ငြိမ်းချမ်းရေးထိပ်သီး အဖုအထစ် အလားအလာ

Myanmar Peace conference ( Photo- Myanmar State Counsellor)

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးထိပ်သီး အဖုအထစ် အလားအလာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ နိုဝင်ဘာလမှာ ဆက်လက်ကျင်းပဖို့ရှိတယ်ဆိုတဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ မှာ ဘယ်လိုအတားအဆီး၊ အခက်အခဲတွေ ရှိလာနိုင်ပါသလဲ။ အတားအဆီးတွေ ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်းကော ဘာလဲ၊ မျှော်လင့်ချက်ဘယ်လောက်ထားနိုင်သလဲ ဆိုတာတို့ကို မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်သော ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာ အပြုသဘောရလဒ်တွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ပြီးတော့ နိုဝင်ဘာလမှာလည်း အဲဒီဆွေးနွေးပွဲကို ဆက်ပြီးပြန်လုပ်မယ်ဆိုတော့ တချို့ကလဲ အကောင်းမြင်ကြပါတယ်။ သို့သော်လဲပဲ အဲဒီဆွေးနွေးပွဲမှာ ကာချုပ်ပြောလိုက်တဲ့ စကားတွေကြောင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အင်အားစုကလည်း သိပ်ဘဝင်မကျ ဖြစ်ခဲ့တယ်။ သူတို့နဲ့ တော်တော်လေး အဆင်ပြေပြီဖြစ်တဲ့ KNU ကလည်း နောင်လာမယ့် ဆွေးနွေးပွဲတွေကို မတက်ဘဲ၊ ရပ်ဆိုင်းထားမယ်ဆိုပြီး ကြေညာချက်ထုတ်လာတယ်ဆိုတော့ ရှေ့ကို အလားအလာ ကောင်းပါရဲ့လားလို့ မပြောခင်မှာ ပြီးခဲ့တဲ့ ပွဲရဲ့ရလဒ်ကိုကော အကောင်းမြင်တယ်လို့ သုံးသပ်လို့ရပါ့မလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော့်အမြင်ကတော့ ဒီတပွဲတည်းနဲ့ အားလုံးပြေလည်သွားမယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကို ပြန်ကြည့်တဲ့အခါကြတော့ ညီလာခံတွေမှာ လူ (၇၀၀) လောက် တက်တယ်။ တက်ပြီးတဲ့အခါကြတော့ ဆွေးနွေးတဲ့ အနေအထားမှာလည်း ကိုယ်စားလှယ်အားလုံးက ပါဝင်ဆွေးနွေးနေတဲ့အခါကြတော့ လိုရင်းကိုမရောက်နိုင်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိလာတာပေါ့။

ဆိုတော့ အဲဒီအချိန်မှာ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရဘက်က ဆန္ဒရှိတာက လူဦးရေက ဒီလောက်မများသင့်ဘူး။ လျှော့ချသင့်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိပါတယ်။ နောက်တခုကြတော့ တချို့အရေးကြီးတဲ့ကိစ္စတွေကို တကယ့်ထိပ်ပိုင်းခေါင်းဆောင်တွေ စဆွေးနွေးကြမယ်။ ပြီးတော့မှ ပြန်ပြီးတော့ ချပြမယ်ပေါ့။ Top Down ဆိုတဲ့ ပုံစံလည်း ပြန်စဉ်းစားလာတာ ရှိပါတယ်။ ဆိုတော့ ပြီးခဲ့တဲ့ အစည်းအဝေးက ကျနော်ထင်တယ် ဒီလို Top Down ပုံစံမျိုးကို ပြန်ကြိုးစားကြည့်တာလို့ထင်တယ်။ ဒါပေမဲ့လဲ ဒီတပွဲထဲနဲ့ ပြဿနာအားလုံး ပြေလည်သွားဖို့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Top Down ပုံစံဆိုတော့ ဆွေးနွေးပွဲ ကျင်းပပုံကျင်းပနည်းကတော့ အများကြီး တိုးတက်လာတယ်။ အင်မတန် အားရစရာကောင်းတယ်လို့ ဒါကို လူတိုင်းလက်ခံနိုင်ပါတယ်။ အဲဒီမှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာကို ဘယ်လောက်အထိ အကောင်းမြင်လို့ရပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ ကျနော်တို့ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့လဲ အထူးသဖြင့်တော့ အပေးအယူသဘောမျိုး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဘက်ကို ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ပေးမယ်။ နောက် ပြည်နယ်တွေမှာ ဝန်ကြီးချုပ် ရွေးချယ်တဲ့ကိစ္စတွေကို ပြည်နယ်ဘက်က ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အာဏာမျိုး … ဒါတွေ ကမ်းလှမ်းတာတွေ ကြားပါတယ်။ တဘက်ကလဲ တိုင်းရင်းသားတွေဘက်က ခွဲမထွက်ရေးနဲ့ နောက်တခုက တခုတည်းသော တပ်မတော်ကို အသိအမှတ်ပြုရေး။ ဒီလိုကိစ္စမျိုးတွေ ဆွေးနွေးကြတယ်ဆိုတာမျိုးတော့ ကျနော်တို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီထဲမှာ ပထမတခုကတော့ ပြည်နယ်ဝန်ကြီးချုပ်ကိစ္စကို ဒီဘက်က သဘောတူတယ်ဆိုတဲ့ အချက်ပြမှုတွေ တွေ့ရပါသလား။ အာဏာပိုင်တွေဘက်က၊ ဗဟိုဘက်က။

ဦးအောင်သူငြိမ်း ။ ။ အဲဒီလိုတော့ အသေးစိတ်တော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ သိရသလောက်တော့ ဒီဆွေးနွေးပွဲတွေကို ရှေ့ဆက်ပြီး လုပ်သွားမယ်ဆိုတာလောက်ပဲ အသေးစိတ်သိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရှေ့ဆက်လုပ်မယ့် ဆွေးနွေးပွဲမှာလဲ နိုဝင်ဘာမှာ လုပ်မယ်လို့ပြောတယ်။ အဲဒီ နိုဝင်ဘာ ဆွေးနွေးပွဲကိုတက်ဖို့ တချို့က အင်တင်တင် ဖြစ်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကာချုပ်က သူတို့ကို အဓိကမဟုတ်တဲ့ ခွဲထွက်ရေးကိစ္စ။ အဲဒီကိစ္စတွေကို တိုင်းရင်းသားတချို့ကပြောတာ မလိုအပ်ဘဲနဲ့ ဒါကိုပဲ ကာချုပ်က အလေးအနက်ထားပြောနေတယ်လို့ ဆိုလာတယ်။ ဆိုတော့ ပြေလည်သွားစရာ ရှိပါသလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ဒီလိုပွဲတွေက တယောက်နဲ့တယောက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ယုံကြည်မှု တိုးတက်လာအောင် ဆ ဆခေါ်တဲ့အခါကြတယ်။ လုပ်သင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ အဲဒီတော့ အဲဒီမှာပဲ ဖြစ်နေတဲ့ပုံစံကတော့ တပ်မတော်ဘက်ကလဲ သူရဲ့ ရပ်တည်ချက်ကို ပြောတယ်။ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ရဲ့ ရပ်တည်ချက်ကို ပြောတယ်ဆိုတော့ ရင်းနှီးမှု၊ ယုံကြည်မှုက ဒီလောက်ကြီး ရှေ့မရောက်လာသေးဘူးလို့ ထင်တယ်။ နောက်ထပ်အစည်းအဝေးတွေလည်း ဖြတ်ပြီးတော့

