ရခိုင်ပြသနာနှင့် သံခင်းတမန်ခင်း

Your browser doesn’t support HTML5

ရခိုင်ပြသနာနှင့် သံခင်းတမန်ခင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ရခိုင်အရေးကြောင့် နိုင်ငံတကာအသိုင်းအသိုင်းရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတော်ကို ကိုယ်စားပြုနေတဲ့ သံတမန်တွေက ဘယ်လို ပံ့ပိုးဆောင်ရွက်နေကြပါသလဲ၊ သံခင်းတမန်ခင်း နဲ့ အားထုတ်မှုဟာ ဘယ်လောက်ထိရောက်သလဲ ဆိုတာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်လင်း ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အခုအခါမှာ နိုင်ငံတကာဖိအားတွေနဲ့ အများကြီးရင်ဆိုင်နေရပါတယ်။ သံအမတ်ကြီးက မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ဒီကိစ္စတွေကို ပိုတွေ့ရလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ သတင်းသမားတွေအနေနဲ့ ကြည့်တဲ့အခါ တချို့နိုင်ငံတွေက သဘောရိုးနဲ့ ဖိအားပေးတယ်လို့ ထင်ရပေမယ့် တချို့နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတခုခုနဲ့ ဆက်စပ်ပြီးတော့ ဖိအားပေးနေတယ်ဆိုတာမျိုး စဉ်းစားစရာ တွေ့ရပါတယ်။ သံအမတ်ကြီး ဘယ်လို ပြောလိုပါလဲ။

ဦးအောင်လင်း ။ ။ ကောင်းပါပြီ ဦးကျော်ဇံသာ။ ကျနော် အခုလို ဦးကျော်ဇံသာတို့နဲ့ စကားပြောခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ ကျေနပ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျနော့်အနေနဲ့ ပြောခွင့်ရတဲ့အချိန်မှာ ကျနော့်အနေနဲ့ မြန်မာပြည်သူတွေကို ကျနော်တို့ ဝါရှင်တန်မြို့ မြန်မာသံရုံးက ဘာတွေလုပ်နေပါတယ်ဆိုတာကို ပြောပါရစေ။

ဝါရှင်တန်မြို့ မြန်မာသံရုံးအနေနဲ့ အခုလို မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ့် ကိစ္စ။ နိုင်ငံတော်ကဆိုရင် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ကိစ္စကို မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ကျနော် အခုတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်နိုင်ငံကနေ ကိုယ်နဲ့ထိတွေ့ ဆက်ဆံနေတဲ့ လူတွေအားလုံးကို ရှင်းပြနေပါတယ်ဆိုတဲ့ဟာလေးကို ဦးကျော်ဇံသာတို့ကတဆင့် မြန်မာပြည်သူပြည်သားတွေကို ပြောပါရစေ။

ဦးကျော်ဇံသာ ။ ။ သံအမတ်ကြီးပြောတဲ့စကားကို ဒီအတိုင်း လွှင့်ပေးပါမယ်။ ကျနော်ရဲ့ မေးခွန်းကို ပြန်စရင် အဲဒီလို နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးကြတဲ့နေရာမှာ တချို့နိုင်ငံတွေကတော့ သဘောရိုးနဲ့ပေးတဲ့ ပုံစံမျိုး တွေ့ရပြီး တချို့ကတော့ သူတို့ရဲ့ အကျိုးစီးပွားတရပ်ရပ်နဲ့ ဆက်စပ်ပြီးတော့ တဘက်သတ် ဖိအားပေးတာမျိုးကို တွေ့ရပါတယ်။ သံအမတ်ကြီး ဒီကိစ္စကို ဘာပြောချင်ပါလဲ။

ဦးအောင်လင်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတိုင်းကဆိုလို့ရှိရင် နိုင်ငံတကာဆက်ဆံရေး လုပ်တဲ့နေရာမှာ သူတို့ရဲ့ မိမိရဲ့အကျိုးစီးပွားကို အဓိကထားပြီးတော့ ဦးတည်ပြီးတော့ ပြောကြပါတယ်။ ပြောကြတဲ့နေရာမှာ နိုင်ငံတကာကနေ သူတို့ ဘာတွေပြောတဲ့ဟာကို ကျနော့်အနေနဲ့ သူတို့ရဲ့ မူဝါဒဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်က မပြောလိုပါဘူး။ ကျနော့်အနေနဲ့ ပြောချင်တဲ့ဟာကတော့ ကျနော်တို့ကလည်း ကျနော်တို့နိုင်ငံ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ကို ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ဘယ်လို ဖြေရှင်းနေတယ်ဆိုတာဟာကို ကျနော်တို့ ဆောင်ရွက်နေပါတယ်ဆိုတာကို ပြောပါရစေ။

