ရခိုင်ပြဿနာ ဦးခင်ရီအမြင် (အပိုင်း ၂)

Your browser doesn’t support HTML5

ရခိုင်ပြဿနာ ဦးခင်ရီအမြင် (အပိုင်း ၂)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်မြောက်ပိုင်းမှာ နိုင်ငံသား ဖြစ်သင့်သူတွေ ကို နိုင်ငံသား အသိအမှတ်ပြုရေးအတွက် ဘယ်လို အခက်အခဲတွေရှိနေသလဲ၊ ၁၉၈၂ နိုင်ငံသားဥပဒေအပေါ် ဘယ်လို သဘောထားသလဲ ဆိုတာတွေကို ဝန်ကြီးဟောင်းဦးခင်ရီက ဒုတိယပိုင်းမှ ပြောပြထားပါတယ်။ ဒေါ်ခင်မျိးသက် က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးခင်ရီ ။ ။ အမည်နဲ့ ပတ်သက်လို့ ကျနော်တို့ လက်မခံနိုင်တဲ့ ရိုဟင်ဂျာဆိုတာကို ပြောနေတာ။ ရိုဟင်ဂျာ ကို ကျနော်တို့ လက်မခံနိုင်တာ အကြောင်းရှိတယ်။ နံပတ်တစ် ကျနော် ဝန်ကြီးဘဝ တာဝန်ထမ်းဆောင်ချိန်တုန်းက ရခိုင်မှာ ဘင်္ဂလီလူမျိုးက ၁.၃ သန်း ရှိတယ်။ အခုဘယ်လောက်ရှိလဲ မသိဘူး။ ၁.၃ သန်းရဲ့ record တွေ ကျနော်တို့မှာ ရှိတယ်။ အဲဒီ record တွေမှာ family tree မှာ သူ့အဖေ၊ အမေ၊ အဖိုးအဖွား အားလုံးသည် ဘင်္ဂလီလို့ ဖြေထားတယ်။ သူတို့ကိုယ်တိုင် လက်မှတ်ထိုးတယ်။ သူတို့ကိုယ်တိုင် စာမတတ်ရင်လည်း လက်ဗွေနှိပ်တယ်။ ဒါက သူသည် ဘင်္ဂလီ ဖြစ်တယ်။

နောက်ဗမာ့သမိုင်းကျောင်းမှာလည်း နောက်ဆုံးကောက်ခဲ့တဲ့ Cesus ၈၃ ခုနှစ်၊ နှစ်ပေါင်း (၄၀) လောက်က ဘင်္ဂလီပဲ။ အင်္ဂလိပ်လက်ထက်က ကောက်ခဲ့တဲ့ ၁၉၃၇ မှာလည်း ဘင်္ဂလီပဲ။ တခါမှ ဒီလူမျိုးဆိုပြီး မရှိခဲ့ဘူး။ ဒါက နံပတ်တစ်။

နံပတ်နှစ်က လူမျိုးတမျိုးဟာ သူမှာ Original ရှိရမှာပေါ့။ ကျနော် ဗမာ၊ ကျနော် Burmese from Burma, Chinese from China .. ရိုဟင်ဂျာဆိုတာ မရှိဘူး။ မရှိတဲ့ဟာကို ကျနော်တို့က လက်ခံရင် Stateless law နဲ့ ကျနော်တို့နိုင်ငံက ပိုက်ဘောကြီး မိတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံဘူး။

နောက် တတိယအချက်က ကမ္ဘာ့နိုင်ငံအနံှအပြားမှာ ရိုဟင်ဂျာလူမျိုးတွေ အများကြီးရှိတယ်။ ဒါကို ကျနော်တို့နိုင်ငံက ဒီရိုဟင်ဂျာကို အသိအမှတ်ပြုတယ်ဆိုရင် ကမ္ဘာ့နိုင်ငံအနံှအပြားမှာရှိတဲ့ ရိုဟင်ဂျာတွေက ဒါ Safe Zone ဆိုပြီး လာနေလိုက်ရင် ကျနော်တို့မှာ ပြဿနာတက်မယ်။

