သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ရေး အခက်တွေ့နိုင်သလား (အပိုင်း-၁)

Your browser doesn’t support HTML5

သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ရေး (၁)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ သမ္မတဦးဝင်းမြင့်ရဲ့ မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းဟာ အပြောင်းအလဲအတွက် အားမလို အားမရဖြစ်နေကြတဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်အားတက်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေအကောင်အထည်ဖော်ဖို့အတွက် လွယ်ကူပါ့မလား၊ ဘယ်လို အခက်အခဲတွေ စိမ်ခေါ်မှုတွေ ရှိနေပါသလဲ ၊ မြန်မာ့မူဝါဒရေးရာသုံးသပ်သူ ဒေါက်တာတင်မောင်သန်း၊ သီပေါမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင်မောင်သန်း နဲ့ ဦးရဲထွန်း နှစ်ယောက်စလုံး မင်္ဂလာနှစ်သစ်ပါ။ ကျနော်တို့ ဒီလို နှစ်သစ်မင်္ဂလာရှိတဲ့အချိန်မှာ မြန်မာနိုင်ငံမှာလည်း မင်္ဂလာသတင်းတွေလည်း ကြားရပါတယ်။ အထူးသဖြင့် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာရယ်၊ နောက်တခါ နိုင်ငံတော်သမ္မတရဲ့ အင်မတန် အားတက်စရာကောင်းတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အတိုင်း အားတက်စရာကောင်းတဲ့ နောက်ကွယ်မှာ တကယ်လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေက အမြဲတမ်း ဝင်လာနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့ကို မေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံးတချက်က ဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆိုတဲ့ကိစ္စ။ အကုန်လုံးအတွက် ကြိုဆိုစရာ၊ ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။ ဒါပေမဲ့ လစာတိုးလိုက်တာနဲ့ တဆက်တည်းမှာပဲ ကုန်ဈေးနှုန်း မြှင့်မားမှုကလည်း ဖြစ်လာတတ်ပါတယ်။ အဲဒီတော့ သူ့ဟာနဲ့သူ ဘဲစားဘဲချေ ဖြစ်သွားတဲ့သဘောတွေ အများကြီးတွေ့ခဲ့ရပါတယ်။ အခုတခါမှာကော ဒီလို လစာတိုးလိုက်တာနဲ့အညီ လိုက်ပါမြင့်မားလာမယ့် ကုန်ဈေးနှုန်းကိစ္စကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။ ဦးရဲထွန်းအမြင်ကို အရင်ပြောပါ။