ဦးကျော်ဇံသာ ။ ။ နောက်တခုက တခုတည်းသော တပ်မတော်ကိစ္စနဲ့ ပတ်သက်လို့ KNU က ပြောတဲ့ သတင်းတွေ ကြားရတာက တပ်မတော်ဆိုတာ အရပ်သားအစိုးရရဲ့ လက်အောက်ကို ရောက်မှပဲ တခုတည်းသော တပ်မတော် ဖြစ်ရေးဆိုတဲ့ကိစ္စက သူတို့လက်ခံနိုင်မယ့်သဘောမျိုး ပြောတယ်ဆိုတော့ တပ်မတော်က အရပ်သားအစိုးရ သြဇာအာဏာ လက်အောက်ကို ရောက်မယ်ဆိုတဲ့အဆင့်က အတော့်ကိုအလှမ်းဝေးသေးတဲ့ ကိစ္စလို့ မြင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ တခုတည်းသော တပ်မတော်ဆိုတာကို မူအရ လက်ခံကြပါတယ်။ လက်ခံပေမယ့်လဲ ဒီတပ်မတော်ကို ဘယ်လို ထိန်းကျောင်းမလဲဆိုတဲ့ ပြဿနာ။ အဲဒီအနေအထားမှာတော့ ဒီမိုကရေစီအစိုးရ လက်အောက်မှာရှိတဲ့ တပ်မတော်ဆိုတဲ့ အဆိုပြုတာတွေ ရှိပါတယ်လို့ ကျနော်တို့ ကြားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စ တော်တော်နဲ့ ဖြစ်လာမယ်လို့ ထင်သလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အခုလက်ရှိ ဆွေးနွေးတဲ့ကိစ္စတွေအားလုံးက Sensitive ဖြစ်တယ်။ အကဲခတ်တယ်လို့ ဆိုရပါလိမ့်မယ်။ အကဲခတ်တယ်ဆိုတော့ အထူးသဖြင့် ပိုပြီးတော့ တယောက်နဲ့တယောက်က ရင်းနှီးပွင့်လင်းမှုလိုတယ်၊ ယုံကြည်မှုလည်းလိုတယ်။ နောက်တခုက ပြောတဲ့စကားလုံးတလုံးချင်းကိုက ပြန်အဓိပ္ပါယ်ဖွင့်ဆိုမျိုးတွေ လိုမယ်လို့ထင်တယ်။ အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဘာလဲ။ နောက်တခုက တခုတည်းသော တပ်မတော်ဆိုတာ ဘာလဲ စသဖြင့် ဒီစကားလုံးတလုံးချင်းရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ကြည်လင်သွားမှပဲ သဘောတူညီမှုတွေ ပိုပြီးတော့ နီးစပ်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ခွဲထွက်ရေး၊ ခွဲမထွက်ရေးကိစ္စ - ဒါကတော့ ရှင်းနေတဲ့ကိစ္စ ခွဲထွက်မခွဲထွက်ဆိုတာ အဓိပ္ပါယ်အားဖြင့်။ ဒါပေမဲ့ ဒီကိစ္စကို တိုင်းရင်းသားတွေက ဘယ်သူကမှလဲ ကျနော် အရင်ပြောဖူးပါတယ် - ၄၇ ဥပဒေမှာပါတဲ့ အခန်း (၁၀) ကို မကျင့်သုံးခဲ့ကြပါဘူး။ ဒါပေမဲ့လဲ ဗိုလ်ချုပ်နေဝင်းက အဲဒါကို အသုံးချပြီးတော့ အာဏာသိမ်းယူသွားတယ် အကြောင်းပြပြီးတော့။ အခုအခါမှာ အဲဒီကိစ္စကို တိုင်းရင်းသားတွေက မပြောလိုပါဘူးဆိုရဲ့သားနဲ့ ကာချုပ်က ဒီဟာကိုပဲ အခိုင်အမာ ပြောလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောရပါလဲ။

ဦးအောင်သူငြိမ်း ။ ။ အထူးသဖြင့် ကျနော်မြင်တာက ကာချုပ်ရဲ့ မိန့်ခွန်းအနေအထားကို ကြည့်ရင်တော့ နည်းနည်းလေး တင်းမာတဲ့သဘော ရှိတယ်လို့ ကျန်တဲ့အဖွဲ့တွေက စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကလှည့်စဉ်းစားရင်တော့ ဒါ တပ်မတော်ဘက်က သူ့ရဲ့ရပ်တည်ချက်ကို အကုန်ထုတ်ပြောလိုက်တာပဲလို့ စဉ်းစားလို့ရပါတယ်။ နောက်လာမယ့် အစည်းအဝေးတွေ ရှိခဲ့ရင်တော့ ဒီကိစ္စတွေမှာ ပိုပြီးတော့ ဆွေးနွေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုက ဆွေးနွေးပွဲတွေကို