အဲဒီလိုနေရာမှာ ကျနော်တို့နိုင်ငံ အခု အကြမ်းဖက် တိုက်ခိုက်ခြင်းခံရတယ်ဆိုတဲ့ဟာက တကယ့်ဖြစ်ရပ်မှန်ဖြစ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စ ဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့နေရာမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကဆိုရင် အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တုံ့ပြန်ခြင်းသာ ဖြစ်ပါတယ်ဆိုတဲ့ဟာကိုတော့ ကျနော်နဲ့ ဆက်စပ်နေတဲ့ ကျနော်ဆက်သွယ်နေတဲ့လူတွေအားလုံး အမေရိကန်အစိုးရပိုင်းနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ လွှတ်တော်အပိုင်းက တာဝန်ရှိတဲ့လူတွေအပြင်ကို ကျန်တဲ့ လူမှုရေးအဖွဲ့အစည်းမှာရှိတဲ့ လူတွေအားလုံးကိုလည်း ကျနော့်အနေနဲ့ တတ်နိုင်စွမ်းရှိသမျှ ရှင်းပြနေပါတယ်ဆိုတာကို ပြောပါရစေ။

ဦးကျော်ဇံသာ ။ ။ ဒီလို သံအမတ်ကြီးတို့ဘက်က ရှင်းပြတဲ့အခါမှာ ဘယ်လောက် … ဖြစ်ပါလဲ။ ဒီလူတွေ ဘယ်လောက် သဘောပေါက် လက်ခံနိုင်တဲ့ အခြေအနေ ရှိပါလဲ။

ဦးအောင်လင်း ။ ။ အဲဒီနေရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ် နားလည်တဲ့လူတွေ၊ မြန်မာနိုင်ငံကို ရောက်ဖူးတဲ့လူတွေကတော နားလည်ကြပါတယ်။ နောက်တခုကတော့ ကျနော့်အနေနဲ့ အားရတာက အမေရိကန်နိုင်ငံအစိုးရက ကျနော်တို့ နိုင်ငံအပေါ်ကို အထူး သူတို့အနေနဲ့ စိုးရိမ်ဖြစ်တဲ့ဟာတွေကိုလည်း ပြောတယ်။ သို့ပေမယ့်လဲ ကျနော်တို့နိုင်ငံအပေါ်ကို ယုံကြည်မှုလည်းရှိတယ်။ နောက်ပြီးတော့ ကျနော်တို့နိုင်ငံနဲ့လည်း ဆက်စပ်ပြီးတော့ လက်တွဲဆောင်ရွက်ဖို့ ရှိတယ်ဟာ ပြောတဲ့ဟာကို ကျနော့်အနေနဲ့ အားရမိပါတယ်။

ဦးကျော်ဇံသာ ။ ။ အစကတည်းက အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ပထမ အိုဘားမားအစိုးရလောက် မနွေးထွေးတော့ဘူးလို့ လူတွေက သုံးသပ်နေတဲ့အခါမှာ အခုလို ပြဿနာတွေ၊ ဝေဖန်စရာတွေ ဖြစ်လာတဲ့အတွက်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုပြီးစိမ်းစိမ်းကားကား ဖြစ်သွားလေမလားလို့ တချို့က တွက်ကြပါတယ်။ အဲဒီလိုဆိုတော့ အဲဒီလို မဖြစ်လာနိုင်ဘူးပေါ့။

ဦးအောင်လင်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်အနေနဲ့ ရှင်းပြရမယ်ဆိုရင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာတာဝန်ခံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Murphy က သတင်းစာသမားတွေနဲ့ တွေ့တဲ့အခါက ပြောခဲ့တဲ့ဟာလေးကို ကျနော် ပြန်ပြီးတော့ ကောက်နုတ်ရပါစေ - မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာဆိုရင် မိတ်ဖက်နိုင်ငံတွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို အမေရိကန်နိုင်ငံက အမြဲတမ်းအားပေးနေတယ်ဟာ ပြောတဲ့ဟာ ကျနော်တို့အပေါ် သူတို့နားလည်တဲ့ကိစ္စ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

