ပြန်လည်လက်ခံ နေရာချထားရေး အလားအလာ

Your browser doesn’t support HTML5

ပြန်လည်လက်ခံ နေရာချထားရေး အလားအလာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံ နေရာချထားရေး ပြောဆိုဆွေးနွေးသံတွေ အခုအချိန်မှာကြားနေရပေမယ့် လက်တွေ့ဖြစ်နိုင်ဖို့တော့ အလှမ်းဝေးလိမ့်အုံးမယ်လို့ ဒီအပတ်အစောပိုင်းကပဲ ရခိုင်မြောက်ပိုင်းနယ်စပ်ဒေသကို သွားရောက်ခဲ့တဲ့ VOA အဖွဲ့သူ မစုမြတ်မွန် က သုံးသပ်ပါတယ်။ ဒီဒေသကို နိုင်ငံတကာမီယာတွေ သွားရောက်ခွင့် ပိုပေးသင့်တယ်လို့လည်း ဆိုပါတယ်။ မစုမြတ်မွန်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြန် သတင်းထောက်လို့ ပြောရမှာပေါ့။ အခုအချိန်မှာ ဒုက္ခသည်တွေ ဟိုဘက်ထွက်ပြေးသွားတဲ့ လူတွေကို ပြန်လည်လက်ခံဖို့အတွက် နိုင်ငံတကာကလည်း တိုက်တွန်းတယ်။ အစိုးရကလည်း စီစဉ်နေပြီ၊ ညှိနှိုင်းနေပြီလို့ ပြောတယ်။ ဟိုမှာ တကယ်တွေ့ခဲ့ရတာ တကယ်ပြန်လာနိုင်မယ့် အခြေအနေ၊ အလားအလာ ဘယ်လို နေပါလဲ။ အလားအလာ ကောင်းသလား။ ပြန်လာနိုင်တဲ့ အခြေအနေ ရှိသလားဆိုတာကို အကြမ်းဖျဉ်း အရင်ဦးဆုံး သုံးသပ်ပါအုံး။

မစုမြတ်မွန် ။ ။ ပြန်လာနိုင်တဲ့ အခြေအနေ ရှိသလားဆိုတာထက် ပြောရမယ်ဆိုရင်တော့ ပြန်လာဖို့ ဆွေးနွေးနေတဲ့ ကိစ္စတွေက အခုမှ စလုံးရေးစ အဆင့်မှာပဲ ရှိသေးတယ်။ အဆင့်တွေ အများကြီး လိုအုံးမယ်။ အချိန်တွေ အများကြီး လိုအုံးမယ်လို့ မြင်မိပါတယ်။ နောက်တချက်က ဟိုဘက်ကို ပြန်သွားတဲ့လူတွေက ဒီဘက်ကို ပြန်လာချင်သလားဆိုတာ မေးခွန်းတခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင် တွေ့ပြီးတော့ မေးခွင့်ရခဲ့တဲ့ မူစလင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကမေးတယ် - ဟိုဘက်ကို သွားလို့ရှိရင် ဒီထက်အခြေအနေဆိုးမယ်။ အခုဆိုရင် ဒီဘက်မှာဆိုရင် အစိုးရကလည်း သူတို့ကို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီးတော့ ပြောထားပြီသာ။ မသွားဘဲနဲ့ နေလို့မရဘူးလားဆိုတော့ - သူတို့အနေနဲ့ ဒီမှာ စားဝန်နေရေး ခက်ခဲတယ်။ နေရေးထိုင်ရေးက ဘယ်လိုမှ မဖြစ်နိုင်တော့လို့ သူတို့သွားမယ်။

