Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ငြိမ်းချမ်းရေးအလားအလာ အတွက်ပဋိပက္ခတွေ ရှိနေတာဟာ ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်တယ်၊ ပဋိပက္ခဆိုတာ တိုးတက်မှုရဲ့အခြေခံဖြစ်တယ်လို့ UPDJC ခေါ် "ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ" ဒုဥက္ကဌ ဦးသုေ၀ က ဆိုပါတယ်။ ဒါဖြင့်ရင် ဒီပဋိပက္ခတွေ ဘယ်အခြေအနေမှာ တိုးတက်လာနိုင်မလဲ ဆိုတာ ဦးသုဝေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအလားအလာဟာ ပြည်သူတွေ မျှော်လင့်ချက်အတိုင်း သိပ်ပြီးတော့ ကောင်းမလာသေးဘူးလို့ ဆိုရလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါလား ဆရာ။
ဖြေ ။ ။ အခုကတော့ မျှော်လင့်တဲ့အတိုင်း အချိန်အခါတော့ မရောက်သေးဘူး။ ဒါကတော့ ကြိုးစားနေတဲ့အခါကြတော့ တနေ့နေ့တချိန်ချိန်တော့ အောင်မြင်မှာပါ။ သို့သော်လဲ လောလောဆယ်တော့ ပြည်သူတွေ မျှော်လင့်တဲ့အတိုင်းတော့ မရောက်သေးဘူးပေါ့။
မေး ။ ။ ဒါပေမဲ့ တချို့က အဆိုးမြင်တယ်လို့များ ဆရာက ယူဆမလား။ ဦးသိန်းစိန်လက်ထက်ကထက် အခု NLD အစိုးရတက်လာတဲ့အချိန်မှာ ငြိမ်းချမ်းရေးအလားအလာ ပိုပြီးတော့ ဆုတ်ယုတ်လာတယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ သူတို့အမြင်တွေက အဆိုးမြင်နေသလား။
ဖြေ ။ ။ သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တာ ဆွေးနွေးပွဲက နှစ်ပိုင်း ဖြစ်သွားတယ်။ ပထမပိုင်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်တဲ့ကြိုးစားချက်။ နောက်တခါ ဦးသိန်းစိန်ပြီးတော့ အစိုးရသစ် ကြိုးစားချက်။ ဒီကြိုးစားချက်နှစ်ခုကတော့ ရှင်းရှင်းပြောရရင် ကွာခြားမှု ရှိတယ်။ ကွာခြားမှုရှိတယ်ဆိုတာကလဲ ဒါတွေက သူတို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ကွာခြားချက်မှုတွေ ရှိတယ်။ ဟိုတုန်းကတော့ အစိုးရအဖွဲ့မှာ ပိုပြီးတော့ စည်းလုံးမှုရှိတယ်လို့ ပြောရမှာပေါ့။ ဟိုတုန်းကတော့ စစ်တပ်က အစိုးရလည်းဖြစ်နေတယ်။ နောက်ပြီးတော့ အတူတူတွဲလုပ်ကြတဲ့ လူတွေ ဖြစ်နေတော့ သဘောထားတွေက ညှိလို့လည်းလွယ်တယ်၊ ပြောရတာလည်းလွယ်တယ်။ အခု အစိုးရအပြောင်းအလဲကြတော့ သူတို့က တဦးနဲ့တဦး စိမ်းနေပုံရတယ်။ အစိုးရအဖွဲ့ထဲမှာ တပ်မတော်၊ အစိုးရအဖွဲ့တို့က အခုမှ သေသေချာချာ ပေါင်းကြရတဲ့လူတွေဆိုတော့ ဟိုတုန်းကလို စည်းလုံးညီညွှတ်မှုက သိပ်ပြီးတော့ မရှိသေးဘူး အဲဒါတွေ ကွာခြားမှုရှိတာတော့ အမှန်ပဲ။ လွှတ်ထားမှုရှိတော့ လုပ်ရကိုင်ရတာ သေးတာပေါ့။ အဲဒီလို သေးတာကို လူတွေက အားမရဘူး ဖြစ်တာပေါ့။