အချိန်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီအစည်းအဝေးကို အဖွင့်လေး လာတက်တာမျိုး။ အပိတ်တက်တာမျိုးထက် ဒီထက်အချိန်ပေးပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။ နောက်တခါ ပိုပြီးတော့ ရင်းနှီးပွင့်လင်းတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးမှပဲ ပိုပြီးတော့နီးစပ်နိုင်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ဆွေးနွေးတဲ့ပုံစံကိုတော့ ကြိုက်ပြီး Top Down ကိစ္စမိုလို့ ပြောခဲ့ပေမယ့် အဲဒီပုံစံမှာပင် အခုပြောစရာတွေ ကျန်သေးတဲ့သဘောပေါ့။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ စဉ်းစားချက်က တောင်အာဖရိကနိုင်ငံမှာ လုပ်ခဲ့ဖူးတဲ့ သူတို့ခေါ်တာက Bush Conference ခေါ်တဲ့ အေးချမ်းသက်သာမှုရှိတဲ့ တောအရပ်က အိမ်ကလေးတလုံးမှာ သွားလုပ်တယ်။ ပြီးတော့ ကျန်တဲ့ကိစ္စတွေအားလုံး မေ့ထားတယ်။ အချင်းချင်း ရပ်တည်ချက်တွေ ပြောတာထက် တယောက်ရဲ့ ခံစားချက်ကို တယောက်က နားလည်အောင် ကြိုးစားတဲ့ပုံစံမျိုး။ ဒီလိုပုံစံနဲ့ လုပ်တာတော့ တောင်အာဖရိကမှာ အဆင်ပြေသွားတယ်။ အဖုအထစ်တွေလည်း ချောမွေ့သွားတယ်ဆိုတဲ့ ပုံစံမျိုးကို တွေ့ခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းပြောသလို တောင်အာဖရိကပုံစံမျိုး ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာမှာ လုပ်မယ်လို့ ပြောထားတဲ့ အစည်းအဝေးကိုတောင်မှ KNU ဘက်က ရွှေ့ဆိုင်းမယ်ဆိုတဲ့သဘောမျိုး ကြေညာချက်ထုတ်တာကို တွေ့ရပါတယ်။ အဲဒီလိုဆိုတော့ ပထမဦးဆုံး စိုးရိမ်ရမှာက နိုဝင်ဘာမှာ လုပ်မယ့်ဆိုတဲ့ပွဲကပဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်မလားဆိုတာ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်တို့လည်း KNU က UPDJ ဥက္ကဋ္ဌကို ဒေါ်အောင်ဆန်းစုကြည်ပို့တဲ့စာ တွေ့ပါတယ်။ ဒါက စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး နောက်ဆွေးနွေးပွဲတွေမှာ မတက်သေးဘူး၊ ဆိုင်းငံ့ထားအုံးမယ်ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ အဲဒီအနေအထားမှာ ကျနော်ထင်တာတော့ ပိုပြီးတော့ နားလည်မှုရှိအောင် ကြိုးစားသင့်တယ်။ နောက်တခုကတော့ လွန်းပျံသဘောမျိုး ဟိုဘက်သွား၊ ဒီဘက်သွား ဒီလိုဆွေးနွေးမှုမျိုးတွေကလည်း ပိုပြီးတော့ များများလိုအပ်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အရှေ့ကိုမျှော်ကြည့်ရင် စိုးရိမ်မှုက ပိုများနေရလား။ အကောင်းမြင်နိုင်တဲ့ အခြေအနေက ပိုများသလား။ ဘယ်လိုယူဆမလဲ။