ဟိုဘက်မှာ အခြေအနေမကောင်းလို့ ပြန်လာမလားဆိုတော့ - ပြန်လာဖို့ ဆန္ဒမရှိဘူးလို့တော့ မေးခွန်းရတဲ့လူကတော့ ပြောပါတယ် - ဒါပေမဲ့ တခုရှိတာကတော့ ကိုယ်မေးခွင့်ရတဲ့ လူရဲ့ တယောက်နှစ်ယောက်ကပဲ ဖြေတာဆိုတော့ ဟိုဘက်ကို ထွက်ပြေးသွားတဲ့ မူစလင်အားလုံးရဲ့ သဘောထား ဟုတ်မဟုတ် ဆိုတာကတော့ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ တွေ့ခွင့်ရခဲ့သလောက်ဆိုလို့ရှိရင် သူတို့တွေအနေနဲ့ ဟိုဘက်ကနေ ပြန်လာဖို့ စိတ်ဆန္ဒတော့ သိပ်ရှိပုံမရဘူး။ ဒီဘက်ကလည်း ပြန်လက်ခံဖို့အတွက် အခြေအနေတွေက အများကြီး လိုသေးတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီဘက်ကို ထွက်သွားတဲ့ မူစလင် ဒုက္ခသည်အဖြစ်နဲ့ ဟိုဘက်ရောက်နေတဲ့လူတွေ။ ဒီဘက်မှာ ကျန်ခဲ့တဲ့ မူစလင် မဟုတ်ဘဲ၊ တခြား ဗုဒ္ဓဘာသာတွေ၊ တခြားလူမျိုးစု၊ တိုင်းရင်းသားတွေရဲ့ အခြေအနေက ဘယ်လိုလဲ။ သူတို့ရဲ့ စားဝတ်နေရေးက ဒီလူတွေလိုပဲ မခက်ခဲဘူးလား။ သူတို့ထက် ပိုလွယ်ကူနေလို့လား။

မစုမြတ်မွန် ။ ။ အဲဒါတော့ ပြောရမှာ ဘယ်လိုလဲဆိုတော့ အဲဒီနေ့ကသွားတဲ့ ခရီးစဉ်က အဓိက တပ်မတော်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားဖို့ပြင်ဆင်နေတဲ့ မူစလင်တွေရှိတဲ့နေရာ နှစ်ခုကို ခေါ်ပြတာပါ။ ကိုယ်မြင်ခဲ့ရာတာကလည်း အဲဒီနေရာ နှစ်ခု။ ဒါပေမဲ့ တခုရှိတာက အဲဒီလို သူတို့ဆီကိုရောက်အောင် သွားတဲ့နေရာမှာ အဲဒီလမ်းခရီးမှာတော့ ဖြတ်သွားရာမှာ တချို့ရွာတွေတော့ တွေ့တယ်။ ရွာတွေကလည်း မြင်ရသလောက်တော့ အဲဒီမှာ လူတွေလည်း မရှိတော့ဘူး။ တချို့ လူလေး နည်းနည်းပါးပါး စပါးစိုက်ခင်းတွေမှာ တွေ့ရတာရှိတယ်။ သူတို့အနေနဲ့ ဘယ်လိုမျိုး နေထိုင်စားသောက်နေသလဲဆိုတာ ကိုယ်ကိုယ်တိုင်က ကားပေါ်ကပဲ ဖြတ်သွားတဲ့အတွက်ကြောင့် ပြောဖို့တော့ နည်းနည်းခက်တယ်။ မြင်ရသလောက်တော့ သူတို့လည်း သိပ်ပြီးတော့ လွယ်လွယ်ကူကူတော့ ဟုတ်ပုံမရဘူး။ တကယ့်ဆင်းဆင်းရဲရဲ အခြေအနေကိုတော့ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ စပါးစိုက်ခင်း တွေ့ရတယ်ဆိုလို့ ကြားဖြတ်ပြီး တခုမေးချင်ပါတယ်။ အဲဒီ စပါးတွေ မရိုတ်သိမ်းဘဲ ကျန်ခဲ့တာကို အာဏာပိုင်တွေက စီစဉ်ပြီးတော့ ရိုတ်သိမ်းဖို့ လုပ်နေတယ်။ စက်ပစ္စည်း ပို့ပေးနေတယ်ဆိုတဲ့ သတင်းတခုလည်း ကြားမိပါတယ်။ အဲဒါ ဟုတ်ပါသလား။