သူ့အနေနဲ့ နောက်တခု ပြောကြားသွားတာ ဘာလဲဆိုတော့ မြန်မာနိုင်ငံကို ကြည့်ကြည့်ပါ။ မြို့တိုင်းမှာဆိုလို့ရှိရင် ဗုဒ္ဓဘာသာတင်မကပါဘူး၊ မူစလင်တွေလည်း ရှိတယ်။ ခရစ်ယာန်တွေလည်း ရှိတယ်။ နောက်ပြီးတော့ ဟိန္ဒူတွေလည်း ရှိတယ်။ နောက်ပြီးတော့ တခြားဘာသာအမျိုးမျိုး ကိုးကွယ်တဲ့လူတွေ ရှိပါတယ်တဲ့။ ဒါမြို့ကြီးတွေအားလုံးမှာ ရှိနေတဲ့ဟာတွေကို နားလည်ဖို့လိုတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ တစ်ရာကျော် ရှိတဲ့အပြင်ကို မြန်မာနိုင်ငံမှာ အခု ဖြစ်ပေါ်နေတဲ့ ကိစ္စကဆိုရင် အင်မတန်ကို နက်နဲတယ်။ မြန်မာနိုင်ငံအပေါ်ကို သူတို့အနေနဲ့ နားလည်တယ်ဆိုတဲ့ သဘောမျိုးပြောတဲ့ စကားတွေကို ပြောသွားပါတယ်။ ဒါဆိုလို့ရှိရင် ကျနော်တို့ သူတို့အသိအမှတ်ပြုတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လဲ ကျနော့်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတခုတည်းနဲ့ မကဘူး။ အမေရိကန်လွှတ်တော်မှာရှိတဲ့ တာဝန်ရှိတဲ့ လူတွေနဲ့လည်း မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို အမြဲတမ်း ကျနော် ရှင်းလင်းတင်ပြနေပါတယ်ဆိုတဲ့ဟာကိုလည်း မြန်မာပြည်သူတွေကို ပြောပြပေးပါ။

ကျော်ဇံသာ ။ ။ နောက် တချို့က တွက်ပါတယ်။ မြန်မာနိုင်ငံဘက်က နိုင်ငံတကာ မီဒီယာတွေက ပို့နေတဲ့ အရေးအသားတွေက သိပ်တဘက်စောင်းနင်းဖြစ်တယ်။ အဲဒါကြောင့် အဖြစ်မှန် ထင်ဟပ်အောင် ပိုပြီးဖမ်းပေးသင့်တယ့် အဲဒီဖြစ်ရပ်ဖြစ်နေတဲ့ နေရာတွေကို မီဒီယာလောက လာသင့်တယ်။ ပြန်ကြားရေးကလည်း ပိုပြီးထိထိရောက်ရောက် ထုတ်ပြန်သင့်တယ်လို့ ဝေဖန်ကြတယ်။ ဒီကိစ္စကို သံအမတ်ကြီး ဘယ်လို ထင်ပါလဲ။ ပိုပြီးဖွင့်ပေးသင့်တယ်လို့ မထင်ဘူးလား။

ဦးအောင်လင်း ။ ။ အခုအနေနဲ့ မီဒီယာတွေကို ကျနော်တို့အနေနဲ့ ဖွင့်ပြီးသာ ဖြစ်ပါတယ်။ ဦးကျော်ဇံသာတို့ရယ် ဗွီအိုအေ သတင်းထောက်ကလည်း ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတယ်ဆိုတာလည်း ကျနော် သိရပါတယ်။ ဒီသတင်းထောက်အနေနဲ့ သတင်းထောက်တွေ၊ ပြည်ပသတင်းထောက်တွေမှာ သူတို့မြင်တဲ့ဟာတွေကို သူတို့ရေးတဲ့နေရာမှာ မြင်တဲ့အတိုင်း ရေးဖို့ လိုအပ်ပါတယ်။ သူတို့မြင်တဲ့ဟာ တချို့တဝက်ကိုပဲ သူတို့ လိုတဲ့ပုံစံမျိုးနဲ့ မရေးသားမိဖို့ အရေးကြီးတယ်ဆိုတဲ့ဟာကိုလည်း ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုနောက်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က နယ်စပ်ကို သွားပြီးတော့ သူတို့အခေါ် ရိုဟင်ဂျာ - အဲဒီလူတွေအတွက် Safe Zone လုံခြုံတဲ့နယ်မြေ၊ သီးခြားသတ်မှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီဟာရဲ့ အလားအလာကို သံအမတ်ကြီး ဘယ်လို နားလည်ပါလဲ။

