Your browser doesn’t support HTML5
မကြာသေးမီက ကျင်းပပြီးဆုံးသွားတဲ့ (၂၁) ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ကိုရွေ့အောင် တစုံတရာ တွန်းပို့နိုင်ခဲ့ပါသလား၊ ဒီလိုရွေ့နိုင်ဖို့အတွက် ဘယ်လို အတားအဆီးတွေ အခက်အခဲတွေ ရှိနေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီတကြိမ်အစည်းအဝေးဟာ တချိန်တုန်းက ရရှိထားတဲ့အဆင့်ကို ပြန်ရအောင် တွန်းတင်ခဲ့ရတဲ့ အစည်းအဝေးဖြစ်တယ်လို့ ဦးမောင်မောင်စိုးက စတင်သုံးသပ်ပါတယ်။
ဖြေ ။ ။ ၂၀၁၈ တတိယအကြိမ် ပင်လုံညီလာခံ ရပ်သွားပြီးတဲ့နောက်ပိုင်းမှာ (၂) နှစ်နီးပါး မလုပ်နိုင်တဲ့ အခြေအနေ၊ NLD နောက်ဆုံးသက်တမ်း အခြေအနေမှာ ပင်လုံညီလာခံ နောက်ပြန်လျှောမကျအောင်လို့ နေမြဲနေရာမှာ ရပ်နေအောင် ပြန်တွန်းတင်ပေးရတဲ့ ညီလာခံလို့ပဲ ကျနော်က မြင်ပါတယ်။ သဘောတူညီချက်တစ်ခု ရသလားဆိုရင်တော့ မရပါဘူး။ ဆက်ဆွေးနွေးကြဖို့ သဘောတူညီကြတယ်။ အရင်သဘောတူခဲ့တာတွေ ထပ်အတည်ပြုတယ်ဆိုတဲ့အခါကြတော့ မှန်နန်းအခြေအနေ ပြန်တွန်းတင်ပေးတဲ့ အဆင့်တော့ ရှိလိမ့်မယ် ထင်ပါတယ်။
မေး ။ ။ နောက်အဖွဲ့ပေါင်းစုံ တက်မလာတဲ့ကိစ္စ၊ မြောက်ပိုင်းမဟာမိတ်တွေ တက်မလာတဲ့ကိစ္စ။ အဲဒီကိစ္စတွေကို ဘယ်လောက်အထိ အရေးပါသလဲ။ သူတို့မပါဘဲ ငြိမ်းချမ်းရေး ရှေ့ကိုရွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါရဲ့လား။
ဖြေ ။ ။ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စကတည်းက (၁၀) နှစ်လုံးလုံး လွှမ်းမိုးနေတဲ့ ပြဿနာကတော့ အားလုံးပါဝင်ရေးဆိုတဲ့ ပြဿနာပါ။ ဒါပေမဲ့ လက်တွေ့မှာ အားလုံးက မပါဝင်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျနော့်အမြင်ကတော့ အားလုံးပါဝင်မှ ကောင်းမှာလား၊ မကောင်းဘူးလား ဆိုတာကိုပဲဖြစ်စေ။ လက်ရှိ ဒီအဖွဲ့တွေနဲ့ပဲ ဆက်ပြီးတော့ နိုင်ငံရေးသဘောတူညီချက် ယူသွားဖို့ဖြစ်စေ။ ဒီကိစ္စတွေအားလုံးကိုတော့ ကျနော်တို့ အားလုံးပါဝင်ရေးနဲ့ ပတ်သက်တဲ့ (၁၀) နှစ်တာကာလကို ပြန်သုံးသပ်မှသာလျှင် ကျနော်တို့ အဖြေတစ်ခုထွက်လိမ့်မယ် ထင်ပါတယ်။
မေး ။ ။ အဓိကအားဖြင့် အားလုံးပါဝင်နိုင်ရေးမှာ ဘယ်ဟာက အခက်အခဲ ဖြစ်နေတာလဲ။
ဖြေ ။ ။ အဓိကတော့ ကျန်တာကတော့ မြောက်ပိုင်း (၇) ဖွဲ့ ကျန်တယ်။ KNPP ကျန်တယ်။ ရှစ်ဖွဲ့ကျန်တာပေါ့။ အဲဒီတော့ မြောက်ပိုင်း (၇) ဖွဲ့ကလဲ ဒီမှာပါဖို့ဆိုလို့ရှိရင် bilateral မထိုးရသေးတဲ့ (၄) ဖွဲ့ အရင် bilateral ထိုးဖို့လိုတယ်။ ဒါမှ မြောက်ပိုင်း (၇) ဖွဲ့လုံးနဲ့ ဆွေးနွေးလို့ရမှာ ဖြစ်တယ်။ ဒါပေမဲ့ bilateral ထိုးဖို့ကျန်နေတဲ့ (၄) ဖွဲ့မှာလဲ မထိုးရသေးတဲ့ (၄) ဖွဲ့ ပေါင်းဆွေးနွေးမယ်ဆိုတဲ့ အချိန်မှာ လောလောဆယ် AA နဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက်ရဖို့ ခက်ခဲနေတယ်။ အဓိကတော့ AA ရဲ့ တည်ရှိခွင့်နဲ့ ပတ်သက်တဲ့ ပြဿနာ ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်း ကြေညာတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က မပါဝင်သေးတဲ့ မြောက်ပိုင်း (၇) ဖွဲ့နဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုလို့ရှိရင် သော့ချက်ပြဿနာ ဖြေရှင်းရမယ့် ပြဿနာက AA ပြဿနာ ဖြစ်တယ်။ AA ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးအရ ထွက်ပေါက်ပေးပြီးမှ ဖြေရှင်းလို့ရမယ်လို့ မြင်ပါတယ်။
မေး ။ ။ AA တည်ရှိရေးနဲ့ ပတ်သက်ပြီးတော့ လက်မခံနိုင်တဲ့ အချက်က ဘာလဲလို့ ဦးမောင်မောင်စိုး စဉ်းစားမိပါသလဲ။ တခြားအဖွဲ့တွေနဲ့ ဘာများထူးခြားနေလို့ AA တည်ရှိရေးကို လက်မခံနိုင်သလဲဆိုတာကို အဖြေရှာတွေ့ပါသလား။
ဖြေ ။ ။ အဓိကတော့ ၁၉၄၇ ကနေ ၁၉၈၀ အထိ ရခိုင်မှာ ပုန်ကန်မှုတွေ ရှိပြီးတော့၊ ၁၉၈၀ နောက်ပိုင်းမှာ ရခိုင်မှာ လက်နက်ကိုင် ပုန်ကန်မှုက မရှိခဲ့ဘူး။ နှစ်ပေါင်း (၃၀) လောက် တည်ငြိမ်တဲ့ အခြေအနေ ပြန်ဖြစ်တယ်။ အဲဒီအခြေအနေအောက်မှာ AA ပြန်ပေါ်လာတဲ့အခါမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါမှာ ဒီအချိန်တိုအတွင်းမှာ AA တပ်ဖွဲ့တည်ရှိမှုကို တပ်မတော်ဘက်ကလဲ အသိအမှတ်ပြုပေးရမှာကို ခက်ခဲနေတယ် ထင်ပါတယ်။ အဲဒါကတော့ အဓိကအချက် ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ လက်တွေ့ဆွေးနွေးပွဲတွေမှာတော့ AA ကို တပ်ဖျက်ပြီး၊ လက်နက်ချပါဆိုရင် AA ဘက်က မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အခါကြတော့ AA တည်ရှိမှုနဲ့ အရင် လက်နက်ကိုင်တပ်တွေရဲ့ တည်ရှိပေးရမယ်။ bilateral လက်မှတ်ထိုးရင်၊ အသိအမှတ်ပြုမယ်ဆိုရင် အစောပိုင်းက လိုင်ဇာမှာ ခွင့်ပြုပေးမယ့်၊ လိုင်ဇာမှာလဲ ခွင့်မပြုဘူး။ ရခိုင်မှာလဲ ခွင့်မပြုနိုင်ဘူးဆိုရင် အဲဒါ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်တယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒီလို နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေရင်တော့ ကျနော်တို့ နိုင်ငံရေးအရ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
မေး ။ ။ ဒီနေရာမှာ ကျနော် စဉ်းစားမိတာက TNLA တအောင်းဝ် (ပလောင်) အဖွဲ့ဟာ AA နဲ့ မရှေ့မနှောင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုလို့ပဲ ထင်ပါတယ်။ အဲဒီ TNLA တည်ရှိမှုကို သူတို့ လက်ခံပါသလား။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ TNLA နဲ့ ပတ်သက်ပြီးတော့ သူတို့သိပ်မပြောဘူး။ သိပ်မပြောဘူးဆိုတဲ့ ပြဿနာက အဲဒီဧရိယာသည် တကယ်တမ်းကြတော့ TNLA