မစုမြတ်မွန် ။ ။ အဲဒါကတော့ သတင်းစာတွေမှာလည်း တွေ့တယ်။ တချို့နေရာတွေမှာလည်း ရိုတ်နေတာတွေတော့ သတင်းစာထဲမှာ ဖတ်ရတယ်။ ဒါပေမဲ့ ကျမ ဟိုတနေ့က သွားရတဲ့နေရာမှာ ကိုယ်မြင်ရတဲ့ မြင်ကွင်းမှာတော့ အဲဒါမျိုးတော့ မတွေ့ခဲ့ရပါဘူး။ တချို့စပါးခင်းတွေဆိုလည်း တော်တော်လေး မှည့်နေတာမျိုး တွေ့ရတယ်။ ဒါပေမဲ့ ရိုတ်တယ်မရိုတ်ဘူးဆိုတာတော့ အခုနပြောသလို ကိုယ်က ကားပေါ်က ဖြတ်သွားတယ်။ အဲဒီနေရာမှာ ဆင်းပြီးတော့ လေ့လာခွင့်၊ မေးခွင့် မရတဲ့အခါကြတော့ အတိအကျဖြေဖို့ ခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောကပြောတယ် .. ရွာတွေမှာလည်း လူတွေကို ကျိုးတိုးကျဲတဲ တွေ့ရတယ်။ ဘယ်သူမှ မရှိဘဲ ကွင်းပြင်ကြီးတွေ ဖြစ်နေတယ်ဆိုတာ ပြောတော့ … အဲဒီမှာ အရင်နေခဲ့တဲ့ ဟိုဘက်ကိုပြေးတဲ့ လူတွေမဟုတ်ဘဲနဲ့ ဒီဘက်မှာ ရှောင်တိမ်တဲ့ ရွာသားတွေက ပြန်မလာကြသေးဘူးလား။ ဗုဒ္ဓဘာသာတွေ ရှိမယ်။ တခါ ဒီဘက်ကလည်း မူစလင်တွေလည်း ဒီဘက်ကို ရှောင်တဲ့လူတွေ ရှိတယ်။ သူတို့ကော ပြန်လာဖို့ အခြေအနေ ဘယ်လို တွေ့ရသလဲ။

မစုမြတ်မွန် ။ ။ အဲဒီမှာလဲ ကျမတို့ကို ကားမောင်းလိုက်ပို့တဲ့ ဒေသခံ ရခိုင်လူမျိုး - သူကို မေးကြည့်တယ်။ သူကလည်း ဒီအရေးအခင်းတွေဖြစ်တော့၊ ပြဿနာ ပဋိပက္ခတွေဖြစ်တော့ စစ်တွေကို သူတို့ မိသားစုအလိုက် ပြောင်းသွားတယ်လို့ ပြောတယ်။ ကျမတို့ ဖြတ်သွားခဲ့တဲ့ နေရာကိုလည်း သူကပြတယ် … ကျနော်တို့ရွာလို့ ပြတယ်။ အဲဒီရွာမှာဆိုရင်လဲ ဘာမှကို မရှိတော့ဘူး။ လူတွေလည်း တယောက်မှ မရှိတော့ဘူး။ သူကိုယ်တိုင်လည်း အခု အခြေအနေ တည်ငြိမ်တယ်ဆိုတာကို ပြန်လာကြည့်တဲ့အနေနဲ့ တယောက်တည်း ပြန်လာတယ်။ သူ့မိသားစုတွေက ကျန်ခဲ့တယ်လို့ပြောတယ်။ ဆိုတော့ ပဋိပက္ခတွေကြောင့်မို့ လုံခြုံတဲ့နေရာကို သွားကြတဲ့ ဒေသခံတိုင်းရင်းသားတွေက လောလောဆယ်မှာ ဒီဘက်ကို ပြန်လာပြီးတော့ နေဖို့ဆိုတာ အဆင်သင့် မဖြစ်ဘူးလို့ ပြောရမလား။ ပြန်လာနေဖို့အတွက် စဉ်းစားနေတုန်းပဲ ထင်တယ်။ မတွေ့ခဲ့ရဘူး။ ဖြတ်သွားခဲ့တဲ့ လမ်းတလျှောက်မှာတော့ ပဋိပက္ခ ဖြစ်သွားခဲ့တဲ့ .. ယာဉ်မောင်းပြောပြတဲ့ သူ့ရွာဆိုရင် … ကျောင်းတကျောင်းတွေ့တယ်။ အဲဒီကျောင်းဆိုလည်း ဖျက်ဆီးခံထားပုံရတယ်။ နောက် မီးလောင်နေတဲ့ နေရာတွေလည်း တွေ့ရတယ်။ ဆိုတော့ ဘေးကင်းရာကို ပြောင်းနေရာကနေ သူတို့ မူလရှိတဲ့ နေရာတွေကိုတော့ ပြန်လာသေးပုံ မရဘူးရှင့်။