ဦးအောင်လင်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံက တာဝန်ရှိတဲ့ အစိုးရပိုင်းကနေ လူပုဂ္ဂိုလ်တွေ ပြောထားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနယ်ကနေ ထွက်သွားတဲ့လူတွေထဲမှာ မြန်မာပြည်မှာ တကယ်ပဲ နေထိုင်တယ်ဆိုတဲ့ သူတို့အနေနဲ့ အထောက်အထားတွေ ပြမယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ အချိန်မရွေး ပြန်ပြီးတော့၊ စီစစ်ပြီးတော့ ခေါ်ယူဖို့ အဆင်သင့်ရှိပါတယ်ဆိုတဲ့ဟာကို ပြောထားပြီး ဖြစ်ပါတယ်။

နောက်တခုက ဒီလူတွေဟာ တကယ်ပဲ သူတို့ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးနဲ့ သဟဇာတဖြစ်အောင် တကယ်နေထိုင်လိုတဲ့ လူတွေဖြစ်မယ်ဆိုရင် သူတို့အနေနဲ့ တဘက်ကို ထွက်ပြေးတိမ်ရှောင်စရာ မလိုဘူးလို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာပဲရှိတဲ့ မူစလင်အသိုင်းအဝိုင်းထဲမှာ သူတို့အိုးအိမ်စည်စိမ်တွေကို စိုးရိမ်လို့ ကျန်တဲ့ Community ကျန်တဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်တဲ့လူတွေကဆိုရင် အစိုးရက တာဝန်ရှိတဲ့လူတွေကို သူတို့က အကူအညီတောင်းပြီးတော့ အစိုးရတာဝန်ရှိတဲ့ လူတွေကလည်း သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးတဲ့ဟာတွေ သူတို့လုပ်ပေးနေတယ်ဟာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါတွေကို နိုင်ငံတကာကလည်း ပြောပြဖို့လိုတယ်လို့လည်း ကျနော် ထင်ပါတယ်။ ဒါကြောင့်မို့ တကယ်ပဲ သူတို့ဟာဆိုရင် ငြိမ်းချမ်းစွာ နေထိုင်ချင်တယ်။ တကယ်ပဲ သဟဇာတရှိရှိ နေထိုင်တဲ့လူတွေဆိုရင် ဘာမှ ဟိုဘက်ကို ထွက်ပြေးစရာ မရှိပါဘူး။ သူတို့ အကူအညီလိုမယ်ဆိုရင်လဲ၊ အကူအညီတောင်းတဲ့အခါမှာကြရင် လုံခြုံရေးအဖွဲ့ကနေ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီ ပေးဖို့ရှိပါတယ်ဆိုတဲ့ဟာကို ကျနော့်အနေနဲ့ ပြောပါရစေ။

ဦးကျော်ဇံသာ ။ ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ အိမ်နီးနားချင်း နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လောက်အထိ ယိုးယွင်းသွားစရာ ရှိပါလဲ။ တကယ်လို့ ဒီကိစ္စသာ မပြေလည်ခဲ့ရင်။

ဦးအောင်လင်း ။ ။ ကျနော်တို့က အိမ်နီးချင်းနိုင်ငံအနေနဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ရဲ့ မူဝါဒကို ပြောင်းလဲမှု မရှိပါဘူးဆိုတာကို မြန်မာတယောက်အနေနဲ့ ကျနော် ပြောပါရစေ။ နိုင်ငံခြားရေးဝန်ထမ်းတယောက်အနေနဲ့ ပြောပါရစေ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ တဘက်နိုင်ငံက ကျနော်တို့အပေါ် ဘယ်လောက် စိတ်ရင်းကောင်း စေတနာရှိတယ်၊ ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့အပေါ် မူတည်ပြီးတော့ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုက အောင်မြင်ပါလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးတာတွေ၊ ဝေဖန်တာတွေ သိပ်များနေတဲ့အချိန်မှာ မကြာခင်ပဲ ကုလသမဂ္ဂ အထွေထွေညီလာခံလည်း ကျင်းပတော့မယ် ဖြစ်ပါတယ်။ အဲဒီညီလာခံမှာ ပြီးခဲ့တဲ့နှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီးတော့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာက ဘာမှ အဲဒီကိစ္စကို ပြန်ပြောကြတာ မတွေ့ပါဘူး။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပြောရင် ပိုပြီးထိရောက်မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိကြပါတယ်။ ဒါပေမဲ့ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်က မတက်ရောက်ဘူး။ ပြည်တွင်းကိစ္စကို ဦးစားပေးနေရတယ် ဘာညာဆိုတဲ့ သတင်းထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်သင့်တယ်လို့ ထင်ကြပါတယ်။ သံအမတ်ကြီး ဘယ်လို သဘောရပါလဲ။