ဦးရဲထွန်း ။ ။ အခု ဒီတခေါက် လစာတိုးလိုက်တဲ့အခါမှာတော့ အရင်တုန်းက အခြေအနေတွေနဲ့ မတူတဲ့ အခြေအနေလေးတွေတော့ သတိထားမိတယ်။ ဘယ်လိုလဲဆိုတော့ NLD အစိုးရက လွန်ခဲ့တဲ့ (၂) နှစ်ကာလထဲက ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူ ရိုက်ထုတ်တာမျိုးတာထက်၊ ပြည်သူလူထုဆီက အခွန်တွေ တိုးကောက်ပြီးတော့ ဖြည့်ဆည်းဖို့ကို သူက ဆောင်ရွက်ထားတာ။ အဲဒီလို ဆောင်ရွက်ထားတဲ့အတွက်ကြောင့်မို့ လစာတွေ တိုးပေးလိုက်တဲ့အခါမှာ ငွေဖောင်းပွမှု ဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်တော့ကြည့်ရမှာပေါ့။ ဒါပေမဲ့ အရင်တုန်းကလို လစာတိုးလိုက်တာနဲ့ ချက်ချင်း ဟိုဟာဖြစ်လာမယ့် အနေအထားမျိုးတော့ မရှိဘူးလို့ သုံးသပ်ပါတယ်။ စီးပွားရေးစစ်တမ်းတခုက ပြဆိုထားတာကလည်း ငွေကြေးဖောင်းပွမှုနှုန်းက NLD အစိုးရ ဖွဲ့ပြီးတဲ့ (၂) နှစ်အတွင်းမှာ ကျဆင်းလာတယ်လို့ အဲဒီလို အစီရင်ခံစာတခုကို ဖတ်လိုက်ရပါတယ်။ အဲဒီအတွက်ကြောင့်မို့ လစာတွေ တိုးပေးလိုက်ပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ တက်လာတာကို ထိန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင်မောင်သန်းရဲ့ အမြင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဦးတင်မောင်သန်း ။ ။ ကုန်ဈေးနှုန်းက အကြောင်း နှစ်ချက်ပေါ်မှာ မူတည်တယ်။ တခုက ငွေဖောင်းပွမှုကြောင့်။ နောက်တခုက လုပ်ငန်းတွေလုပ်တဲ့နေရာမှာ အကုန်အကျတွေ များလာတဲ့အတွက်ကြောင့်မို့။ ဆိုတော့ ငွေဖောင်းပွမှုကြောင့်လို့တော့ စောစောက ကိုရဲထွန်းပြောတဲ့အတိုင်းပဲ အင်မတန် ဂရုစိုက်ပြီး လုပ်နေတဲ့အတွက်ကြောင့်မို့ ဒီဘက်ကတော့ ပြန်လည်ထိန်းညှိလိမ့်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ တဘက်မှာ အားရစရာ မကောင်းသေးတာက လုပ်ငန်းကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရမူဝါဒနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ မလျှော့ချနိုင်သေးတာ။ အဲဒီအတွက် ဖိဖိစီးစီးလေး လုပ်လိုက်လို့ရှိရင် ကုန်ဈေးနှုန်းကို ထိန်းနိုင်လိမ့်မယ်လို့ ထင်တယ်။ အဓိက စားကုန်တွေရဲ့ တန်းဖိုးကွင်းဆက်တလျှောက်ကို လေ့လာပြီးတော့ ဘယ်နေရာမှာ မူဝါဒ ချမယ်ဆိုတာကို စနစ်တကျ လုပ်မယ်ဆိုရင် ဖြစ်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

မဟုတ်လို့ရှိရင်တော့ -- ချုပ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့်၊ ပြီးနောက် ကြီးမားနေတဲ့ သယ်ယူပို့ဆောင်ရေးလို၊ ဆီဈေးလို၊ လျှပ်စစ်မီးမရတာတို့ အစရှိတဲ့ စရိတ်စခအကုန်အကျများတာတွေကြောင့် ကုန်ဈေးနှုန်းက ဆက်ပြီးတော့ တက်ချင်လည်း တက်သွားနိုင်တယ်။ အဲဒီအပိုင်းက အစိုးရက အားနည်းနေတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဘာတွေလုပ်မလဲဆိုတဲ့ ဒီဇိုင်းပေါ်မှာ အများကြီးမူတည်လိမ့်မယ်ထင်တယ်။ အဲဒါတော့ လက်ရှိမိန့်ခွန်းမှာ သိပ်မတွေ့ရသေးဘူး။ ဒါပေမဲ့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ကိစ္စမှာတော့ တွေ့ရတယ်။ အဲဒီတော့ အခြေခံကုန်ပစ္စည်းတွေနဲ့ ဆက်နွယ်တဲ့ တန်းဖိုးကွင်းဆက်တလျှောက် လေ့လာပြီးတော့ ဘာလုပ်မလဲဆိုတဲ့ မူဝါဒက တော်တော်အရေးကြီးမယ်လို့ထင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ဒီနေရာမှာ မေးချင်တာက ဦးရဲထွန်းကိုပဲ စပြီးမေးပါရစေ။ အခု သမ္မတကြီး ပြောသွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ - အထူးသဖြင့် ပြည်နယ်နဲ့တိုင်းတွေကို အခွင့်အာဏာပိုပြီးပေးမယ်ဆိုတဲ့ ကိစ္စအပါအဝင် တခြားကိစ္စတွေလည်း ပါတယ်။ ဒီကိစ္စတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ တားမြစ်ချက်နဲ့ အံ့ဝင်ပါ့ရဲ့လား။ အဲဒီတားမြစ်ချက်ကို ကျော်လွှာပြီးလုပ်ရမယ့် ကိစ္စတွေများ ရှိမနေဘူးလား။ ဒီလို သူပေးလိုက်တဲ့ ကတိထဲမှာ …

