ရခိုင်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

ရခိုင်စစ်ဘေး ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)

Your browser doesn’t support HTML5

ရခိုင်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

အခုတလော တနေ့တခြား ဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယေ်အခြေအနေဟာ ပြည်ထောင်စုအတွက် စိမ်ခေါ်မှုကြီးတရပ် ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးလောကမှာ တခါမှမအောင်မြင်ဘူးတဲ့ လက်နက်ကိုင် အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါသလား၊ ဘယ်လိုအဖြေရှာသင့်သလဲဆိုတာကို မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တာက ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခုလောလောဆယ် AA နဲ့ မြန်မာအစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေက အတော်လေး ပြင်းထန်လာတယ်။ ဒေသခံတွေ၊ စစ်ဘေးဒုက္ခသည်တွေ - စစ်ကြောင့်ထွက်ပြေးလာရသူတွေ သိပ်များလာတယ်။ တကယ်တမ်း စစ်ဆိုတာကတော့ နိုင်ငံရေးပြဿနာ မပြေလဲတဲ့အခါ ထပြီးတော့ တိုက်ကြတယ်လို့ ပြောကြပါတယ်။ သို့သော်လဲပဲ စစ်နဲ့ဖြေရှင်းလိုပဲ နိုင်ငံရေးပြဿနာဟာ ပြေလည်သွားတယ်ဆိုတာ တခါမှ မရှိခဲ့ဖူးဘူး။ အထူးသဖြင့် မြန်မာနိုင်ငံသမိုင်းမှာ။ ဒီရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် အလားအလာများ ဦးမောင်မောင်စိုး စဉ်းစားမိပါလား။ ကျနော် ဒီနေ့ အဲဒါကို ဆွေးနွေးချင်ပါတယ်။

ဖြေ ။ ။ လောလောဆယ် ကျနော်တို့ တွေ့ရတဲ့ပြဿနာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေ အခွင့်အရေးနဲ့ ပတ်သက်တဲ့ပြဿနာပေါ့။ ကျနော်တို့ မြန်မာပြည်က ပြည်ထောင်စုလို့ ပြောတယ်။ တလျှောက်လုံး တပြည်ထောင်စနစ်ပဲ ကျင့်သုံးလာတယ်လို့ တိုင်းရင်းသားတွေက စွပ်စွဲလာတာတွေ ရှိတယ်။ တဘက်ကလဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး ဘာရသလဲလို့ ၂၀၀၈ အခြေခံဥပဒေမှာ ပြောရင်လဲ လောလောဆယ်မှာ ဘာမှမရသေးဘူးဆိုတာမျိုး ရှိတယ်။

အဲဒီတော့ တိုင်းရင်းသားတွေဆီမှာ ရှိနေတဲ့ ပြဿနာက ဘာဖြစ်လဲဆိုတော့ လက်နက်မရှိရင် လူရာမဝင်ဘူး။ လက်နက်မရှိရင် ငါတို့ကို အဖက်မလုပ်ဘူး။ လက်နက်မရှိရင် ငါတို့ကို စကားထဲမပြောဘူး။ သေနတ်မရှိရင် ငါတို့ကို မဆွေးနွေးဘူးဆိုတဲ့ အမြင်က တိုင်းရင်းသားတွေဆီမှာ နက်နက်ရှိုင်းရှိုင်း ဝင်နေတယ်။ အဲဒီတော့ သူတို့အနေနဲ့ လက်နက်ကိုင်မှ ငါတို့ကို တန်းတူရည်တူ ဆွေးနွေးလိမ့်မယ်။ ဆိုတော့ လက်နက်ကိုင်မှ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်တာ၊ မဖြေရှင်းနိုင်တာ ပြဿနာတခု။

မေး ။ ။ ကျနော် ဒီမှာကြားဖြတ်ပြီးတော့ တခု မေးချင်ပါတယ်။ ဒီလို လက်နက်ကိုင်မှ လူရာဝင်၊ လူရာသွင်းခြင်း ခံရတယ်ဆိုတဲ့ကိစ္စဟာ တိုင်းရင်းသားတွေရဲ့ ထင်မြင်ချက်သက်သက် Perception လား။ Reality လား ဆိုတာကို ကျနော်တို့ သုံးသပ်စေချင်ပါတယ်။