နောက် စတုတ္ထအချက်က ကျနော်ပြောပြတယ် ခင်များတို့ လိုချင်တာ နိုင်ငံသားလား။ လူမျိုးဖြစ်ရေးလား။ နိုင်ငံသားလို လိုချင်ရင် အစဉ်အဆက် သမိုင်းရှိနေတဲ့ ဘင်္ဂလီနဲ့ အစစ်ခံလိုက်ရင် Criteria နဲ့ ညီလို့ရှိရင် နိုင်ငံသား ဖြစ်သွားပြီ။ ဥပဒေအရ နိုင်ငံသား။ ဒါဆို ခင်များတို့ အဆင်ပြေမယ်။ ဒါကို တင်းခံနေတော့ နိုင်ငံတော်ဘက်က လွန်သလား။ အစစ်ခံတဲ့ဘက်က လွန်သလား။ ကျနော်တို့ နောင့်နှေးရတာ အဲဒါပါ။

နောက်တခုက Freedom of Movement နဲ့ ပတ်သက်ပြီး၊ နိုင်ငံသားဖြစ်သွားတဲ့လူ - သူတို့က ဥပဒေအရ နိုင်ငံသားတွေ။ မွေးရာပါ နိုင်ငံသား မဟုတ်ဘူး။ အဲဒီလူတွေက Freedom of Movement ရပါတယ်။ သွားတဲ့လူတွေ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၂ နောက်ပိုင်းပြီးတဲ့အခါမှာ ကျနော်တို့ မြေပေါ်မှာဆင်းလုပ်တယ် .. သွားခိုင်းပါတယ်။ သွားတဲ့လူလည်း ရှိပါတယ်။ တော်တော်များများက မသွားရဲဘူး။ ဘာဖြစ်လို့ မသွားရဲလဲဆိုတော့ သူတို့ ဘင်္ဂလီအသိုင်းအဝိုင်းကိုက မင်းတို့က ဘင်္ဂလီနံမည်နဲ့ ဘာဖြစ်လို့ အစစ်ခံလဲ။ မင်းတို့ကို ငါတို့ ရိုဟင်ဂျာလို့ ပြောထားရဲ့သားနဲ့ ဘင်္ဂလီနဲ့ အစစ်ခံပြီးသွားရင် အန္တရာယ်ပြုမယ် စသည်ဖြင့် ခြိမ်းခြောက်တာတွေရှိတယ်။ သူတို့ကိုယ်တိုင် မသွားရဲတာတွေလည်း ရှိပါတယ်။ ဒါက လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ကိစ္စတွေပါ။

သူတို့ မသွားရဲတာရှိတယ်။ သွားပါ .. တချို့လေဆိပ်ထိတောင် လိုက်ပို့တာရှိတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အဲဒီခေတ်ကတည်းက ရိုဟင်ဂျာလို့ပြောတဲ့ လူမျိုးတွေ၊ ဘင်္ဂလီလို့လည်း ဒီဘက်က ခေါ်တဲ့လူမျိုးတွေ မူစလင်အသိုင်းအဝိုင်းမှာ စောစောကလိုမျိုး အလယ်အလတ်တန်းစား သိပ်အစွန်းမရောက်တဲ့လူတွေ ရှိနေတယ်ပေါ့။ သူတို့က လက်ခံချင်တယ်။ ဘင်္ဂလီဆိုပြီတော့ မြန်မာအစိုးရ ချမှတ်တဲ့ National Verification Process အတိုင်း သွားချင်တဲ့လူတွေ ရှိပါတယ်။ အဲဒီလူတွေက တော်တော်များပါသလား။

ဦးခင်ရီ ။ ။ အဲဒီလူတွေက ပမာဏတော့ ကျနော်တို့ မှန်းလို့မရဘူး။ သို့သော် အဲဒီလူတွေအားလုံးက … ရောက်နေတာ အမှန်ပဲ။