ဦးရဲထွန်း ။ ။ အခြေခံအားဖြင့်တော့ သူက ဖယ်ဒရယ်စနစ်ပုံစံ ဖြစ်အောင်ပေါ့လေ ရေးဆွဲထားတာ ဖြစ်တယ်။ ဥပမာအားဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးဌာနတွေဟာ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ မရှိရဘဲနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ ရှိရမယ်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးသားထားတယ်။ ဒီဟာကို အရင်အစိုးရလက်ထက်တုန်းက ကတိထားမိပေမယ့်လို့ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ကိစ္စကို သူတို့ တခုခုကြောင့် အကြောင်းတခုခုကြောင့် မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တဲ့ အနေအထားမျိုးရှိတယ်။ အဲဒီကိစ္စကတော့ မြင်သာထင်သာတဲ့ ကိစ္စတခုပေါ့။ တခြားဥပဒေပြုရေးကိစ္စတွေမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို ပေးအပ်ထားတဲ့ အခွင့်အာဏာတွေ ရှိတယ်။ အဲဒါတွေကိုလည်း ပထမအကြိမ် အစိုးရသက်တမ်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းတွေတုန်းက ကောင်းကောင်း မကျင့်သုံးခဲ့ဘူး။ အဲဒီတုန်းကလဲ ဖယ်ဒရယ်စနစ်ဆိုတာလည်း ကောင်းကောင်းနားမလည်ခဲ့ဘူး။ နောက်တခုက ဗဟိုချုပ်ကိုင်မှုကိုပဲ အကုန်လုံး အစစအရာရာ အားကိုးနေတဲ့အချိန်ဆိုတော့ ဒီဟာကို လုပ်ရကောင်းမှန်းလည်း မသိဘူး။

သမ္မတဦးဝင်းမြင့် က ဒီဟာကို ထောက်ပြပြောဆိုလိုက်တဲ့ဟာက ကျနော်ထင်တယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲက အဲဒီလို ဗဟိုချပ်ကိုင်မှု လျှော့ချရမယ့် ကိစ္စတွေကို ရည်ရွယ်ပြီးတော့ ပြောပုံရပါတယ်။ အခြေခံဥပဒေက ခွင့်ပြုထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ လုပ်လို့ရပါတယ်။ အောက်ခြေမှာ တကယ်တမ်း လုပ်နိုင်ကိုင်နိုင်တဲ့ ထိုးထွင်ပြီးတော့ ကိုယ့်တိုင်းဒေသကြီး အခွင့်အာဏာကို ပြည့်ပြည့်ဝဝ အသုံးချပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးရဲထွန်း စောစောကပြောတဲ့ တခုခု အခြေအနေကြောင့် မလုပ်ဖြစ်ခဲ့ဘူးဆိုတာ အဲဒီတခုခု အခြေအနေက ဘာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တဘက်က ပြည်ထဲရေးဝန်ကြီးတို့ ဘာတို့ကို ရွေးချယ်ပေးခဲ့တဲ့ တပ်မတော်ရဲ့ သဘောထားကို ငဲ့ကွက်ခဲ့ရလို့လား။ အခုအခါမှာလဲ တပ်မတော်က အဲဒီလို လုပ်လာရင် ကြည်ကြည်ဖြူဖြူ ရှိပါ့မလားဆိုတာကို ဆက်ဆွေးနွေးပါအုံးမယ်။