ကျနော့်အမြင်ကတော့ သူတို့ ဆွေးနွေးတဲ့နေရာမှာ ကျနော့်အမြင်က တဘက်က မျှော်မှန်းချက်တွေ သိပ်ကြီးပြီးတော့၊ အဲဒီမျှော်မှန်းချက်တွေကို ချက်ချင်းဖြစ်စေချင်တဲ့ ဆန္ဒတွေကရှိတယ်။ တဘက်ကတော့ ဖြည်းဖြည်းလေး သွားချင်တဲ့ဆန္ဒ ရှိတယ်။ အဲဒါတွေက ညှိရခက်နေသေးတော့ အဲဒါကြောင့် ခက်ခဲတာပါ။ သဘောတရားအားဖြင့် နားလည်မယ်ဆိုရင် ကျနော်ထင်တယ် ဒါတွေပြေလည်သွားမယ်လို့ ယူဆပါတယ်။
မေး ။ ။ ဆရာ အခုနပြောတဲ့အထဲမှာ နှစ်ဘက်ပေါ့ - တဘက်က ခပ်မြန်မြန်သွားချင်တယ်။ မျှော်လင့်ချက်သိပ်များတယ်။ တဘက်ကတော့ ဖြည်းဖြည်းသွားချင်တယ်ဆိုတာ ဘယ်ဖက်နဲ့ ဘယ်ဖက်လို့ အတိအကျ ပြောလို့ရမလဲ။
ဖြေ ။ ။ အခုက အဓိကအားဖြင့် ဆွေးနွေးတာက အစိုးရကတဘက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တဘက် - နှစ်ဘက်ရှိတယ်။ အစိုးရအဖွဲ့ထဲမှာလည်း အခုန ကျနော်ပြောတဲ့ထဲမှာ အစိုးရဝန်ကြီးတွေအဖွဲ့ရယ်၊ တပ်မတော်အဖွဲ့ရယ် - အဲဒီအဖွဲ့တွေကိုတော့ နည်းနည်းပါးပါးတော့ ခွဲပြီး ပြောရမယ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရတဖွဲ့ဟာ ညီညီညွှတ်ညွှတ်နဲ့ စည်းစည်းလုံးလုံးနဲ့ သဘောထားတွေကမျှနေတယ်။ အခုကတော့ တဘက်နဲ့တဘက် ပြန်ညှိနေရတဲ့သဘောမျိုး ရှိနေတယ်။ အဲဒါကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုပါစို့ - ကျနော့်အမြင် ပြောတာပါ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဥပမာအားဖြင့် ငြိမ်းချမ်းတဲ့ကာလမှာ ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ချင်တယ်။ အဲဒီအတွက် လမ်းစဉ်တွေ ချချင်တယ်။ အောင်မြင်ချင်တယ်ဆိုတဲ့ ဆန္ဒစောတယ်လို့ထင်တယ်။ တဘက်ကလည်း ဒါကိုချက်ချင်းလုပ်လို့ မရဘူး။ တဆင့်စီ လုပ်မှဖြစ်မယ်ဆိုတာလေး - အဲဒါတွေကိုညှိဖို့ ခက်နေတယ်လို့ ယူဆတယ်။
အဲဒီလိုညှိဖို့ ခေါင်းဆောင်တွေပေါ် မူတည်တာပေါ့။ အမျှော်အမြင်ရှိရှိနဲ့ နှစ်ဘက်ကို နည်းနည်းစီညှိမယ်ဆိုရင်တော့ ဒါဟာအခက်အခဲ မရှိဘူးလို့ ကျနော်ထင်တယ်။
