Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အကြမ်းဖက်ပဋိပက္ခတွေကြောင့် တည်ငြိမ်အေးချမ်းမှု နလံမထနိုင်သေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး အထူးသဖြင့် နိုင်ငံတကာ သတင်းမီဒီဒီယာတွေရဲ့ ရေးသားတင်ပြချက်တွေကို ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံတွင်းက လူတော်တော်များများက ဘဝင်မကျ ဖြစ်ကြတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းမကြာသေးမီက အဲဒီဒေသကို ကိုယ်တိုင်သတင်းသွားယူခွင့်ရရှိခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ကိုကျော်ကျော်သိန်း က တွေးဆထားပါတယ်။ ကိုကျော်ကျော်သိန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ချက် ပထမပိုင်းကို တင်ပြထားပါတယ်။
မေး ။ ။ အခု မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှု ပြဿနာကြီးတခုဖြစ်တဲ့ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကိုကျော်ကျော်သိန်း VOA ကိုယ်စားပြုပြီးတော့ သတင်းသွားယူတဲ့အခါမှာ အရင်တုန်းက ပို့ခဲ့တာနဲ့ထက် ထူးခြားတာကို တွေ့ရပါတယ်။ ကိုကျော်ကျော်သိန်း ပို့ခဲ့တာ ထူးခြားတာထက်၊ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ကြည့်တဲ့အခါကြတော့ သူတို့က ဒီတကြိမ်တော့ မျှတတယ်၊ နှစ်ဘက်အမြင်ကို ပို့တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးကို အများကြီးတွေ့ရပါတယ်။ ကျနော်တို့ ဂုဏ်ယူပါတယ်။ ဆိုတော့ ကျနော် သိချင်တာက အဲဒါ ဘာကြောင့်လဲ အရင်တုန်းက သတင်းယူကြတဲ့ သတင်းထောက်တွေက ဒီလို နှစ်ဘက်အမြင်ကို လွတ်လွတ်လပ်လပ် မေးခွင့်ကြုံခဲ့ကြရဲ့လား။ ဘယ်လောက်အထိ လွတ်လပ်မှု ရှိခဲ့သလဲ။ အဲဒီတွေကို နှိုင်းယှဉ်ပြီး ပြောပြပေးပါ။ အရင်သတင်းထောက်တွေ သွားခဲ့ရတဲ့ အတွေ့အကြုံ။
ဖြေ ။ ။ ရခိုင်ခရီးစဉ်က ကျနော်အတွက် မြန်မာနိုင်ငံကို တာဝန်နဲ့ပြန်လာတဲ့ ခရီးစဉ်တွေတိုင်းမှာ အခု ရခိုင်ခရီးစဉ်က ကျနော့်အတွက် ပထမဦးဆုံး ခရီးစဉ်ပါ။ ရှေ့မှာတော့ ကျနော်တို့ သတင်းဌာနက သတင်းထောက်တွေ သွားဖူးပါတယ်။ တခြားသတင်းထောက် အများကြီးလည်း အစိုးရက စီစဉ်ပေးတဲ့ တနည်းအားဖြင့်ပြောရရင်တော့ Government Sponsored Media Trip အစိုးရက ဦးဆောင်စီစဉ်ပြီးတော့ အစိုးရတာဝန်ရှိသူတဦး၊ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါပြီးတော့သွားတဲ့ ခရီးစဉ်က ဒီတကြိမ်မဟုတ်ပါဘူး။ အကြိမ်ဘယ်လောက်ရှိပြီဆိုတာ ကျနော်လက်ထက်မှာ စာရင်းမရှိလို့ပါ။ ဒါကတော့ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တခြားသတင်းသမားမီဒီယာတွေအတွက်တော့ပေါ့။ ကျနော့်အတွက်တော့ ပထမဦးဆုံးအကြိမ်ပါ။