ဒေါ်ခင်မျိုးသက် ။ ။ ရှိတော့ ရှိနေတယ်ပေါ့။

ဦးခင်ရီ ။ ။ ရှိပါတယ်။ ဒီလူတွေလည်း ပေါင်းစပ်ပြီးတော့ ဒါကို အများကြီးဆွေးနွေးပါတယ်။ ကျနော်တို့ဆို အကြိမ်ပေါင်းကို မြောက်မြားစွာ Bangali Community ထဲကိုဆင်းတယ်။ နိုင်ငံတကာမှာရှိတဲ့ OIC က ဥက္ကဋ္ဌအပါအဝင် ကျနော်တို့ဖိတ်ပြီးတော့ပြတယ်။ နိုင်ငံများနဲ့ UN ကိုလည်း တက်ပြီးတော့ ရှင်းပြတယ်။ သံတမန်တွေကိုလည်း ရှင်းပြတယ်။ ဒါတွေကို ဖြေရှင်းပေးစမ်းပါ။ အဲဒီမှာရှိတဲ့ Mid-level Moderate ဖြစ်တဲ့လူတွေကိုလည်း ဆွေးနွေးတာရှိတယ်။ ဒါပေမဲ့ ဘင်္ဂလီအများစုက နည်းနည်းလေး ပညာမတတ်သူများပါတယ်။ ခြိမ်းခြောက်မှုကို လွယ်လွယ်ကူကူ ယုံတာပေါ့။ ယုံတော့ ရိုဟင်ဂျာကို ဘာကြောင့်ပြောတာမှန်း မသိဘူး။ ရိုဟင်ဂျာကို ဘာကြောင့်ပြောနေမှန်း မသိဘူး။ ရိုဟင်ဂျာကို ဘာကြောင့် တောင်းနေမှန်း မသိဘူး။ ကျနော်တို့ပြောတာ ရှင်းရှင်းလေး။ ခင်များတို့ နိုင်ငံသား ဖြစ်ချင်တာလား။ ရိုဟင်ဂျာနာမည် လိုချင်တာလား။

နိုင်ငံသားဖြစ်ချင်ရင် ဘင်္ဂလီနဲ့ လျှောက်လိုက်။ Criteria ပြည့်ရင် ဖြစ်သွားလိမ့်မယ်။ ခြိမ်းခြောက်မှုတွေ ဖြစ်နေတော့ Moderate တွေက မတိုးနိုင်တဲ့သဘော ဖြစ်တယ်။ ဒီလိုမျိုး ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဦးခင်ရီအနေနဲ့ Moderate အလယ်အလတ်တန်းစား သိပ်အယူအဆ မပြင်းထန်တဲ့လူတွေကို ဆွဲဆောင်ဖို့ လိုနေတယ်ပေါ့။

ဦးခင်ရီ ။ ။ ကျနော်တို့ ဆွဲဆောင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မအောင်မြင်ဘူးပေါ့။

ဦးခင်ရီ ။ ။ အထိုက်အလျောက်တော့ ရှိတာပေါ့။ ဒါကိုလဲ တချို့ လာအစစ်ခံတဲ့လူတွေ ရှိတယ်။ အစစ်မခံဘူး လုံးဝတော့ မဟုတ်ပါဘူး။

ဒေါ်ခင်မျိုးသက် ။ ။ အခုထက်ထိ National Verification Process မဖြစ်သေးတာဟာ သူတို့ကို မဆွဲဆောင်နိုင်လို့လား။

ဦးခင်ရီ ။ ။ မဖြစ်ဘူးတော့ မဟုတ်ဘူး။ နှေးတာပါ။ ဖြစ်တော့ဖြစ်နေတယ် (၁၀) ယောက်ဖြစ်တယ်။ (၁၁) ယောက်ဖြစ်တယ်။ ရှိတဲ့လူ တစ်ရာမှာ တစ်ရာတော့ မဖြစ်ဘူး။ တချို့ဆို ဒီနေ့ ကျနော်တို့ ရွာတွေကိုဆင်း တရားဟောတယ်။ သဘောပေါက်သွားတယ်။ ဟုတ်ပြီ နောက်နေ့လာမယ်။ နောက်နေ့ဆို သူတို့ မလာရဲကြတော့ဘူး။ စုံစမ်းကြည့်တဲ့အခါမှာ မင်းတို့သွားရဲသွားကြည့် သွားရင် မင်းတို့မိသားစုကို ငါတို့ ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်တယ်။ ဒါက မြေပြင်မှာ အမှန်ဖြစ်နေတဲ့ကိစ္စ။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီဥစ္စာတွေက သူတို့ကို သီးသန့်ထားလို့လား။