မေး ။ ။ အခုတခါ အသေးစိတ်အချက်လေးတွေကို ပြောရမယ်ဆိုရင် မြောက်ပိုင်းက တချို့မဟာမိတ်အဖွဲ့လိုပြောတဲ့ တအောင်းပလောင်၊ ကိုးကန့်၊ AA တို့လို့ အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဘက်လိုတောင်မှ ဒီဘက်က သဘောမထားနိုင်ဘူး။ အဲဒါ ဘာကြောင့်ဒီလောက် အခက်အခဲ ဖြစ်ရပါလဲ။ တပ်မတော်က ဘာကြောင့် သူတို့ကိုလက်ခံဖို့ ဒီလောက်အထိ ခက်ခဲနေတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ တယောက်နဲ့တယောက် တဘက်နဲ့တဘက် နားလည်မှုပဲ။ ကျနော့်အမြင် ကျနော် သိသလောက်တော့ နှစ်ဘက်စလုံးက တွေ့ဆုံကြ၊ ဆွေးနွေးညှိနှိုင်းကြ၊ ဆွေးနွေးချင်တဲ့အရာကို အခက်အခဲဖြစ်နေတာ ဘာလဲဆိုတာကို တိုက်ရိုက်ပြောပေါ့။ သူတို့က တဘက်နဲ့တဘက် သံသယလေးတွေ ရှိနေတော့ တိုက်ရိုက်ကြီးတွေ့ဖို့ ခက်နေတယ်။ အမှန်အတိုင်းကတော့ ကြားထဲကဝင်ပြီးတော့ စေ့စပ်ပေးမယ်လူကောင်းကောင်း တကယ့်ကို အမျှော်အမြင်ရှိရှိနဲ့ အဲဒီလို ကူပေးမယ့်လူကို သူတို့ မျှော်လင့်နေပုံရတယ် - ကျနော့်အမြင်က။ နှစ်ဘက်စလုံးက တယောက်ယောက်ကများ ဒါကိုဝင်ကူပေးရင် ရမှာပဲလို့ သူတို့စိတ်ထဲမှာ တယောက်နဲ့တယောက်က မခေါ်၊ မဆွေးချင်ကြ၊ မကြိုက်ဘူးဆိုတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အကယ်၍သာ ကြားထဲက လူကောင်းကောင်းတယောက် ရမယ်ဆိုရင် ဒီပြဿနာကြီးက ပြေလည်သွားနိုင်မယ်လို့ ထင်တယ်။ အဲဒီလိုလုပ်ဖို့ဟာက ကျနော့်အမြင်က အခုဆိုရင် သူတို့လုပ်နေတဲ့ဟာက တရားဝင်ဆွေးနွေးပွဲကြီးတွေ လုပ်နေကြတော့ အဲဒီတရားဝင်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိမှာပေါ့။ နည်းနည်းခက်တယ်။ အဲဒီလို တရားဝင်မဟုတ်ဘဲနဲ့ ရိုးရိုးဆွေးနွေးပွဲတွေ များများလုပ်ပေးလို့ရှိရင်လဲ မြန်မြန်ပြီမယ်လို့ ထင်တယ်။
မေး ။ ။ ဆိုတော့ နှစ်ဘက်စလုံးက ယုံကြည်နိုင်လောက်တဲ့ ကြားဝင်စေ့စပ်ပေးမယ့်လူဆိုတဲ့ နေရာမှာ တရုတ်ကို ဘယ်လိုသဘောထားမလဲ။ အခုဆိုရင်လဲ တရုတ်အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို ရောက်နေတယ်။ သူတို့နဲ့ ဆွေးနွေးတယ်။ မကြာခဏလုပ်နေတယ်ဆိုတာလဲ ကြားမိပါတယ်။ တရုတ်ရဲ့အခန်းကဏ္ဍက ဒီနေရာမှာ အသုံးမတည့်ဘူးလား။
ဖြေ ။ ။ တရုတ်ရဲ့ အကူအညီကလည်း အများကြီးလိုအပ်ပါတယ်။ ဒါကတော့ ကောင်းလည်းကောင်းပါတယ်။ သို့သော်လဲပဲ ကျနော်တို့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတွေလည်း ဒီကြားထဲမှာ အများကြီးလုပ်ပေးနိုင်တဲ့ လူတွေရှိတယ်။ ကြားကနေ စေ့စပ်ပေးနိုင်တဲ့ လူတွေရှိတယ်။ အဲဒါကို အစီအစဉ်လေးတည့်တည့်နဲ့ လုပ်ပေးဖို့က အရေးကြီးတယ်။ တရုတ်ကလည်း အင်မတန် အရေးကြီးပါတယ်။ နောက်ပြီးတော့ တရုတ်က ဘာလဲဆိုတော့ အစိုးရနဲ့ လက်နက်ကိုင်အင်အားစုတွေက သူကို လေးစားနေတဲ့အချိန်။ အဲဒါကြောင့် သူက အများကြီး အကူအညီပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒါနဲ့ ပြည်တွင်းက ကူညီပေးနိုင်မယ့်လူ ပေါင်းလိုက်ရင် အများကြီးကောင်းသွားမှာပေါ့။
မေး ။ ။ ဆိုတော့ ပြည်တွင်းက ကူညီနိုင်တဲ့လူ ရှိတယ်ဆိုတာက အဲဒီ ကူညီနိုင်တဲ့လူက မကူညီဖြစ်နေတာ ဘာကြောင့် ဘာများအခက်အခဲ ကြုံနေရလို့လဲ။
ဖြေ ။ ။ အဲဒီလို ဘေးကကူတဲ့လူက သူက လွတ်လွတ်လပ်လပ်နဲ့ ဟိုဘက်လည်းသွားတွေ့၊ ဒီဘက်လည်းသွားတွေ့ တခါထဲလုပ်လို့ ရတာမဟုတ်ဘူး။ သွားတဲ့အခါမှာ နှစ်ဘက်စလုံးက နားလည်မှုတွေ ယူဖို့ရာ အဲဒီဟာက တော်တော်ကြီးကြန့်ကြာနေလို့ ဖြစ်တယ်။ ကျနော့်အမြင် အကဲခတ်မိတာတော့ နှစ်ဘက်စလုံးက သဘောတူ ခွင့်ပြုချက်ရအောင် ယူဖို့ဆိုတာလေးက နည်းနည်းလေးတစ်နေပုံရတယ်။ အဲဒီလို နှစ်ဘက်စလုံးက ခင်များတို့ ကူပေးတော့ဆိုပြီး လုပ်လို့ရှိရင် ဒါက မြန်မြန်ဆန်ဆန် ပြီသွားမယ်လို့ထင်တယ်။
မေး ။ ။ အဲဒီအဖွဲ့က ဘယ်သူတွေလဲ။ ဆရာတို့ UPDJC အနေနဲ့ အဲဒီလို အခန်းကဏ္ဍကို မယူနိုင်ဘူးလား။
ဖြေ ။ ။ ကျနော်တို့ UPDJC အနေနဲ့ မဟုတ်ဘူး။ အခု စဉ်းစားနေတာက အဲဒါကတခု - ကျနော်တို့ UPDJC ထဲမှာ နိုင်ငံရေးပါတီအဖွဲ့တွေ ပါတယ်။ အဲဒီ နိုင်ငံရေးအဖွဲ့၊ ပါတီအဖွဲ့တွေကလည်း အမှန်က ငြိမ်းချမ်းရေးမှာ ကြားကနေ အများကြီးလုပ်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီလို လုပ်ပေးနိုင်ဖို့လည်း ကျနော်တို့က အများကြီးစဉ်းစားထားပါတယ်။ ဘယ်လိုလုပ် ကူညီရမလဲဆိုတာတွေ။ ဒါက အကြောင်းတခု၊ နိုင်ငံရေးပါတီတွေထဲက အစိုးရနဲ့ လက်နက်ကိုင်အင်အားစုတွေကြား ဝင်ပြီးတော့ ပါဝင်ပေးဖို့၊ ကူညီပေးဖို့ဆိုတာ တပိုင်းတစအားဖြင့် ကောင်းပါတယ်။ အားလုံးစုလိုက်ရင် ကျနော်တို့ နိုင်ငံရေးပါတီလည်းပါမယ်။ အခုနလို တဘက်နားလည်မှုရှိပြီသား အစိုးရကလည်း ယုံကြည်မှုရှိပြီသား လက်နက်ကိုင်အဖွဲ့ကလည်း ယုံကြည်မှု ရှိပြီသားလူ ကြားထဲမှာဝင်လို့ရတယ်။ အဲဒီလူတွေ၊ နိုင်ငံရေးပါတီတွေ၊ တရုတ်ရယ် ပေါင်းလိုက်ရင် မြန်မြန်ဆန်ဆန် ပြီနိုင်တာပေါ့။