မရှိခင်ကလဲ၊ RCSS တပ်တို့၊ ပြည်သူ့စစ်၊ KIA တို့ လှုပ်ရှားနေတဲ့နေရာ ဖြစ်တယ်။ အစောကြီးကတည်းက လက်နက်ကိုင်ပျောက်ကျားဒေသ ဖြစ်တဲ့အခါကြတော့ TNLA ကိစ္စကို သိပ်မပြောတာလို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုးကန့်လို့ဟာမျိုး ၂၀၁၅ မှာ ပေါ်လာတော့ သူတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုး ရှိတယ်။ ကိုးကန့်က မော်ထိုက်အရှေ့ဘက်က ဟိုအိုင်ဧရိယာမှာပဲ နေရာယူထားတာကို တွေ့ရပါတယ်။
မေး ။ ။ နောက်တစ်ခုက ပြည်နယ်တွေနဲ့ ပတ်သက်ပြီးတော့ State Constitution ကို ဝေါဟာရအားဖြင့် အဓိပ္ပါယ်ကွဲတယ်၊ အခေါ်အဝေါ်ကို လက်မခံကြဖို့၊ တချို့က ပြည်နယ်အခြေခံဥပဒေလို့ပဲခေါ်မယ်။ ဖွဲ့စည်းပုံလို့တော့ မခေါ်ဘူးဆိုတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လဲ တချို့ကတော့ ဖွဲ့စည်းပုံဆိုတဲ့စကား ပါလိုက်ခြင်းအားဖြင့် အဓိပ္ပါယ်က ပိုလေးနက်တယ်။ စကားလုံးတွေကို ကပ်ပြီးတော့ ငြင်းနေကြတာကို တွေ့ရတယ်။ လက်တွေ့မှာ အနစ်သာရအားဖြင့် ဘာတွေကွဲသလဲ။ သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝလက်မခံချင်တဲ့သဘောနဲ့ ဒါကိုရရှိအောင် တောင်းမယ်ဆိုတဲ့ အနစ်သာရ ဖြစ်မယ်လို့ ထင်ပါတယ်။ ဦးမောင်မောင်စိုးရဲ့ သဘောကို သုံးသပ်ပေးပါ။
ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လာလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နှစ်ဘက်က အခြေခံနှစ်ခုက မတူကြဘူး။ နှစ်ဘက်စဉ်းစားတာက - တိုင်းရင်းသားတွေဘက်က စဉ်းစားတာက (၁) ပင်လုံညီလာခံ ဆုံးဖြတ်ချက်တွေပေါ်မှာ ဒီနိုင်ငံတော် ပေါ်လာတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပင်လုံ သဘောတူညီချက် အခြေခံပေါ်ကနေ ဆက်သွားမယ်လို့ တိုင်းရင်းသားတွေဘက်က စဉ်းစားတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ပင်လုံညီလာခံသည် ခေတ်မမီတော့ဘူး။ ဒီနေ့ခေတ်ကာလမှာ လျော်ညီတဲ့ သဘောတူညီချက်တွေ ယူပြီးတော့ ရှေ့ဆက်သွားမယ်လို့ စဉ်းစားတယ်။ ဒါက ပထမတစ်ချက်။ ဒုတိယအချက်အနေနဲ့ ပြောမယ်ဆိုရင် တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူရေးဆိုတဲ့ပေါ်က ဆွေးနွေးတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က ဆွေးနွေးတာက ဒီမိုကရေစီတို့၊ ဖယ်ဒရယ်တို့ ပြောသော်လဲ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဘက်က စဉ်းစားတယ်။ အဲဒီအချက် (၂) ချက်မှာ သူတို့ အခြေခံမတူတဲ့အခါမှာ အခုန ဆရာပြောတဲ့ ဖွဲ့စည်းပုံ၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးပြဿနာတွေမှာ တောက်လျှောက်လိုက်ပြီ ပြဿနာ တက်လာတယ်လို့ ထင်ပါတယ်။