ဦးကျော်ဇံသာ ။ ။ အခု မစုမြတ်တို့ သွားတဲ့အထဲမှာ နိုင်ငံခြား သတင်းဌာနက လူတွေ ပါတယ်ပေါ့။ နိုင်ငံခြားသတင်းထောက်တွေ ပါသလား။

မစုမြတ်မွန် ။ ။ နိုင်ငံခြား သတင်းဌာနတွေကို သူတို့ ခေါ်တယ်။ ဒါပေမဲ့ နိုင်ငံခြားသတင်းထောက်တော့ မပါပါဘူး။ ပြောရမယ်ဆိုရင်တော့ ကိုယ်တယောက်ထဲ နိုင်ငံခြားသားလို့ ဖြစ်နေတာပါတယ်။ ကျန်တာတွေကတော့ ဒီဒေသခံ မြန်မာနိုင်ငံမှာပဲ အခြေစိုက်ပြီး၊ မြန်မာနိုင်ငံမှာပဲလုပ်တဲ့ … ဒါပေမဲ့ နိုင်ငံခြားသတင်းဌာနတွေအတွက်ပေါ့။ ဥပမာ AFP, Reuters, Xinhua တို့လို သတင်းဌာနတွေမှာလုပ်တဲ့ သတင်းထောက်တွေတော့ ပါပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီပြဿနာဟာ တော်တော်ကို ကြီးကျယ်တဲ့ ပြဿနာကြီး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ပြောပြချက်အရဆိုရင် လူဦးရေ သန်းတဝက်လောက် ဟိုဘက်ကို ထွက်ပြေးကြတယ်။ ကမ္ဘာမှာလည်း ဟိုလေတကြော် ဖြစ်ခဲ့တဲ့ ပြဿနာကြီးတခု။ ဒီလောက် ပြဿနာကြီးကို မစုမြတ်တို့ကို နာရီပိုင်း ခေါ်ပြတဲ့ တရက်တာ ခရီးဆိုတော့ ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ Investigative journalism ဆိုကြပါစို့ - ဒီဖြစ်ရပ်မှန်ကို ခြေခြေမြစ်မြစ် စုံစမ်းပြီးတော့ လေ့လာသုံးသပ်နိုင်ဖို့ အချိန်ကော ရကြပါလား။ ရမယ်ထင်သလား။

မစုမြတ်မွန် ။ ။ အမှန်အတိုင်း ပြောရရင်တော့ မရပါဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ သွားကတည်းက ဒီအစီအစဉ်က တပ်မတော်ရဲ့ အစီအစဉ်နဲ့ ခေါ်သွားတယ်။ သူတို့ခေါ်သွားတဲ့ နေရာကိုပဲ ကြည့်ရတယ်။ ကြည့်ရင်တော့ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးပါတယ်။ မေးတာကိုလည်း ကိုယ် မေးချင်သလို လွတ်လွတ်လပ်လပ် မေးခွင့်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကြတော့ ခဏလေးပဲ တနေရာမှာ တွေ့ရတယ်၊ မြင်ရတယ်ဆိုတော့ တကယ်တမ်း ဒီဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ပြဿနာကြီး အကြီးကြီး ဖြစ်ခဲ့တာဟာ နောက်ခံအကြောင်းရင်း၊ လက်ရှိ ဖြစ်နေတဲ့ အခြေအနေ။ နောက် ဆက်ပြီးတော့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ တကယ်တမ်း သတင်းထောက်တယောက်အနေနဲ့ မေးချင်တဲ့ မေးခွန်းတွေ အများကြီးပဲ။ အဲဒီလို မေးခွင့်လည်း မရဘူး။ အချိန်လည်း မရဘူး။ နောက်တခုက ဒီမှာပြောစရာ ဘာသာစကားလည်း အခက်အခဲရှိတယ်။ သူတို့ ပြောတဲ့စကားကိုလည်း ကိုယ်က နားမလည်တော့ ဘာသာပြန်နဲ့ ပြောရတယ်။ ဘာသာပြန်ကလည်း သူတို့ စီစဉ်ပေးထားတဲ့လူဆိုတော့ အခုန ဦးကျော်ဇံသာ မေးသလိုပဲ Investtigative journalism တယောက်လို စုံစမ်းနိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ပြောနိုင်တယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီပြဿနာ ဖြစ်တဲ့အခါမှာ နိုင်ငံတကာ မီဒီယာမှာ ရေးနေကြသလို ဒီလောက် ပြဿနာက မကြီးကျယ်ပါဘူးဆိုတော့ နိုင်ငံတကာဘက်က ပြန်ပြောတယ် … ဒီလိုဆိုရင် ဘာဖြစ်လို့ သူတို့ကို လွတ်လွတ်လပ်လပ် သွားပြီးတော့ Investigate လုပ်ပြီးတော့ ရေးခွင့်မပေးဘူးလဲ ပြောတယ်။ မြန်မာအာဏာပိုင်တွေဘက်ကတော့ လုံခြုံရေးကြောင့်လို့ ပြောတယ်။ ဆိုတော့ အဲဒါကို မစုမြတ်အနေနဲ့ ဘယ်လို သုံးသပ်လိုလဲ။ ဘာကြောင့် မပေးဘူးလို့ထင်လဲ။ ပေးလိုက်ရင် ဟိုဘက်က တဘက်သတ် ဆွဲရေးမှာကို သူတို့ စိုးရိမ်လို့လား။ ဘယ်လို သဘောရလဲ။ သို့တည်းမဟုတ် မြန်မာအစိုးရမှာ မြန်မာနိုင်ငံမှာ ဒီလို ပြည်ပမီဒီယာတွေကို လွတ်လွတ်လပ်လပ် ဝင်ခွင့်ပေးခဲ့တဲ့ အစဉ်အလာ မရှိခဲ့လို့လား။ အကြောင်းအမျိုးမျိုး ရှိမှာပေါ့။ မစုမြတ်ရဲ့ သဘောထားကို နည်းနည်းပြောပြပါ။