မေး ။ ။ အခု မြန်မာနိုင်ငံမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တိုးတက်သင့်သလောက်၊ မတိုးတက်ဘူးဆိုတာကို လူတွေက ညည်းကြတာ ရှိပါတယ်။ ငြိမ်းချမ်းရေးမရတာအပြင်ပေါ့။ ဆိုတော့ အဲဒီလို တိုးတက်မှုမရတာလဲ ငြိမ်းချမ်းရေးမရလို့ ဖြစ်တယ်လို့ တချို့က ခြုံငုံသုံးသပ်ကြတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။ တခြားကဏ္ဍတွေမှာ တိုးတက်မှု နှောင့်နှေးရခြင်းဟာ ဒီငြိမ်းချမ်းရေးကြောင့်ဆိုတာဟာ ဘယ်အတိုင်းအတာအထိ မှန်ကန်တယ်လို့ လက်ခံလိုပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးမှာလည်း အပြစ်ပြောဖို့ အဓိကအကြောင်းကြီးက တချက်ပဲရှိတာ။ ငြိမ်းချမ်းရေးမရှိတဲ့အခါကြတော့ လူတွေရဲ့ စိတ်ထဲမှာလည်း သံသယတွေဖြစ်၊ စိတ်ဆင်းရဲမှုတွေဖြစ်၊ တကယ့်တိုက်ပွဲတွေကလည်းဖြစ်၊ သေတဲ့လူ ဒဏ်ရာရတဲ့လူတွေဖြစ်တော့ နောက်ပြီးတော့ ငြိမ်းချမ်းရေး မရှိတဲ့အခါကြတော့ ညီညွှတ်ရေးပျက်သွားတယ်၊ စီးပွားရေးလည်းခက်သွားတယ်။ လူမှုရေးလုပ်ငန်းတွေလည်း ပျက်သွားတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးက အဓိကအချက်ထဲမှာ ပါပါတယ်။
မေး ။ ။ ကျနော် နောက်ဆုံးတချက် လွှမ်းခြုံမေးချင်တာက မြန်မာနိုင်ငံတင်မကပါဘူး လွတ်လပ်ရေးရပြီးတဲ့နောက် ကိုလိုနီဘဝကနေ လွတ်ကျွတ်လာတဲ့ နိုင်ငံတိုင်းမှာ ပြည်တွင်းစစ်ဆိုတာ အနည်းနဲ့အများ ကြုံခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာ ပြေလည်ငြိမ်းချမ်းသွားကြပေမယ့် မြန်မာနိုင်ငံတနိုင်ငံတည်း ဘာကြောင့် နောက်ကျကျန်ရစ်ခဲ့သလဲဆိုတာကို အကြမ်းမျဉ်းလွှမ်းခြုံသုံးသပ် ပြောလို့ရမလား။
ဖြေ ။ ။ … ပဋိပက္ခရှိပြီးရင် တိုးတက်မယ်ဆိုတာလဲ ဖြစ်ကိုဖြစ်ရမယ် ဒါလဲပဲ …. ပိုကောင်းတဲ့ အခြေအနေကို ရောက်လာမှာ။ အဲဒါက နှေးတာနဲ့မြန်တာ နှစ်ခုပဲကြာမယ်။ ကျနော်တို့ တိုင်းပြည်လည်း နှေးနေတာကတော့ အစတုန်းက သံသယနဲ့လာတဲ့ဟာတွေ များတော့ အဲဒီသံသယတွေကို ရှင်းဖို့လုပ်နေရတော့ နှေးနေတာပါ။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးစကားပြောခြင်းဖြင့် ငြိမ်းချမ်းရေးက ရကိုရရမှာပါ။ အဲဒီတော့ ငြိမ်းချမ်းရေးထဲပါတဲ့ လူတွေက ဒီဥစ္စာသဘောကို နားလည်ရင် မြန်မြန်လုပ်ဖို့လိုတယ်။ ဒါက ပဋိပက္ခဆိုတာရှိမယ်။ ပဋိပက္ခရှိရင် ငြိမ်းချမ်းရေးရမယ်ဆိုတာ ရှိတယ်။ ကိုယ်ကိုယ်တိုင်ပါဝင်တဲ့ နေရာမှာ ပဋိပက္ခဖြစ်အောင် မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ဖြစ်လာရင် စိတ်စေတနာတခုပဲ အဲဒါဖြစ်လာရင် ငြိမ်းချမ်းရေးမြန်မြန်ရပါမယ်။