ဖြေ ။ ။ လက်တွေ့ပါ။ လက်တွေ့မှာဆိုရင် ဥပမာ ရခိုင်ကိစ္စကို ပြောမယ်ဆိုရင် ရခိုင်မှာ တိုင်းရင်းသားပါတီ ANP ၂၀၁၀ မှာ နိုင်တယ်၊ ၂၀၁၅ မှာ နိုင်တယ်။ ပြည်နယ်မှာလည်း အများစုရတယ်။ သို့သော် ပြည်နယ်အစိုးရဖြစ်ခွင့် မရှိဘူး။ ပြည်နယ်လွှတ်တော်မှာလည်း ဘာမှမရရှိဘူး။ ပြည်နယ်အစိုးရကို ဗဟိုက တိုက်ရိုက်ခန့်တယ်။ ဒါပေမဲ့ တိုက်ရိုက်ခန့်တဲ့ ပြည်နယ်အစိုးရသည်ပင် ဘတ်ဂျက်ခွဲဝေမှုမှာ နည်းနည်းလေးပဲရတယ်။ ဒီလိုအနေအထားအောက်မှာ လက်တွေ့တရားဝင်ရွေးကောက်ပွဲနည်းလမ်းနဲ့ သွားရင် ဘာမှမရဘူးလို့ အထူးသဖြင့် လူငယ်တွေက မြင်နေတဲ့ပြဿနာ ဖြစ်တယ်။

မေး ။ ။ ဆိုတော့ တကယ်လည်းပဲ မရဘူးဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ တကယ်လည်း မရပါဘူး။

မေး ။ ။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ တချို့က စောဒကတက်တယ်။ ပြည်နယ်တွေက ဖွံ့ဖြိုးတိုးတက်မှု အရမ်းနှေးကွေးနောက်ကျပြီးတော့ ဘာမှ သူတို့ပြည်နယ်အတွက် လုပ်ပေးတာ မရှိဘူးဆိုတဲ့ ခံစားချက်ကို ပြောကြပါတယ်။ တချို့က ဒါကို ဘယ်လိုစောဒကတက်သလဲဆိုရင် ပြည်နယ်တင် မဟုတ်ဘူး ဒီလို ဆင်းရဲနွှမ်းပါးမှု ပြဿနာကို ခံခဲ့ရတာ တပြည်လုံးခံခဲ့ရတယ်။ ပြည်ထောင်စုတခုလုံး ခံခဲ့ရတယ်။ ပြည်နယ်တခုတည်း ကွက်ပြီးတော့ စိတ်ဆိုးစရာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ အဲဒီကိစ္စကို ဘာပြောချင်ပါလဲ။

ဖြေ ။ ။ အဲဒါကတော့ ယေဘုယျပြောတာ ဖြစ်တယ်။ လက်တွေ့ကျတော့ အဲဒီလို မဟုတ်ဘူး။ ဥပမာ ပြည်နယ်တွေမှာ ဆင်းရဲနိမ့်ကျတယ်။ ပြည်မနဲ့ တန်းတူရည်တူ နိမ့်ကျတယ်ဆိုပေမယ့် ဥပမာ ရခိုင်ကိစ္စတခုတည်းကို ပြောမယ်ဆိုရင် ရခိုင်မှာ လျှပ်စစ်မီး National Grid ရောက်တာ ၂၀၁၅ မှ ရောက်တာ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ၂၀၁၅ မှ ရောက်တာ။ ပြည်မမှာ လျှပ်စစ်မီးရတာ အတော်ကြာခဲ့ပါပြီ။ နောက်ပြီးတော့ အဆင်းရဲဆုံး ပြည်နယ်က ချင်းပြည်နယ် ပထမ၊ ရခိုင် ဒုတိယပါ။