မစုမြတ်မွန် ။ ။ နံပတ်တစ် ပြောချင်တာကတော့ လုံခြုံရေးကလည်း ဟုတ်တော့ဟုတ်တယ်။ သူတို့ပြောသလိုပဲ လုံခြုံရေးကလည်း 100% - ၁၀၀ ရာခိုင်နှုန်းလောက် လုံခြုံစိတ်ချနေရတဲ့ အခြေအနေမျိုးလောက် ပြောလို့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ တခုရှိတာကတော့ အဲဒီလို ပြောကြေးဆိုရင် နိုင်ငံတကာ သတင်းထောက်တွေအနေနဲ့ စစ်ဖြစ်နေတဲ့ စစ်မြေပြင်အထိ အသက်စွန့်ပြီး သတင်းသွားယူတဲ့ သတင်းထောက်တွေ အများကြီးရှိတယ်။ သူတို့အနေနဲ့လာရင် Take your own risk ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်ရင် လာပြီးတော့ စုံစမ်းလို့ ရနိုင်တဲ့ သတင်းထောက်မျိုးတွေလည်း အများကြီး ရှိပါတယ်။ ဆိုတော့ အခုနပြောသလို မြန်မာနိုင်ငံအပေါ် ဒီအစိုးရနဲ့ တပ်မတော်ပြောတဲ့ အထင်အမြင်တွေ လွဲနေတယ်လို့ ပြောတယ်။ အဲဒီလို အထင်အမြင် လွဲမှားမှုကို သူတို့အနေနဲ့ ဖြေဖျောက်ချင်တယ်ဆိုရင်တော့ ဝင်ခွင့်ပေးသင့်တယ်လို့ ထင်တယ်။ လာပြီးတော့ သတင်းထောက်တွေ စုံစမ်း။ သူတို့ဟာသူတို့ အသက်အန္တရာယ်ကိုယူပြီး စုံစမ်း။ စုံစမ်းပြီးတော့မှ ဖော်ထုတ်။ မှန်တယ်ဆိုရင်လဲ မှန်တယ်။ မှားတယ်ဆိုရင်လဲ မှားတယ်။ အဲဒီလိုမျိုး သုံးသပ်ခွင့် ရှိရင်တော့ ပိုပြီးတော့ အခြေအနေက ရှင်းလင်းမယ်။ ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပိုပြီးတော့ ပြောင်းလဲသွားစေမယ်။ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားစေမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို လေ့လာစူးစမ်းပြီးတော့ ရေးခွင့် မပေးခဲ့တာ မြန်မာအစိုးရအနေနဲ့ ထိန်းချန်ထားချင်တဲ့ သဘောမျိုးလား။ သူတို့ဘက်က အလွန်အကျွံလုပ်တာကို အဲဒီလို အထောက်အထားမျိုးများ တွေ့ရသလား။ အဲဒီလိုမျိုး ခန့်မှန်းနိုင်သလား။ သို့တည်းမဟုတ် သူတို့က တကယ်ပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို ကမောက်ကမဖြစ်အောင် ဒီလူတွေက ရေးကြလိမ့်မယ်။ တဘက်သတ် စုံစမ်းပြီးတော့ သူတို့ပြောထားတာက ဒီလူတွေရဲ့နောက်မှာ ဘယ်နိုင်ငံတွေ ရှိတယ်။ နိုင်ငံတကာ မီဒီယာတွေကို ဘယ်လောကက အားပေးနေတယ်။ မစုမြတ်လည်း ကြားမှာပေါ့။ အဲဒါကိုလည်း သုံးသပ်ပါအုံး။