ကျနော် သိထားသလောက်၊ နားလည်ထားသလောက် အစိုးရက စီစဉ်ပေးတဲ့ ခရီးစဉ်တိုင်းမှာ အစိုးရက လိုက်ပို့တဲ့နေရာတွေကိုပဲ သတင်းသမားတွေက သွားရတာပါ။ အဲဒီခရီးစဉ်တွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟိုနေရာသွားမယ်၊ ဒီနေရာသွားမယ်၊ ဟိုဖြတ်သွားမယ်၊ ဒီဖြတ်သွားမယ်ဆိုပြီတော့ သွားလို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ သွားလို့ရတဲ့ အခြေအနေ မဟုတ်ဘူးဆိုတာက ခရီးစဉ်ရဲ့ အချိန်အကန့်ကြောင့်နဲ့ တခြားလုံခြုံရေးပိုင်ဆိုင်ရာကြောင့်လည်း ဖြစ်ပါတယ်။ အဓိကတော့ အချိန်အကန့်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သို့သော် ကျနော် နားလည်ထားသလောက်တော့ အရင်တုန်းက ခရီးစဉ်တွေမှာလည်း သွားကြပါတယ်။ အစိုးရက ဒီနေရာသွားတယ်ဆိုပေမယ့်လဲ အဲဒီနေရာကနေ နည်းနည်းလေး သွားတဲ့ခရီးစဉ်ရဲ့ လမ်းကြောင်းပေါ်မှာပဲသွားတာတွေ ရှိပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်လို့တော့ အစိုးရလမ်းကြောင်းအတိုင်း စီစဉ်ပေးထားတဲ့ နေရာတွေကို ကျနော်လည်းပဲ ဒီအတိုင်းပဲ သွားခဲ့တာပါ။ အရင်တုန်းက ခရီးစဉ်တွေမှာလဲ ဒီအတိုင်းသွားကြတယ်။ သွားတဲ့ရောက်တဲ့ နေရာတွေမှာတော့ လွတ်လွတ်လပ်လပ် ပြောဆိုမေးမြန်းခွင့် ရကြပါတယ်။ အဲဒီမှာတော့ ဘာမှကန့်သတ်ချက် မရှိဘူးလို့ပဲ ကျနော် ပြောရမှာပါ။
မေး ။ ။ ဆိုတော့ အခု ကိုကျော်ကျော်သိန်းတို့သွားတဲ့အထဲမှာ ဆိုကြပါစို့ သိပ်နာမည်ကြီးနေတဲ့ အင်းဒင်ကျေးရွာ ကိုကျော်ကျော်သိန်း ရောက်တယ်။ အရင်သတင်းထောက်တွေ ပြည်တွင်းပြည်ပ သတင်းထောက်တွေ၊ နိုင်ငံတကာသတင်းထောက်တွေလည်း အဲဒီကို ရောက်ကြမယ်လို့ ထင်ပါတယ်။ သူတို့ကြတော့ကော နှစ်ဘက်ကွန်မြူနီတီရဲ့ သဘောထားကို မမေးခဲ့ကြဘူးလား။ ကိုကျော်ကျော်သိန်းကို ပြောကြတဲ့အထဲမှာ သူတို့က သတင်းထောက်တွေကို သိပ်အတွေ့မခံချင်ကြတော့ဘူးလို့ ပြောထားတာ တွေ့ရပါတယ်။ အဲဒါကို နည်းနည်းပြောပြပါ။
ဖြေ ။ ။ နှစ်ဘက်အမြင် မမေးကြဘူးလားဆိုတော့ အရင်သတင်းထောက်တွေ ဘယ်လိုမျိုး သတင်းတွေကို မေးမြန်းပြီး တင်ဆက်တယ်ဆိုတာကို အကုန်လုံးတော့ ကျနော် ဒီအစီအစဉ်မှာ ပြောဖို့ကတော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ရောက်ခဲ့တဲ့ အင်းဒင်ရွာရဲ့ အခြေအနေ၊ ကျနော်တွေ့ပြီးတော့ မေးမြန်းခွင့် ရခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျန်တဲ့လူတွေကတော့ ကျနော် မေးတဲ့ဟာကို ပြောဆိုဖို့ ငြင်းကြပါတယ်။ သူတို့အနေနဲ့ အင်းဒင်ရွာအဖြစ်အပျက်နဲ့ ပတ်သက်လို့ မသိကြဘူး။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းထဲမှာ ပုန်းအောင်းနေကြတယ်လို့ ဖြေကြပါတယ်။