ဦးအောင်သူငြိမ်း ။ ။ လက်ရှိ အစိုးရရဲ့သက်တမ်းကို ကြည့်မယ်ဆိုရင် သိပ်အချိန်က မကျန်တော့ဘူး။ အဲဒီတော့ အစိုးရဘက်ကဆိုရင်တော့ တော်တော်လေး အကန့်အသတ်ကြီးတဲ့ပုံစံ ရှိပါတယ်။ တပ်မတော်တို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ရေရှည်သဘောပိုဆောင်တဲ့ စဉ်းစားချက်မျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ အခုလက်ရှိ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးကို အပြီဖြစ်အောင်လုပ်မယ်။ နောက်တခု တပ်မတော်က ပြောထားတယ် ၂၀၂၀ အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြီအောင်လုပ်မယ်ဆိုတဲ့ အနေအထားမှာ ဘယ်လိုလုပ်ကြမလဲဆိုတာတော့ အခုအချိန်အထိ ကျနော်တို့ စောင့်ကြည့်နေတဲ့ လူတွေအတွက်တော့ သိပ်လမ်းမမြင်သေးဘူး။ ဒီလို ခပ်ဝေဝေဝါးဝါး ရှိတုန်းပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုဆက်ပြီးတော့ မေးချင်သေးတာက အခုမြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရတယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီလိုစိန်ခေါ်မှု ရင်ဆိုင်နေရတဲ့အချိန်မှာ တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးကိစ္စများ အဆင်ပြေပြီး ရှေ့တိုးခဲ့ရင် နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပြဿနာတွေအတွက် အထောက်အကူပြုစေလိမ့်မယ်ဆိုတဲ့ စဉ်းစားမှုမျိုး ဒီခေါင်းဆောင်တွေမှာ ရှိလိမ့်မယ်လို့ ထင်သလား။ ရှိသင့်တယ်လို့ မယူဆဘူးလား။

ဦးအောင်သူငြိမ်း ။ ။ မြန်မာအစိုးရဘက်ကတော့ အဲဒီလို စဉ်းစားကောင်း စဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ စုပေါင်းအင်အား ဒါကိုလဲ အစိုးရဘက်က ပြောတာတွေ ရှိပါတယ်။ အဲဒီတော့ ညီညွှတ်ရေးအားဖြင့်လဲ တဘက်က ဖိအားတွေကို လွန်ဆန်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လဲ ကျနော်မြင်တာကတော့ နိုင်ငံတကာဖိအားကတော့ တကဏ္ဍ။ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးက တကဏ္ဍလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တပ်နဲ့အရပ်သားဘက် ပေါင်းစည်းရေး၊ ပြန်လည်သင့်မြတ်ရေး ပိုမိုသင့်မြတ်ရေး ဆိုကြပါစို့ - အဲဒီကိစ္စအတွက် နိုင်ငံတကာ ဖိအားရဲ့တွန်းအား ဘယ်လောက်ထိရောက်နိုင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ တခုတော့ရှိတယ် ကျနော်မြင်တာကတော့ အခုလက်ရှိ နိုင်ငံတကာဖိအားကိစ္စတွေကတော့ ရိုဟင်ဂျာဒုက္ခသည် သူတို့တွေ ပြန်လာရေးကိစ္စတွေနဲ့ သက်ဆိုင်တယ်။ နောက်တခုကတော့ ပြီးခဲ့တဲ့ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်။ ဒါနဲ့ပတ်သက်လို့လည်း တာဝန်ရှိတဲ့လူတွေကို အရေးယူအပြစ်ပေးဖို့ဆိုတဲ့ ကိစ္စတွေနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ အဲဒီတော့ တဘက်ကလဲ ဒီလိုကိစ္စတွေကို မြန်မာအစိုးရကို ပြောမယ်ဆိုလို့ရှိရင် ဘယ်သူနားကိုပေါက်အောင် ပြောမှာလဲ။ နောက်ပြီး လက်ရှိဖိအားတွေကို အစိုးရဘက်က ဘယ်လို့တုံ့ပြန်မှ ကျေနပ်မလဲဆိုတဲ့ Benchmark ပေတံ သဘောမျိုး ဒီလိုဟာတွေလည်း ရှိထားသင့်တယ်လို့ ထင်ပါတယ်။