မတူကွဲပြားမှုတွေ ရှိပါတယ်။ ဒါကို တန်းညီလို့ မရဘူးလို့ ထင်ပါတယ်။

မေး ။ ။ ဦးမောင်မောင်စိုး စောစောက ထောက်ပြခဲ့တဲ့ လက်နက်ကိုင်မှ လူရာသွင်းခြင်း ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီကိစ္စကို ကျနော်တို့ အဖြေရှာကြဖို့ဆိုရင် စောစောက ရွေးကောက်ပွဲမှာ နိုင်သောလဲပဲ အစိုးရဖွဲ့ခွင့် မရကြဘူး။ ပြည်မက ကြီးစိုးထားတယ် စသဖြင့်ပါတယ်။ အခု ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုတဲ့အထဲမှာ အဲဒီကိစ္စက ပြင်ဆင်နိုင်တဲ့ အလားအလာရှိတယ်လို့ တချို့က ပြောနေကြပါတယ်။ အဲဒီကိစ္စကို ပြင်ဆင်လိုက်ရင် ဆိုလိုတဲ့သဘောက ရွေးကောက်ခံရတဲ့ ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ဆန္ဒအတိုင်း အုပ်ချုပ်ရေးကို စီမံခန့်ခွဲခွင့် ရှိလာနိုင်တယ်ဆိုရင် အခြေအနေကောင်းလာနိုင်တယ် ထင်ပါလား။

ဖြေ ။ ။ အခုပြောနေတာ ပုဒ်မ ၂၆၁ ကို ပြောနေကြတာ။ ဒါပေမဲ့ ပုဒ်မ ၂၆၁ တခုတည်းတော့ ပြင်လို့မရဘူး။ ဒီ Term လောက်နဲ့ မပြီလောက်ဘူးလို့ ထင်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေက လွှတ်တော်ကနေ အစိုးရဖွဲ့ခွင့်တင်မဟုတ်ဘူး။ အဲဒီအစိုးရရဲ့ လုပ်ပိုင်ခွင့်က ဘာတွေရှိလဲ။ ဘတ်ဂျက် ဘာတွေရှိသလဲ။ ပြည်နယ်လွှတ်တော်မှာ ဘယ်လောက်အထိ ဥပဒေပြဌာန်းခွင့် ရှိသလဲဆိုတဲ့ နောက်ဆက်တွဲပြဿနာတွေ အများကြီးပါ။ တခုတည်း ပြင်ရုံနဲ့တော့ မရနိုင်ပါဘူး။ ပြင်ရင်တော့ တစုံလုံးပြင်ဖို့ လိုအပ်ပါတယ်။ နောက် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ကျနော့်အနေနဲ့ စောင်းပေးဖို့ လိုအပ်တာကတော့ လက်ရှိအခြေအနေမှာ တိုင်းရင်းသား တန်းတူရည်တူ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုတော့ စောင်းပေးပြီးတော့ ပြင်မှသာလျှင် ဒီနေ့ပြည်တွင်းစစ် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒီဟာကို ဖြေရှင်းနိုင်ဖို့ နှစ်ဘက်အယူအဆတွေကို ညှိနှိုင်းဖို့က သူတို့အချင်းချင်း တွေ့ဆုံဆွေးနွေးမှုနဲ့သာ ညှိလို့ရမှာပေါ့။ ဒီလို တိုက်နေလို့တော့ ဘယ်ဖြစ်မလဲ။ ဒီတိုက်ပွဲတွေရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာနိုင်မယ်။ ဆွေးနွေးပွဲကို နှစ်ဘက်စလုံး ပြိုင်တူရောက်လာနိုင်မယ့် နည်းလမ်းကော ရှိပါသလား။