ဦးရဲထွန်း ။ ။ အဲဒီတုန်းကတော့ ကျနော်ထင်ပါတယ်။ စစချင်းဆိုတော့ အခြေခံဥပဒေကို ကောင်းကောင်းနားမလည်ကြတာ ပါတာပေါ့။ ကျနော်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌများအပါအဝင် အခြေခံဥပဒေကို ကျနော်တို့က စပြီးတော့ လုပ်ရင်သင်၊ သင်ရင်လုပ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါကြတော့ ဘယ်သူမှလဲ ဒီဥစ္စာကို စေ့စေ့စပ်စပ် မသိဘူး။ နောက်တခုက ဒီဟာက နိုင်ငံရေးအရ ဖယ်ဒရယ်စနစ်ပုံစံ ဆွဲထားတယ်ဆိုတဲ့ဟာကိုလည်း ရှင်းရှင်းလင်းလင်း နားမလည်တဲ့အခါကြတော့ ဒီအုပ်ချုပ်ရေးက ပြည်ထဲရေးကပဲ ကိုင်ထားတာ ဖြစ်လိမ့်မယ်လို့ တွက်ဆကြတာပေါ့။ တနည်းပြောရမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်ရေးကို ဆက်လက်ပြီး ကိုင်ထားဖို့ကို ယခင်စစ်အစိုးရကလည်း လိုလိုလားလား ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးခဲ့သလို၊ ဦးသိန်းစိန်အစိုးရကလည်း ဆက်ပြီးတော့ ကျင့်သုံးလိုတဲ့ စိတ်ဆန္ဒရှိပုံ ရပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကို မပြောင်းလဲခဲ့တာ။ နောက်ပိုင်း ဒီဘက်ခေတ်မှာတော့ ဒါနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆို ထောက်ပြတာတွေလည်း ရှိတယ်။ မီဒီယာသမားတယောက်က ဦးဇော်ဌေးကို လှမ်းပြီးတော့ မေးလိုက်တဲ့အခါမှာ ဦးဇော်ဌေး က ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဆင့်ဆင့်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအောက်ကို ပြောင်းဖို့အတွက်ဆိုရင် ဥပဒေတခု ပြဌာန်းပြီးတော့ ဆောင်ရွက်လို့ ရပါတယ်ဆိုပြီးတော့ ဖြေလိုက်တယ်။

အဲဒီနောက်ပိုင်းမှာ တကယ်တမ်း လုပ်တဲ့အခါမှာ တချို့သော ဥပဒေတွေက မပြင်ဆင်ရသေးတာ၊ မဖျက်သိမ်းရသေးတာတွေရှိတော့ ငြိ့စွန်းနေတယ်။ အခုအချိန်မှာတော့ အုပ်ချုပ်ရေးတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေက ကျင့်သုံးရမယ့်ဟာတွေ ဖြစ်တယ်လို့ သဘောပေါက်လာတာနဲ့အမျှ ဒါတွေက ဆောင်ရွက်လို့ ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်း၊ မညီညွှတ်ခြင်း မရှိဘူးလို့ ကျနော် အဲဒီလို ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတင်မက တပ်မတော်ရဲ့ ငြိုငြင်မှုကိုလည်း ထည့်တွက်စရာ မလိုဘူးဆိုတဲ့ သဘောပေါ့။ ဆရာဦးတင်မောင်သန်း ဘယ်လိုသဘောရပါသလဲ။ Decentralization နဲ့ ပတ်သက်ပြီးတော့ တကယ်ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ထင်ပါသလား။ အကန့်အသတ်တွေ၊ ငဲ့ကွက်ရမယ့်ဟာတွေ မရှိဘဲနဲ့ ချောချောချူချူ လုပ်နိုင်မယ်လို့ ဆရာ ထင်သလား။