အရင်သတင်းထောက်တွေလဲပဲ ဒီလိုမျိုးပဲ အလားသဏ္ဍာန်တူ မေးခွန်းမျိုး၊ အလားသဏ္ဍာန်တူ အခြေအနေမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်က အင်းဒင်ရွာကိုရောက်တဲ့ ပထမဦးဆုံး သတင်းသမားလည်း မဟုတ်ပါဘူး။ ပြည်တွင်းသတင်းသမား အများအပြားနဲ့ ပြည်ပသတင်းသမား အများအပြားတို့ အင်းဒင်ရွာကို အကြိမ်ကြိမ်ရောက်ဖူးကြပါတယ်။ ပြည်တွင်းပြည်ပ သတင်းသမားတွေ သွားကြတဲ့အကြိမ်တွေမှာ ကျနော်မေးမြန်းတာအရ၊ ကျနော်ရတဲ့ အတွေးခံစားချက်က ဘာလဲဆိုတော့ သူတို့အင်းဒင်ရွာကိုသွားတယ်။ အင်းဒင်ရွာက ကျေးရွာသူကျေးရွာသားတွေနဲ့ မေးတယ်။ နောက်ဆုံး အင်းဒင်ရွာမှာ မူစလင်တွေက သတ်လိုက်တယ်လို့ စွပ်စွဲတဲ့ ဦးမောင်နင်ရဲ့ အမျိုးသမီးလည်းပဲ သတင်းမီဒီယာသမားတွေနဲ့ အကြိမ်ကြိမ်တွေ့ဖူး၊ တွေ့ပြီးတော့ မေးမြန်းတာတွေ ရှိပါတယ်။
သို့သော် ဒီရွာသူရွာသားတွေရဲ့ အထွေထွေယေဘုယျ ခံစားချက်က ဘယ်လိုရှိသလဲဆိုတော့ ကျနော် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မေးမြန်းတာကနေ ခံစားရတာက ဘာလဲဆိုတော့ သူတို့ရွာက အဖြစ်အပျက်နဲ့ ပတ်သက်ရင် နိုင်ငံတကာသတင်းမီဒီယာတွေ၊ ပြည်တွင်းသတင်းမီဒီယာတွေလိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးက မပြောပါဘူး။ သူက နိုင်ငံတကာသတင်းမီဒီယာကို အဓိကပြောပါတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုက တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မူစလင် (၁၀) ဦးကို မြန်မာလုံခြုံရေးတပ်နဲ့ ဒေသခံရွာသားတွေ သတ်ပြစ်လိုက်တဲ့ကိစ္စကိုပဲ စိတ်ဝင်စားတယ်။ အဲဒီကိစ္စအပြင် ကျန်ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို စိတ်မဝင်စားဘူး။ ဥပမာ ကျေးရွာအုပ်ချုပ်ရေးမှူး ကျနော်ကို ပြောတာက သူက ပြန်မေးတယ်။ ကျနော်ရှေ့မတိုင်ခင် လာသွားခဲ့တဲ့ နိုင်ငံတကာသတင်းမီဒီယာတခုကို သူက ပြန်မေးတယ် - သူတို့ရွာသား ဦးမောင်နင် အသတ်ခံရတာ သိသလား။ ဆိုတော့ အဲဒီမီဒီယာက မသိဘူးလို့ ဖြေတယ်။ တခါ ဟိုဘက်မှာ ဟိန္ဒူရွာသားတွေ အသတ်ခံရတာ သိသလားဆိုတော့ မသိဘူးလို့ဖြေတယ်။ သူကပြောတယ် စိတ်မကောင်းဘူးလို့ ပြောပါတယ်။
ဆိုတော့ သူတို့ရဲ့ အထွေထွေခံစားချက်က ဘယ်လိုဖြစ်သွားသလဲဆိုတော့ လာတဲ့သတင်းမီဒီယာတွေက သူတို့စိတ်ဝင်စားတဲ့ကိစ္စ၊ သူတို့သိချင်တာတခုပဲ ရှိတယ်။ မူစလင် အသတ်ခံရတဲ့ကိစ္စကိုပဲ စိတ်ဝင်စားတယ်။ ကျန်တဲ့အဝန်းအဝိုင်းကလူတွေ ခံစားရတာ၊ သတ်ဖြတ်ခံရတာတွေကို စိတ်မဝင်စားဘူး။ သိလဲမသိဘူး။ သူတို့ရဲ့ သတင်းကိုလိုချင်ပုံ၊ တင်ပြပုံ၊ သတင်းပြောပုံတွေက တဘက်စောင်းနင်းဖြစ်တယ်ဆိုတဲ့ ယေဘုယျအမြင် ခံစားချက်မျိုးရှိတဲ့ သဘောမျိုး ကျနော်ကို ပြောကြပါတယ်။ အဲဒါက ကျေးရွာအုပ်ချုပ်ရေးမှူး ပြောသလို၊ အခုနပြောသလို ကျန်တဲ့ရွာသားတွေ ငြင်းဆန်တာကလဲ အဲဒီအချက်ကို ထင်ဟပ်ပါတယ်။