ဦးခင်ရီ ။ ။ ။ သီးသန့်ခွဲပြီးတော့ …

ဒေါ်ခင်မျိုးသက် ။ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ အကုန်လုံးနဲ့ ရောရောနှောနှော နေလိုက်လို့ရှိရင် …

ဦးခင်ရီ ။ ။ အဲဒါတွေက ပြဿနာဖြစ်လို့ Camp ထဲမှာရှိတဲ့ လူတွေ။ ထားတဲ့လူတွေ ရှိသလို။ သာမန်ရွာတွေက လူတွေလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့က အဲဒီကလူတွေလည်း သွားပြီးတော့ စာရင်းဝင်ပါတယ်။ သာမန်လွတ်လပ်တဲ့ ရွာတွေလည်း ရှိပါတယ်။ အဲဒီလူတွေလည်း သွားပြီးစည်းရုံးပါတယ်။ ဆိုတော့ အကြောက်တရား လွှမ်းမိုးတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီဒေသမှာ ပညာရေးက အဓိက အရေးကြီးပါတယ်။ ပညာရှိမှ အသိတရာ ပိုကြွယ်ဝလာမှာပေါ့။ ဟိုမှာလည်း ကျမကိုယ်တိုင် သွားတဲ့အခါ ပညာရေးအခြေအနေကို တွေ့ပါတယ်။ ပညာရေးမှာ လာတက်တာမျိုး မရှိပါဘူး။ တော်တော်များများက ကျောင်းတွေ လာမတက်ကြပါဘူး။

ဦးခင်ရီ ။ ။ အဲဒီတော့ သွေးခွဲစည်းရုံးတဲ့လူက Spoiler က သိပ်လွယ်တာပေါ့။ သွေးခွဲစည်းရုံးဖို့ သိပ်လွယ်တဲ့သဘော ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါက လိုအပ်နေတဲ့အချက်ပေါ့။ ဆိုတော့ ဒီလိုမျိုး ဝေဖန်တာတွေ ဝေဖန်ပြီးတော့ ပြောနေတာထက်စာရင် ဒီရခိုင်ပြည်နယ် ပြဿနာအရေးနဲ့ ပတ်သက်ပြီးတော့ အတိုက်အခံပါတီတစ်ခုအနေနဲ့ တကယ်လိုများ ရခိုင်အရေးကို ရှင်းလင်းရမယ်ဆိုလို့ရှိရင် ဦးဆောင်ပြီးတော့ ဘာတွေများ လုပ်ဆောင်မယ်လို့ အကြံပေးချင်ပါလဲ။

ဦးခင်ရီ ။ ။ ပါတီနိုင်ငံရေးအနေနဲ့ တွက်မယ်ဆိုရင်တော့ အတိုက်အခံပါတီက လူထုဆန္ဒကို ရယူပြီးတော့ အစိုးရကို ထောက်ပြတဲ့သဘောပေါ့။ ဒါက ပါတီနိုင်ငံရေးနဲ့ ကြည့်မယ်ဆိုရင်ပေါ့။ အမျိုးသားနိုင်ငံရေး ကိုယ့်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျနော် စဉ်းစားမိတာ တယောက်ထဲ အတွေ့အကြုံနဲ့ စဉ်းစားကြည့်တာ နံပတ်တစ်က ခိုးဝင်မှုတွေနဲ့ ဒီဘက်မှာ နဂိုရှိပြီးသားလူတွေ ပြတ်ပြတ်သားသား ခွဲခြားဖြစ်သွားအောင် တံတိုင်းကို စရလိမ့်မယ်ထင်တယ်။ နှစ်နိုင်ငံနယ်စပ်တံတိုင်း။ (၄၂) မိုင် လိုနေသေးတယ်။