မစုမြတ်မွန် ။ ။ အမှန်အတိုင်း ပြောရင်တော့ သူတို့တွေအနေနဲ့လဲ စိုးရိမ်မှုတော့ ရှိတယ်။ အဲဒီနေ့ သွားတုန်းကဆိုလဲ တပ်မတော် အကြီးအကဲတယောက်က ပြောတယ် … သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေက သိပ်တဘက်သတ်ဆန်တယ်။ ဒီမှာ အခြေအနေက အဲဒီလိုမျိုး မဟုတ်ဘူးဆိုပြီးတော့ သူကလည်း ပြောပါတယ်။ ဒါပေမဲ့လဲ စောစောက ပြောသလိုမျိုး သတင်းပွင့်လင်းမှု မရှိတဲ့အခါကြတော့ တဘက်က မူစလင်တွေပြောတဲ့ဟာနဲ့ မြင်နေရတဲ့ အခြေအနေအရပဲ နိုင်ငံတကာသတင်းမီဒီယာတွေ၊ နောက်တခါ နိုင်ငံတကာက ပြည်သူတွေက ပြောမှာပေါ့။ ခက်တာက စောစောက ပြောသလိုပဲ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေ၊ လေ့လာမှုတွေ၊ သတင်းရယူမှုတွေကိုတော့ ပေးသင့်တယ်။ ပေးလိုက်လို့ရှိရင်တော့ အခြေအနေက ပြောင်းလဲကောင်း ပြောင်းလဲနိုင်တာပေါ့။

ဦးကျော်ဇံသာ ။ ။ နှိုင်းယှဉ်ပြီးတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေက အရင်တုန်းကထက် နည်းနည်းပွင့်လင်းလာပြီလို့ ယူဆနိုင်သလား။ ဘယ်လို သုံးသပ်လိုလဲ။

မစုမြတ်မွန် ။ ။ တဘက်မှာတော့ဟုတ်တယ် သတင်းရယူမှုက အရင်တုန်းကထက် ပိုပြီးပွင့်လင်းလာတာ မှန်တယ်။ ဒါပေမဲ့ တဘက်မှာကြတော့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားက နံပတ်တစ် အရေးကြီးတယ်ဟာမျိုးကတော့ အစိုးရမှာကော တပ်မတော်မှာ ရှိတာတော့ သေချာပါတယ်။ အကျိုးစီးပွားကြည့်တယ်ဆိုတာကလည်း မြန်မာနိုင်ငံ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာဆိုလည်း သူတို့နိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အတွက် လူတွေကို တရားလက်လွှတ် သတ်ဖြတ်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတကိုယ်တိုင်က ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ။ ကိုယ့်နိုင်ငံမှာ အရေးကြီးတယ်လို့ ထင်တဲ့ကိစ္စကို သူတို့က ဒီလိုမျိုး ပြင်းပြင်းထန်ထန် ကိုင်တွယ်တာ ဘယ်နိုင်ငံမှ လာပြီးတော့ ပညာပေးမနေနဲ့၊ ပြောမနေနဲ့ဆိုပြီး သမ္မတကိုယ်တိုင်က ပြတ်ပြတ်သားသား ပြောတယ်ဆိုတော့ - အရှေ့တောင်အာရှမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားက အဲဒီလိုမျိုးများ ဖြစ်နေသလားလို့ မြင်လို့ရနိုင်တာပေါ့။