ဖြေ ။ ။ လောလောဆယ်မှာတော့ ဆွေးနွေးပွဲကို ပြိုင်တူရောက်နိုင်ဖို့ကတော့ ကြားဝင်စေ့စပ်သူတွေ ရှိဖို့က ပိုအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်မယ့် ဘက်အားလုံးကတော့ လောလောဆယ် ကိုယ့်မူ၊ သူ့မူ ဆုပ်ကိုင်ထားချိန်မှာ ဆွေးနွေးပွဲရောက်ဖို့က ခက်ခဲနေတယ်။ အဲဒီတော့ ကြားဝင်စေ့စပ်ညှိနှိုင်းနိုင်သူတွေ ရှိမှသာ ဆွေးနွေးပွဲကို မြန်မြန်ဆန်ဆန် ရောက်မယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ကုလသမဂ္ဂနဲ့ အနောက်အုပ်စု ပါဝင်ပတ်သက်မှုတွေ ရှိနေပေမယ့် သူတို့ကြားဝင်နိုင်တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ်ဘက်က လက်ခံနိုင်မှုက အားနည်းနေတယ်။ အဲဒါကြောင့်မို့ လောလောဆယ်မှာတော့ တရုတ်နဲ့ ဂျပန်တို့ ကြားဝင်နိုင်မှုက ပိုအရေးပါနေတာကို တွေ့ရပါတယ်။

မေး ။ ။ တရုတ်က ဘာဖြစ်လို့ အခုအချိန်အထိ တစွန်းတစ မပြောသေးဘူးဆိုတာလဲ စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရခိုင်ဒေသဟာ သူတို့စီးပွားရေး မဟာဗျူဟာ စသဖြင့် သိပ်အရေးကြီးတဲ့ ဒေသလည်း ဖြစ်နေတယ်။ နှစ်ဘက်လုံးကိုလည်း ပြောနိုင်တဲ့ အနေအထားလို့ လူတိုင်းက သုံးသပ်ကြရဲ့သားနဲ့ ဘာဖြစ်လို့ တရုတ်က အခုထိ လက်နှေးနေရလဲလို့ စဉ်းစားမိပါတယ်။

ဖြေ ။ ။ နှစ်ဘက်စလုံးကို ပြောနိုင်လောက်တယ်ဆိုတာကတော့ တချို့ကလဲ တရုတ်ပြောရင် အားလုံးတော့ နားထောင်တာတော့ မဟုတ်ဘူး ထင်ပါတယ်။ တပ်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ် တရုတ်ပြောသမျှတော့ အားလုံး နားမထောင်လောက်ဘူး ထင်ပါတယ်။ သူကတော့ ကြားဝင်ညှိနှိုင်းလောက်တဲ့ အဆင့်ပဲ ရှိပါတယ်။ နောက်တခုကတော့ ရခိုင်ဘက်မှာ ဖြစ်နေတဲ့ ပြဿနာကို တရုတ်လက်လှမ်းမီဖို့ကတော့ နည်းနည်းခဲယဉ်းပါတယ်။ ရခိုင်ဘက်ခြမ်း ရောက်သွားရင်တော့ တခြားနိုင်ငံတွေရဲ့ လက်လှမ်းမီနိုင်တဲ့ အတိုင်းအဆလည်း ရှိမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဘယ်သူတွေများဖြစ်နိုင်မယ် ထင်ပါလဲ။ တကယ်လို့ တရုတ်က ကြားဝင်စေ့စပ်နိုင်သော်လဲ အတင်းဆွဲခေါ်လို့တော့ မရဘူးပေါ့။ စပြီတော့ သူတို့က Initiative လုပ်ရမယ် ထင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေဆိုရင် ဘယ်သူတွေကိုများ စဉ်းစားမိပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ အိန္ဒိယကို စဉ်းစားမိပါတယ်။ အိန္ဒိယအနေနဲ့လည်း ရှေ့လျှောက်ပြီး မြန်မာ့ငြိမ်းချမ်းရေးမှာတော့ အိန္ဒိယနဲ့ ဂျပန် ပါဝင်လာမှုကိုတော့ ကျနော်တို့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ ကျနော် ဒီမှာမေးချင်တာက တရုတ်က ကြိုက်ပါ့မလား။ စောစောက ပြောခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကတော့ တရုတ်က ပေါ်ပေါ်ထင်ထင်ပဲ ပြောထားတာ တွေ့ရပါတယ်။ အရှေ့မြောက်ဒေသကိုဆိုရင် အမေရိကန်သံအမတ် သွားတာတောင် မကြိုက်ဘူးဆိုပြီးတော့ တရုတ်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာတွေတောင် ကြားသိရပါတယ်။ အိန္ဒိယ၊ ဂျပန်တို့ကို တရုတ်က လက်ခံလိမ့်မယ် ထင်ပါသလား။

