတွက် အရပ်ဘက်က လုပ်ဆောင်နေမှု ကျဉ်းမြောင်းနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ထိန်းချုပ်မှုကို လျှော့ပေးဖို့ ကျနော်တို့ လိုလားပါတယ်။
မေး ။ ။ ဒီနေရာမှာ RSF က ဦးသိန်းစိန်လက်ထက်မှာ အသွင်ကူးပြောင်းမှု စတင်တဲ့ကာလပေါ့ - သတင်းလွတ်လပ်မှု တိုးတက်ခဲ့တယ်၊ ကောင်းမွန်ခဲ့တယ်လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်လာပြီး (၂) နှစ်အကြာမှာ သတင်းလွတ်လပ်မှု ကျဆင်းလာတယ်ဆိုတော့ ဦးသိန်းစိန်လက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကို နှိုင်းယှဉ်တဲ့သဘောလား။ ဒါပေမဲ့ စဉ်းစားကြည့်ဖို့က ဒီနေရာမှာ ဦးသိန်းစိန်လက်ထက် သုညကနေ သုညတောင်မကဘူး အနုတ်လက္ခဏာကနေ စလာတယ်ဆိုတော့ တိုးတက်မှု အတိုင်းအတာက သိပ်ပေါ်လွှင်တာပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်က တိုးတက်မှု ရှိနေတဲ့ အခြေအနေကနေ ရှေ့ဆက်ပြီး အခြေအနေကနေ ရှေ့ဆက်ပြီးတော့ တိုးတက်မှု ရှိမရှိကို တိုင်းတာတယ်ဆိုတော့ ဒီနှစ်ခုကို တန်းတူထားပြီး တိုင်းတာတာ တရားမျှတမှု ရှိပါသလား။
ဖြေ ။ ။ ဒီနေရာမှာ နှိုင်းယှဉ်မှုက ပြဿနာ မဟုတ်ပါဘူး။ သတင်းလွတ်လပ်ခွင့်ဆိုတာ တိုက်ပွဲပါ။ ဘယ်တော့မှ ပြီပြည့်စုံတယ်လို့ မရှိနိုင်ပါဘူး။ ကျနော်တို့ RSF က အဲဒီတိုက်ပွဲကို ဦးဆောင်မှု တာဝန်ရှိတဲ့ အဖွဲ့အစည်းတရပ်ပါ။ သတင်းလွတ်လပ်ခွင့် ဆုံးပါးတော့မယ့် အခြေအနေရောက်နေပြီ၊ အကာအကွယ်ပေးရတော့မယ်လို့ အစိုးရကို သတိပေးရမယ့်တာဝန် ကျနော်တို့မှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို သတိပေးရဖို့ တာဝန်ရှိပါတယ်။