ဦးတင်မောင်သန်း ။ ။ ပထမဦးဆုံးကတော့ ဖွဲ့စည်းပုံကို တပ်မတော်က ဆွဲတယ်။ အဲဒီတော့ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့်တွေ ပေးထားတာကို တပ်မတော်က သိပြီးသားဖြစ်တယ်လို့ ကျနော်ထင်တယ်။ လူတွေထင်တာနဲ့ တခြားဆီပေါ့။ ပထမဦးဆုံးကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရရဲ့ ရုံးဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကနေ ယူရမယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ပြဌာန်းထားတယ်။ တပြိုင်ထဲမှာပဲ ပြည်နယ်တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေ၊ မူဝါဒနဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်လို့ရှိရင် မိမိရဲ့ နယ်ဘက်အဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ရှိတယ်လို့ ပုဒ်မ (၂၅၇) မှာ ပြဌာန်းထားတယ်။ ဆိုတော့ ဒါက အစကတည်းက The Bind အရကိုက ရှိပြီးသားလို့ထင်တယ်။ လုပ်လို့လဲရမယ်လို့ ကျနော်ထင်တယ်။ မန္တလေးမှာ လုပ်ခွင့်ရတဲ့ အတွေ့အကြုံအရ ပြောရလို့ရှိရင် ဝန်ထမ်းတွေကလည်း ပထမပိုင်းမှာ နည်းနည်းဇဝေဇဝါ ဖြစ်တယ်။ မလုပ်ဖူးမကိုင်ဖူးဘူး။ မလုပ်ဖူးမကိုင်ဖူးဆိုတာက မူဝါဒကို တိုင်းအဆင့်ဒေသကြီးမှာချတယ်။ အစီအစဉ်တွေ၊ စီမံချက်တွေကို တိုင်းအဆင့်ဒေသကြီးမှာ တိတိကျကျ၊ သေသေချာချာ ရေးတယ်ဆိုတာမျိုး၊ ဒီလိုလုပ်ပုံကိုင်ပုံမျိုးတွေနဲ့ အောက်ခြေမှာ မလုပ်ခဲ့ရဘူး။ အဲဒီအချိန်မှာ နည်းနည်းလေး ဘာလုပ်နေလဲဆိုတဲ့ ဇဝေဇဝါလေးဖြစ်တာ ရှိတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာမို့လို့ ကျနော်တို့ လုပ်တဲ့အခါမှာ ဗဟိုဖြစ်တဲ့ ဝန်ကြီးဌာနတွေကလည်း အခုအခံ အင်မတန်နည်းပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ထိပ်တိုက်တွေ့တာတွေလည်း မတွေ့ခဲ့ရဘူး။

တနည်းပြောရရင် တိုင်းဒေသကြီးအဆင့်မှာ လုပ်တဲ့ စီမံချက်တွေမှာ ဝန်ကြီးဌာနက လုပ်နေတဲ့ မူဝါဒတွေကို အားဖြည့်ပေးရာရောက်တယ်။ အပြန်အလှန် အားဖြည့်မှုကို သွားတွေ့ရတယ်။ ဥပမာအားဖြင့် အစားအသောက်တွေ စီစစ်တဲ့ FDA လို၊ လုပ်ငန်းမျိုးမှာ အဲဒီလို အားဖြည့်မှုမျိုးကို မန္တလေးနဲ့ ဗဟိုကြားထဲမှာ ကျနော်တို့ တွေ့ရတယ်။ လယ်ယာဝန်ကြီးဌာနမှာလုပ်မယ့် Agriculture good practices လယ်ယာစိုက်ပျိုးရေး လုပ်ပုံကိုင်ပုံ ကောင်းတွေမှာလည်း အားဖြည့်တဲ့ဟာမျိုးတွေကို သွားတွေ့ရတယ်။ ဆိုတော့ အဲဒီအတွေ့အကြုံတွေကပဲ သမ္မတကြီးက ပြောတယ်ထင်တယ်။ အဲဒီတော့ သိပ်အခက်အခဲ မရှိလောက်ဘူးလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။