ဖြေ ။ ။ အဲဒါက တရုတ်က လက်ခံတယ်၊ လက်မခံဘူးနဲ့ မဆိုင်ဘူး။ ဥပမာ တရုတ်က အခုန ဦးကျော်ဇံသာ ပြောသလို အမေရိကန်သံအမတ်ကို နယ်စပ်သွားတာ မကြိုက်ဘူးဆိုတာ တရုတ်ရဲ့ သဘောထားပါ။ တကယ်တမ်း ဝင်လို့မရတာ အဲဒါကြောင့် မဟုတ်ဘူး။ ဗမာပြည်ကို အနောက်နဲ့ ကုလသမဂ္ဂက ကြားဝင်လို့ မရတာ တရုတ်က ကန့်ကွက်နေလို့ မဟုတ်ပါဘူး။ ဘင်္ဂလာဒေ့ရှ် မူစလင်ပြဿနာကြောင့်ပါ။ ရခိုင်ပြည်မြောက်ပိုင်း မူစလင်ပြဿနာမှာ ကုလသမဂ္ဂနဲ့ အနောက်တို့ ရပ်တည်ပေးမှုကြောင့် ဝင်လို့မရတာပါ။ တရုတ်ရဲ့ ရပ်တည်ပေးမှုကြောင့်လို့ ကျနော် မထင်ပါဘူး။

မေး ။ ။ နောက်တခု ကျနော် ပြန်ပြီးတော့ ကောက်ချင်တာကတော့ လက်နက်ကိုင်တယ်ဆိုတဲ့ကိစ္စ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတကာမှာလည်း ဖြစ်ကောင်းဖြစ်မှာပါ ဆွေးနွေးပွဲခေါ်တယ်ဆိုကတည်းက အပေါ်စီးကနေ ဆွေးနွေးချင်တယ်ဆိုတဲ့ Mentality အဲဒီလို Attitude အဲဒီလိုသဘောထားမျိုးလည်း ရှိတတ်တယ် ထင်ပါတယ်။ စစ်အင်အားနဲ့ အပေါ်စီးကနေ အသာနေမှသာလျှင် ဆွေးနွေးပွဲမှာ ငါတို့ဈေးဆစ်ရင် သာမယ်ဆိုတဲ့ အယူအဆများ ရှိနေကြသလားဆိုတာကို စဉ်းစားမိပါတယ်။ ဦးမောင်မောင်စိုး ဘယ်လိုသဘောရလဲ။

ဖြေ ။ ။ ရှိတယ်။ အဲဒါကတော့ လက်ရှိဆွေးနွေးပွဲမှာ အဲဒီပြဿနာကြောင့် နိုင်ငံရေးဆွေးနွေးပွဲကို မရောက်တဲ့ ပြဿနာ ဖြစ်နေတာ။ NCA ပဲထိုးထိုး၊ ဘာပဲထိုးထိုး ကိုယ့်ဘက်က အသာစီးယူမယ်ဆိုတဲ့ အယူအဆက ကြီးကြီးမားမား ရှိနေတဲ့အတွက်ကြောင့်မို့ ဒီနေ့အထိ နိုင်ငံရေးဆွေးနွေးပွဲကို မရောက် ဖြစ်နေတာ။ ဒါပေမဲ့ ဗမာပြည်နိုင်ငံရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် အားလုံးမှာ တခုမဟုတ်၊ တခု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က ဆွေးနွေးဖြေရှင်းရမယ့်လမ်းကို မလွှဲမသွေ လျှောက်ရလိမ့်မယ် ထင်ပါတယ်။