မေး ။ ။ နောက်တခု ကိုကျော်ကျော်သိန်းပို့တဲ့သတင်းထဲမှာ နောက်တခု သတိထားမိတာက ဒုက္ခသည်တွေ ပြန်လာရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာသတင်းတော်တော်များများထဲမှာ ဘယ်သူမှ ပြန်မသွားချင်ဘူး။ ပြန်မယ့်အစား ကိုယ့်ကိုယ်ကိုပဲ သတ်သေပြစ်မယ်ဆိုတဲ့ သတင်းမျိုးတွေပဲ အပြင်းအထန် ကြားနေရပါတယ်။ အခု ကိုကျော်ကျော်သိန်း ရောက်သွားပြီး သတင်းယူ၊ သတင်းပို့တော့ ပြန်လာချင်တဲ့လူတွေရဲ့ ဆန္ဒကိုလည်း ကြားသိရတယ်။ အဲဒီကိစ္စမှာကော ကျန်တဲ့သတင်းသမားတွေအနေနဲ့ အထူးသဖြင့် နိုင်ငံတကာသတင်းသမားတွေအနေနဲ့ နှစ်ဘက်ကို မချဉ်းကပ်ခဲ့တာလား။ အင်းဒင်ရွာကိစ္စလိုပဲ သူတို့စိတ်ဝင်စားတာကိုမေးပြီး လုပ်သွားလေသလားဆိုတာကို ကျနော် သိချင်ပါတယ်။
ဖြေ ။ ။ ယေဘုယျပြောရမယ်ဆိုရင်တော့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ချဉ်းကပ်မှုက ကိစ္စရပ်တခုတည်းကိုပဲ အာရုံစိုက်ပြီးတော့ ချဉ်းကပ်ကြတယ်လို့ ကျနော် အဲဒီလိုပဲ တွေးမိပါတယ်။ ဘာကြောင့် ပြန်မလာချင်ကြတာလဲ။ ပြန်မလာချင်ကြလိုတဲ့ ဘယ်လိုအခြေအနေတွေ ရှိကြသလဲဆိုတာကိုပဲ သူတို့အာရုံစိုက်ပြီးတော့၊ ပြန်လာချင်ကြတဲ့လူတွေရှိတယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေဘက်ကလည်း ပြောထားတာ ထပ်ခါတလဲလဲ ရှိကြပါတယ်။ ဒီဘက်မှာ စီးပွားရေးလုပ်ငန်း၊ ဆွေမျိုးသားချင်း ရှိကြတဲ့လူတွေက ပြန်လာချင်တယ်။ အဲဒီလူတွေရဲ့စာရင်း ဘင်္ဂလားဒေ့ရှ်က ပြုစုတဲ့စာရင်းထဲမှာ မပါဘူး။ တခါ ထွက်ပြေးသွားကြတဲ့ ဟိန္ဒူအုပ်စုတွေ ရှိတယ်။ အဲဒီလူတွေ ပြန်လာချင်တယ်။ အဲဒီလူတွေ စာရင်းထဲမှာ မပါဘူး။ စာရင်းထဲမှာပါတဲ့ လူတွေက ပြန်မလာချင်ကြတဲ့ လူတွေပဲပါတယ်ဆိုပြီတော့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကလဲ ထပ်ခါတလဲလဲ ပြောထားပါတယ်။
ကျနော်က အဲဒီအချက်ကို ခေါင်းထဲသွင်းပြီးတော့ အဲဒီကိစ္စကို မေးတာပါ။ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုမှာ သူတို့ရဲ့ သတင်းတင်ပြပုံ၊ တင်ဆက်မှုမှာတော့ ပြန်လာချင်တဲ့လူတွေ ရှိသလား၊ မရှိဘူးလား ဆိုတာမျိုးကို သတင်းတင်ပြတာ နည်းပြီးတော့ မရှိသလောက်ပါ။ နည်းပြီးတော့ ပြန်မလာချင်ကြဘူး။ ပြန်မလာချင်ကြတဲ့ အကြောင်းရင်းမှာလဲ ဒီဘက်အစိုးရက လုံခြုံရေးအခြေအနေ၊ နိုင်ငံသားကဒ်ကိစ္စ၊ တခါ သူတို့ရဲ့ အခွင့်အရေး အပြည့်အဝမရတာ စသဖြင့် အဲဒါကိုဇောင်းပေးပြီးတော့ တင်ပြတဲ့သဘောမျိုး ကျနော်တို့လဲ နိုင်ငံတကာသတင်းတွေဖတ်တဲ့အချိန်မှာ အဲဒီလိုမျိုးပဲ တွေ့ရပါတယ်။ နောက်တခုက ကျနော်တင်ပြတဲ့အထဲမှာပါတဲ့ ပြန်လာချင်ကြတဲ့လူတွေလည်း ရှိတယ်ဆိုတာလဲ ကျနော်တို့ဘက်က Safe Side အကာအကွယ် သေသေချာချာယူပြီးတော့ ယထာဘူတ အခြေခံကျကျက ပြောရမယ်ဆိုရင်တော့ ကျနော် တွေ့ဆုံမေးမြန်းခဲ့တဲ့ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လာတဲ့ မူစလင်တဦးကပြောတဲ့ စကားလည်း ရှိပါသေးတယ်။ တကယ့်တကယ်ကြတော့ ဒုက္ခသည်စခန်းတွေထဲက ပြန်လာချင်ကြတဲ့လူတွေကို ကျနော်တို့ တယောက်နှစ်ယောက်ထက် ဒီထက်ပိုတွေ့ဆုံမေးမြန်းခွင့် ရမယ်ဆိုရင် ပိုပြီးတော့ ဒီကိစ္စက ဟုတ်မဟုတ်ကို ပိုပြီးတော့ ထင်ရှားလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ အခုလက်ရှိကတော့ မူစလင်တဦးထဲရဲ့အမြင်ကိုပဲ ကျနော်က တင်ပြခွင့်ရသေးတဲ့ အခြေအနေပါ။ အဲဒီအခြေအနေကိုပဲ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေတချို့က တင်ပြမှုပိုင်းမှာ အားနည်းခဲ့လေသလားလို့ အဲဒီလိုတော့ စဉ်းစားလို့ရမယ် ထင်ပါတယ်။
မေး ။ ။ နောက်တခုက ဒုက္ခသည်တွေ ပြန်လာဖို့အတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ သဘောတူညီမှု ရပြီးတဲ့နောက်မှာ မြန်မာဘက်က ပြင်ဆင်မှုတွေလုပ်တယ်ဆိုပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဝန်ကြီး သွားပြီးတော့ ရှင်းပြနေတာလဲ တွေ့ပါတယ်။ ဒါနဲ့ပတ်သက်လို့လဲ နိုင်ငံတကာသတင်းတွေထဲမှာ ဒါက လုံးဝစိတ်မချရဘူး၊ ဘယ်လို မဖြစ်ဘူးလို့ တချိန်လုံးပြောနေကြတာကို တွေ့ရပါတယ်။ အခု ကိုကျော်ကျော်သိန်း မျက်မြင် ဒုက္ခသည်တွေ ပြန်လာဖို့အတွက် လုပ်ထားတဲ့လုပ်ဆောင်ချက်တွေကိုလည်း နည်းနည်းသုံးသပ်ပြပါ။
ဖြေ ။ ။ ကျနော်မြင်ရတာတော့ တောင်ပြိုလက်ဝဲ ကုန်လမ်း၊ ရေလမ်း စခန်းနှစ်ခုနဲ့ လက်ခံဖို့ စီစဉ်ထားတဲ့အထဲမှာ ကျနော်တို့ သွားခွင့်ရခဲ့တာ တောင်ပြိုလက်ဝဲစခန်း။ ရေလမ်းကနေ ဝင်လာမယ့် ငါးခူရ စခန်းတော့ သွားခွင့်မရခဲ့ဘူး။ တောင်ပြိုလက်ဝဲစခန်းမှာတော့ ပြင်ဆင်ထားတဲ့အရာတွေက ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ တော်တော်လေး စနစ်တကျ ပြင်ဆင်ထားပုံ ရှိပါတယ်။ အဲဒီမှာ ကျနော် မေးပါတယ် ဒီလိုပြင်ဆင်ထားတဲ့ဟာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ လာကြည့်သလား။ ကုလသမဂ္ဂ လာကြည့်သလား၊ တခြားနိုင်ငံတကာက လာကြည့်သလားဆိုတော့ အဲဒီစခန်း တာဝန်ခံကိုယ်တိုင်ကိုက ကုလသမဂ္ဂအပါအဝင် သတင်းမီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ လာကြည့်ကြတယ်။ ကျနော်တို့ သွားပြီးရက်ပိုင်းအတွင်းမှာပဲ အာဆီယံဝန်ကြီးအဖွဲ့လည်း လာကြည့်ကြမယ်လို့ ပြောပါတယ်။ တကယ်ရောက်မရောက်တော့ ကျနော် အတည်ပြုချက် မပေးနိုင်ပါဘူး။ ဆိုတော့ လာကြည့်ကြရင်တော့ ကျနော် တွေ့သလိုပဲ သူတို့ တွေ့ကြမှာပါ။