ဦးအောင်လင်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ပိုင်းက သူတို့အနေနဲ့ နိုင်ငံရဲ့ ပကတိအနေအထားကို သူတို့ပိုပြီးတော့ သိရှိတဲ့လူတွေ ဖြစ်ပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးတဲ့လူတယောက်ကဆိုရင် သူ့ရဲ့ မူဝါဒ၊ သူ့မြန်မာနိုင်ငံက ဘာတွေဆောင်ရွက်နေတယ်ဆိုတဲ့ဟာကို အတိအကျ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားနိုင်မယ့်လူကို ယုံကြည်မယ့်လူကိုသာ စေလွှတ်မယ်လို့ ကျနော် ယုံကြည်ပြီသာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံကနေ စေလွှတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ကို ကူညီပံ့ပိုးဖို့ အဆင်သင့် ရှိပါတယ်လို့ တင်ပြပါရစေ။

ဦးကျော်ဇံသာ ။ ။ နောက်တခု နိုင်ငံခြားဆက်ဆံရေးနဲ့ပဲ ပတ်သက်တဲ့ကိစ္စ မေးပါရစေ။ ဒီမြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့က စီးပွားရေးအားဖြင့်ကော၊ မဟာဗျူဟာအရ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ တရုတ်ဆိုရင် ဒီကိစ္စကို သူတို့ကိုယ်တိုင်ဝင်ရောက် စေ့စပ်ပေးပါရစေဆိုပြီး ကမ်းလှမ်းခဲ့တာ ရှိပါတယ်။ ဆိုတော့ ဒီနှစ်နိုင်ငံ အပြိုင်အဆိုင် စိတ်ဝင်စားနေမှုက အခု ရခိုင်ပြဿနာ ဖြစ်ရတဲ့ပေါ်မှာ ဂယက်ရိုက်ခတ်မှု ဘယ်လောက်ထိ ရှိလာနိုင်မယ် ထင်ပါလဲ။

ဦးအောင်လင်း ။ ။ ကျနော်တို့ကတော့ နိုင်ငံတော်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအဖွဲ့အစည်းကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင်ပြီးတော့ ဖွဲ့စည်းပြီ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကဆိုရင် ကျနော်တို့ရဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့ ဖြစ်ရပ်တခုသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံတော်အပိုင်းကနေ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။

အဲဒီ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေဆိုရင် ဆက်လက်အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာ တခုကတော့ ဒီထွက်သွားတဲ့ လူတွေထဲမှာ ဥပဒေနဲ့အညီ နိုင်ငံသား ဖြစ်ထားကြတဲ့လူတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးမယ်လို့ မြန်မာအစိုးရ ပြောထားပါတယ်။ ဆိုတော့ ဒီကိစ္စမှာ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ စီစစ်တဲ့ကိစ္စမှာ သူတို့ခံချင်တဲ့ နာမည်ကို မခံယူရလို့ တချို့က ငြင်းဆိုကြတယ်ဆိုပြီး တွေ့ရပါတယ်။ ဒီအခက်အခဲကို ကျော်လွှာနိုင်ဖို့က ဘယ်လို နည်းလမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါကို ကျော်လွှာနိုင်မယ်ဆိုရင် တော်တော်လေး အဆင်ပြေသွားမယ်လို့ ကျနော် ထင်ပါတယ်။

ဦးအောင်လင်း ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကဆိုလို့ရှိရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အခြေခံပြီးတော့ နိုင်ငံသားပြုခွင့်ရမယ့် လူတွေကို လမ်းစအကုန်လုံး ဖွင့်ထားပြီသာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ချင်တဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့်မို့ သူတို့လိုချင်တဲ့ အခေါ်အဝေါ်ကိုပဲ သုံးမလား။ တကယ်ပဲ ရေရှည်သူတို့အကျိုးကို ဖော်ဆောင်နိုင်မယ့် နိုင်ငံသားဖြစ်မှု၊ နောက်ပြီးတော့ နိုင်ငံသားတွေရဲ့ ခံစားခွင့်ကို ရမယ်ဆိုတဲ့ဟာကို သူတို့တွက်ချက်ပြီးတော့ သူတို့ဆုံးဖြတ်သင့်တဲ့ကိစ္စလို့ ကျနော် ယူဆပါတယ်။