မေး ။ ။ ကျနော်တို့ ဆွေးနွေးဖြေရှင်းရမယ့်လမ်းကို ကျနော်တို့ ပြန်ပြီးတော့ ကောက်ရရင် တစ်၊ နှစ်၊ သုံး ဆိုပြီးတော့ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားကြရအောင်ပါ။ ပထမဦးဆုံး လုပ်သင့်တာက အပေါ်စီးကနေ ဈေးဆစ်နိုင်မှ ဆွေးနွေးမယ်ဆိုတဲ့ စိတ်ဓါတ်ကို ပြင်ဖို့လိုသလား။ သို့တည်းမဟုတ် ကြားဝင်စေ့စပ်မယ့်လူတွေက လွန်ပျံ ဟိုဘက်ဒီဘက်သွားပြီးတော့ ညှိနှိုင်းဖို့ လိုသလား စသဖြင့် နည်းနည်းစဉ်းစားကြည့်ကြတာပေါ့။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ လောလောဆယ်မှာ လက်နက်ကိုင်တိုက်ပွဲကိုရပ်ပြီး ဆွေးနွေးပွဲကိုသွားဖို့ အရေးကြီးပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကိုရပ်ပြီး ဆွေးနွေးပွဲကို သွားမယ်ဆိုလို့ရှိရင် လောလောဆယ် ရှိနေတဲ့ အခြေအနေတွေကို အသိအမှတ်ပြုရမယ်။ အဲဒီအချိန်မှာ အကုန်လုံး အပစ်ရပ်နိုင်ဖို့ပါ။ အဲဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ရှင်းရှင်းလင်းလင်း ဘာသွားမယ်ဆိုတာကို ကျနော်တို့က ညှိနှိုင်းလို့ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို မရောက်ရင် ဘာမှဆွေးနွေးလို့ မရဘူး။ ဘာမှဖြေရှင်းလို့ မရဘူး။

မေး ။ ။ ခက်တာက တပ်မတော်ဘက်က တဘက်သတ် အပစ်ရပ်စဲရေး လေးလ၊ လေးလခွဲ ကြေညာတာတောင်မှ သေနတ်သံတွေ တဒုန်းဒုန်း ကြားနေရတယ်။ ဆိုတော့ လက်တွေ့ ဖြစ်လာဖို့ကတော့ ဘယ်လောက်နီးစပ်တယ် ထင်ပါလဲ။ တနှစ်၊ နှစ်နှစ် စသဖြင့် ကာလအတွင်းမှာ ဖြစ်လာနိုင်ပါသလား။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲတွေ အဓွန့်ရှည်လာလေ၊ ပြည်သူလူထု နစ်နာလေ တိုင်းပြည်အတွက် အဆိုးဘက်ကို ဦးတည်သွားနေတယ်လို့ပဲ ကျနော် စဉ်းစားမိပါတယ်။

ဖြေ ။ ။ ကျနော်ကတော့ တရုတ်ကို စဉ်းစားကြည့်မိတယ်။ ဆရာတို့လည်း သိနေတာပဲ တရုတ်က စီးပွားရေးအကျိုးစီးပွားတွေ မြန်မာပြည်မှာ အများကြီး ရှိနေတယ်။ တရုတ်က ကြားဝင်ညှိနှိုင်းတဲ့နေရာမှာ ဆရာ အခုနပြောသလို ဘာလို့ တွန်းတွန်းတိုက်တိုက် မပြောသလဲဆိုတဲ့ မေးခွန်းကို ကျနော်တို့လည်း မေးနေတာပဲ။ ဒါပေမဲ့ သူက အချိန်တခု ကြာလာတဲ့အချိန်မှာ သူ့ရဲ့ အကျိုးစီးပွားတွေ အကောင်အထည်ဖော်ချင်တဲ့အခါမှာ၊ သူလိုချင်တဲ့ ပုံစံ သွင်းမလာနိုင်ဘူးလား၊ တွန်းတွန်းတိုက်တိုက် မလုပ်လာနိုင်ဘူးလားဆိုတာကိုလည်း ကျနော်တို့ စဉ်းစားနေမိပါတယ်။