အခုလက်ရှိ တံတိုင်းပုံစံကိုက သိပ်အားရကျေနပ်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါနဲ့ ပတ်သက်ပြီး မက်စီကိုနယ်စပ်ကို သွားလေ့လာဖူးတာရှိတယ်။ ဟိုနေရာကြည့် ဒီနေရာကြည့် သွားကြည့်ဖူးတာရှိတယ်။ ဥပမာ မက်စီကိုမှာဆိုရင် ဒီ ကာတဲ့ဟာတွေက မြေအောက်ထဲကို ရှစ်ပေလောက် မြုပ်တာတို့၊ ကီလိုခြောက်ဆယ်လောက် မောင်းတဲ့ကားတွေ (ခိုင်ခိုင်ခန့်ခန့်) ဖြစ်တာတို့ အဲဒီလိုမျိုး ကျနော်တို့ အပြည့်ကာဖို့လိုတယ်။ နောက် ဒီနေရာမှာ Foot Print တွေ ရှာလို့ရအောင် လုပ်ထားဖို့လိုတယ်။ နောက် ဒီနေရာမှာ လဝက လို လူမျိုးတွေ၊ နောက် ပစ္စည်းစစ်တဲ့ လူမျိုးတွေ၊ နောက် ကျနော်တို့ မူးခင်းဖော်ထုတ်ရေးနဲ့ ပတ်သက်တဲ့ဟာတွေ ဒါတွေ ပြည့်ပြည့်ဝဝ ဖြစ်ဖို့လိုတယ်။ နိုင်ငံတကာမှာရှိတဲ့အတိုင်း။ နံပတ်တစ်ကတော့ ခိုင်ခိုင်ခန့်ခန့် ဖြစ်ဖို့လိုတယ်။

နောက် ဒုတိယက ခိုးဝင်တာသည် နဂို ဆယ်ယောက်ဝင်ရင်၊ အခု တစ်ယောက်ဖြစ်ချင်ဖြစ်မှာပေါ့။ ဒုတိယက ဒီအထဲမှာရှိတဲ့ လူတွေကို အခုနပြောသလို ခွဲထုတ်ပြစ်ရမယ်။ ဒါကတော့ အုပ်ချုပ်မှုအာဏာနဲ့ ပြည့်ပြည့်ဝဝ ခွဲထုတ်ပြစ်ရမယ်။ Moderate တွေရှိတယ်။ အစွန်းရောက်တွေရှိတယ်။ လုပ်ရမယ့်ကိုင်ရမယ့် Tools ကတော့ ၈၂ ဥပဒေပါပဲ။ ဒါတွေကို ကျနော်တို့ ကူပေးဖို့လိုတယ်။ အခု နိုင်ငံတကာကလာတယ်။ ဘယ်သူပဲလာလာ ပြောသွားရင် မတိုးတက်သေးဘူးလို့ပဲ ပြောသွားတယ်။ အခုနပြောတဲ့ Root Cause ကို ခင်များတို့ ရှင်းပေးနိုင်သလား။ ခင်များတို့ အခုချက်ချင်း ရိုဟင်ဂျာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာလို့ မခေါ်နဲ့၊ ရိုဟင်ဂျာလို့ မပြောနဲ့ကွာ … ဘင်္ဂလီလို့ လက်ခံကြည့်လိုက်ပါလို့ ပြောပေးတဲ့လူ တစ်ယောက်မှ မရှိဘူး။ အဲဒီလိုတွေ ဝိုင်းကူဖို့လိုတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခု ဦးခင်ရီက ၈၂ ဥပဒေနဲ့ပြောလို့ မစ္စတာကိုဖီအာနန် လာတဲ့အခါမှာ သူက ပြောပါတယ် .. ဒီရှစ်ဆယ့်နှစ် ဥပဒေဟာ ပြင်သင့်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီအထဲမှာပြောတဲ့ အချက်တွေထဲမှာ မှားယွင်းတဲ့အချက်တွေ ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ကကြတော့ ဒီအထဲမှာ တတ်နိုင်သလောက် ပြန်ပေးမယ်လို့ ပြောပါတယ်။ ဆိုတော့ ၈၂ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အများက ပြင်ဖို့လိုတယ်လို့ ပြောတဲ့လူက များပါတယ်။ ဆိုတော့ ဒီဥပဒေ ပြင်သင့်တယ်လို့ ထင်ပါလား။ ဦိးခင်ရီအနေနဲ့ ဘယ်လို မြင်ပါလဲ။