မေး ။ ။ အစိုးရနဲ့ တပ်မတော်ဘက်က ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို စဉ်းစားတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒီဘက်ကနေ စဉ်းစားတယ်လို့ ထင်ပါတယ်။ ဆွေးနွေးပွဲ အခြေအနေတွေ ကြည့်နေတာကတော့။
မေး ။ ။ အဲဒီတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ ပိုမိုနီးစပ်လာတဲ့ သဘောပေါ့။ Decentralized လုပ်တယ်ဆိုတာ မဟုတ်ဘူးလား။
ဖြေ ။ ။ အာဏာခွဲဝေရေးဘက်ကနေ ပြောမယ်ဆိုရင်တော့ ပိုနီးစပ်လာတယ်လို့ ပြောပေမယ့် တိုင်းရင်းသားတွေရဲ့ identity ကိုယ်ပိုင်လက္ခဏာ တောင်းဆိုတာနဲ့ ပတ်သက်လာလို့ ရှိရင်တော့ ခြားနား၊ ကွဲလွဲမှုကတော့ ရှိနေသေးတယ်။
မေး ။ ။ နောက်တချို့တိုင်းရင်းသားခေါင်းဆောင်တွေက ဗမာလည်းပဲ ပြည်နယ်တစ်ခုပဲ ဖြစ်သင့်တယ်လို့ ပြောကြပါတယ်။ ဒီဟာကို တကယ်တမ်း လက်ခံနိုင်မယ့် အခြေအနေ ဖြစ်ပါ့မလား။ နောက်နိုင်ငံကို ချစ်တဲ့စိတ် - Civi Nationalism ဆိုတာမျိုး ဖြစ်သင့်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မှန်မှန် ထူထောင်မယ်ဆိုရင် Ethnic Nationalism လူမျိုးစိတ်က ဒုတိယသာ ဖြစ်သင့်တယ်လို့ ပြောပါတယ်။ ဒီဟာတွေက မျှော်လင့်ချက်ကတော့ ကောင်းတယ်။ သို့သော်လဲပဲ သိပ်အလှမ်းဝေးလွန်ပါသလား။ တကယ်လက်တွေ့ ဖြစ်လာဖို့အတွက် ဦးမောင်မောင်စိုးအမြင်ကို သုံးသပ်ပါ။ ဖြစ်နိုင်မယ့် အလားအလာ။
ဖြေ ။ ။ လက်တွေ့ကတော့ ဖြစ်နိုင်မယ့်အလားအလာ ဝေးတယ်လို့ ထင်ပါတယ်။ အဓိက အခုနပြောတဲ့ ပြည်နယ်ဖွဲ့စည်းပုံ၊ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးဆိုတာက စကားလုံးအရ ငြင်းဆိုကြတယ်ဆိုပေမယ့် တကယ်တမ်းအရ ပြောမယ်ဆိုရင် ဘာပြဿနာတွေ ကျန်သေးသလဲဆိုရင် အဓိက ရှစ်ပြည်နယ်မူကို ရပ်တည်ထားတဲ့လူက ဗမာလည်း တစ်ပြည်နယ်ပဲ ရှိတယ်ဆိုတဲ့ အယူအဆ တင်လာမှာ။ တဘက်ကလဲ အစိုးရက ပြည်နယ်တွေ အခြေခံဥပဒေဆိုတာက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ (၇) ပြည်နယ်ကို ပြောနေတာ။ အဲဒီတော့ ဒါတွေက တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် ငြင်းခုန်စရာ အများကြီးပေါ်လာအုံးမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒီဆွေးနွေးပွဲကို တချို့ကတော့ ရွေးကောက်ပွဲနီးလာလို့ ခါတော်မီလုပ်တာ။ တကယ်တမ်းလဲ နိုင်ငံတကာမှာလဲ ဒီလိုပဲ ရွေးကောက်ပွဲနီးလာတဲ့အခါ အစိုးရက သူကောင်းတာကို လုပ်ပြတယ်ဆိုတာကတော့ အစဉ်အလာအနေနဲ့ တွေ့ရပါတယ်။ ဆိုတော့ အခုကော အဲဒီလို သုံးသပ်လို့ ရပါသလား။ နောက်ပြီးတော့ ကျနော် စဉ်းစားမိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က ငြိမ်းချမ်းရေးကိစ္စကို အခြားကိစ္စအတွက် အသုံးမချနဲ့ ဘာညာ သတိပေးသွားတယ်လို့ အဲဒီတော့ အဲဒါက ရွေးကောက်ပွဲအတွက် ဒီဟာကို အသုံးမချနဲ့လို့ ပြောတဲ့သဘောမျိုး ထပ်တူဖြစ်နေသလား။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်တို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်စသတ်တာတစ်ခုတော့ လုပ်ပြသွားတာ ရှိပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလဲ ရွေးကောက်ပွဲနီးမှပဲ အောက်တိုဘာ (၁၅) ရက်နေ့မှာ လက်မှတ်ထိုးပြီးတော့ သူ့အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို ဖြတ်ထားခဲ့တယ်ဆိုတာကို ပြသလို။ အခု NLD အစိုးရ သက်တမ်းမှာလဲ အစိုးရသက်တမ်း ကုန်ခါနီးမှာ အဲဒါကို ဖြတ်ပြတယ်လို့ပဲ ထင်ပါတယ်။ တကယ်တမ်းတော့ ကိုဗစ်သာ မရှိဘူးဆိုရင်တော့ ဧပြီလလောက်မှာဖြစ်မယ့် ညီလာခံပါ။ အဲဒီတော့ ရွေးကောက်ပွဲကို သက်သက်ကြီး ရည်းစူးလုပ်တယ်လို့တော့ ပြောရခက်ပါတယ်။
မေး ။ ။ နောက်ဆုံးတစ်ခု စဉ်းစားပေးစေချင်တာကတော့ တချို့က သုံးသပ်ကြတယ်။ ဒီငြိမ်းချမ်းရေးကို သူ့လက်ထက်မှာရတာ မလိုချင်ဘူး။ ငါကိုယ်တိုင် တက်လာမှရအောင် လုပ်ပြမယ်။ ဒါနိုင်ငံရေးခေါင်းဆောင်အချင်းချင်း အဲဒီလိုသဘောထားမျိုး ရှိတဲ့အတွက်ကြောင့် ပိုပြီးနှောင့်နှေးရတယ်လို့လဲ သုံးသပ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်အရ အမှတ်ယူချင်တဲ့ သဘောထားက ငြိမ်းချမ်းရေးကို ဘယ်လောက်နှောင့်နှေးစေနိုင်သလဲ။ အဲဒီဆန္ဒရှိနေကြတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ အဲဒီလို သုံးသပ်ကြတာတွေကတော့ ရှိပါတယ်။ ဥပမာ ဦးသိန်းစိန်လက်ထက် NCA လက်မှတ်ထိုးတဲ့အချိန်မှာ မလောဖို့လိုတယ်လို့ NLD ဘက်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ ရှိသလို။ NLD အစိုးရ ဖြစ်သွားတဲ့အခါမှာ NCA ကို မြန်မြန်ထိုးဖို့ တိုက်တွန်းတာတွေ ရှိတယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို ကြည့်ပြီးတော့ တပ်ကလဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Credit မပေးချင်ဘူးဆိုတဲ့ အမြင်မျိုးတွေလဲ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးနေတယ်လို့တော့ သိပ်မထင်ဘူး။ အဓိက နိုင်ငံရေးအရ သဘောတူ ဆွေးနွေးရမယ့်အချက်တွေကို လက်တွေ့ကျကျ မဖြေရှင်းနို်င်တာပဲ။ ပထမတစ်ချက်က တိုင်းရင်းသားတွေတောင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာခွဲ့ဝေရေးနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိကို ကျနော်တို့ မဆွေးနွေးနိုင်ဘူး။ ဒါက ပထမတစ်ချက် ဖြစ်တယ်။ ဒုတိယတစ်ချက်က အဲဒါနဲ့ ဆက်နွှယ်လာမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒီနေ့အထိ အဖြေမရှိသေးဘူး။ အဲဒီနှစ်ချက်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြာတယ်လို့ပြောတာ ပိုမှန်မယ်လို့ ထင်ပါတယ်။
==Unicode==