ဦးခင်ရီ ။ ။ ဦးခင်ရီ ။ ။ သူတို့ သေသေချာချာ၊ ကျကျနန ၈၂ ဥပဒေကို မသိလို့ ဖြစ်လိမ့်မယ်။ ၈၂ ဥပဒေကို နားလည်ဖို့ဆိုရင် ဖျက်လိုက်တဲ့ ၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို သိရမယ်။ ၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ရွေးချယ်မှုဥပဒေကို သိရမယ်။ ၄၇ Constitution ကို ကြည့်ရမယ်။ ၇၄ Constitution ကို ကြည့်ရမယ်။ အဲဒါတွေပေါင်းမှ ဒါဖြစ်လာတာ။ သူတို့မသိရင်တော့ ပြည့်ပြည့်စုံစုံ သိဖို့လိုတာပေါ့။ အဲဒီ ၈၂ ဥပဒေ ဖြစ်ဖို့အတွက် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က အဲဒီအရင်ဥပဒေတွေမှာ အားနည်းချက်တွေရှိတော့ ဒါတွေကို ဖြုတ်ပြီးတော့ ၁၉၇၈ ကနေ ၁၉၈၂ (၅) နှစ်နီးပါးလောက် ထင်ပါတယ်။ အချိန်ယူပြီးတော့ ဒေါက်တာမောင်မောင် ဦးစီးပြီးတော့ ဥပဒေကြမ်းဆွဲခဲ့တာ။ အဲဒီတော့ တိုင်းနဲ့ပြည်နယ်အားလုံးကို သူတို့သွားတယ်။ လူထုသဘောထားဆန္ဒတွေ အကုန်ခံယူတယ်။

ဒါလေးကို ကျနော် နည်းနည်းပြောမှရမယ်။ သဘောထားတွေ အကုန်လုံးခံယူတယ်။ ဒီမှာပြန်ပြီးတော့ ဟိုဟာဖြစ်တယ်။ ဒီဥပဒေအကြောင်းကို အတည်ပြုလိုက်တဲ့အခါမှာ တိုင်းနဲ့ပြည်နယ်တွေကို ပြန်ရှင်းပြတယ်။ ပြောချင်တာကတော့ ခိုင်ခိုင်ခန့်ခန့် ဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ကျနော်က ဒီဥပဒေကို ကျကျနန လေ့လာထားတယ်။ ဒါကတော့ တစ်ပေါ့။

အဲဒီတော့ ဒီဥပဒေနဲ့ တိုင်းတဲ့အခါလည်း နိုင်ငံသားကို သေသေချာချာ စီစစ်ခွဲထားတယ်။ ဘယ်သူကတော့ မွေးရာပါ နိုင်ငံသား။ မွေးရာပိုင်နိုင်ငံသားဆိုတာ ခင်များတို့ ကျနေ်ာတို့လို .. ရှမ်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ လူမျိုးစု ရှစ်ခုကနေ ပေါက်ဖွားလာတဲ့ တစ်ရာ။ ဘယ်သူကတော့ ဥပဒေ တရားဥပဒေ နီုင်ငံသား။ ဘင်္ဂလီ၊ တရုတ်နွယ်ဖွား၊ အိနွိယနွယ်ဖွား ကုလားတွေလို ဒီမှာ ကြာရှည်ကြာမြင့် Criteria နဲ့ ညီပြီးတော့ ဖြစ်လာတဲ့လူတွေ။ ဥပဒေအရ နိုင်ငံသား။ ဥပဒေအရ နိုင်ငံသားတွေကတော့ဖြင့် နောက်ဘယ်နှစ်ဆက် ရှိပြီလား။ ဘယ်နှစ်ဆက် Third Generation ကြရင်တော့ ဖြစ်စေဆိုပြီး ဒီလိုသတ်မှတ်ခဲ့တာရှိတယ်။ ဆိုတော့ ဥပဒေအရ အင်မတန်ကောင်းတယ်။ ခေတ်နဲ့စနစ်နဲ့အညီ ဆွဲခဲ့တာလည်းဖြစ်တယ်။ ဟိုတုန်းက ရှိခဲ့တဲ့ ခေတ်မစားတဲ့ Convention .. ဒါကို အသေးစိတ်သွားရင် သိပ်ကြီးသွားမယ်။ ညီအောင် လုပ်ခဲ့တာလည်းရှိတယ်။ အဲဒီတော့ လွယ်လွယ်ကူကူ သူက ခဏလေးလာကြည့်ပြီးတော့ ကိုဖီအာနန်က ခဏလေး လာကြည့်ပြီးတော့ ပြင်ပါလို့ ပြောရုံနဲ့ မလုံလောက်ဖူးလို့ ကျနော်ထင်တယ်။

ဒါကိုတော့ ခေတ်နဲ့စနစ်နဲ့အညီ ပြန်စီစစ်ချင်ရင် စီစစ်ကြပေါ့။ မစီစစ်နဲ့ မဟုတ်ပါဘူး။ စီစစ်ပါ။ ကျနော့်သဘောကတော့ ဒါက ခိုင်ခန့်တဲ့ ဥပဒေ ဖြစ်တယ်။ လတ်တလောပြင်ဖို့ မလိုဘူးလို့ ကျနော်ပြောချင်တယ်။ နောက်တခုက အရင်အစိုးရလက်ထက်တုန်းက အဲဒီတုန်းက ဒီအဆိုကို ပြင်ဖို့ အဆိုတင်တယ်။ ဝိုင်းဆွေးနွေးတယ်။ အဲဒီတော့ ဒီဥပဒေက ပြင်ဖို့မလိုဘဲနဲ့ မှတ်တမ်းအဖြစ်နဲ့ ထားပါအုံးလို့ အဲဒီတုန်းက တခါ ဆုံးဖြတ်ခဲ့ဖူးပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအထဲမှာ တခြားဟာတွေကော မဟုတ်ဘူး။ သူက Generation သုံးခုအထိလောက်ကို ရွှေစဉ်မျိုးဆက်မယ်ဆိုတာ အဲဒီမျိုး ဥပဒေမျိုးချလာ။ ဒီဟာ တကယ်လိုက်နာဖို့ လွယ်ပါ့မလား။

ဦးခင်ရီ ။ ။ အခုတော့ ဒါနဲ့ ပတ်သက်လို့ လိုက်နာလို့ ဖြစ်သွားတဲ့လူတွေလည်း အများကြီးပါ။ ဒါက တကယ် နိုင်ငံရဲ့ အနေအထားကို ကြည့်လုပ်တာပေါ့။ အမေရိကန်မှာဆို တမျိုးဖြစ်မယ်။ ဒီဘက်မှာတော့ နိုင်ငံသားကို စဉ်းစားတဲ့အခါမှာ မြေပေါ်မူတည်စဉ်းစားတဲ့ စနစ်ထက် သွေးပေါ်မူတည်စနစ် … အမေရိကန်ဆို မြေပေါ်မူတည် စဉ်းစားတာပေါ့။ သူ့နိုင်ငံမှာ ဘယ်နှစ်နှစ် ဘယ်လောက်နေမယ်ဆိုရင် ဒီကတော့ သွေးပေါ်မူတည် စဉ်းစားတယ်ဆိုရင်တော့ သွေးမဆက်ရင် နိုင်ငံသားပေးလို့ မရဘူး။ ဒါကြောင့် တတိယ Generation သွေးကိုယူတာ ဖြစ်ပါတယ်။ လွယ်ပါတယ်။