ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဖေဖေါ်ဝါရီလ အကုန်မှာ ကျင်းပမယ်ဆိုတဲ့ (၂၁) ရာစုပင်လုံ ဒုတိယညီလာခံဟာ တိုင်းရင်းရင်းသား ပြဿနာ ပြေလည်ရေးအတွက် ဘယ်အတိုင်းအတာထိ အထောက်အကူ ဖြစ်စေနိုင်ပါသလဲ။ တိုင်းရင်းရေးရာသုံးသပ်သူ ပင်တိုင်ဆောင်းပါးရှင် တဦးဖြစ်တဲ့ စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ အောင်မြင်နိုင်တဲ့ အခြေခံလိုအပ်ချက်တွေ မပြည့်စုံဘဲနဲ့ ညီလာခံကို အခုလို ခေါ်ယူကျင်းပမယ်ဆိုတာနဲ့ ပတ်သက်ပြီး စိုင်းဝမ်ဆိုင်း က အခုလို စတင်ဝေဖန်ပါတယ်။
စိုင်းဝမ်ဆိုင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဇွတ်မှိတ်ပြီးတော့ ရှေ့မကြည့်နောက်မကြည့် လုပ်နေတာများလို့ ကျနော်က ထင်ယောင်ထင်မှားတောင် ဖြစ်မိတယ်။
ဦးကျော်ဇံသာ ။ ။ အချိန်မတန်ဘဲနဲ့ ကျင်းပတဲ့ အစည်းအဝေးလို့ ယူဆတယ်ပေါ့။ စိုင်းဝမ်ဆိုင်း .. ပထမအကြိမ် ဒုတိယညီလာခံ အစည်းအဝေးက ဘာတွေများ ပေါ်ထွက်ခဲ့တယ်။ တိုင်းရင်းသားပြဿနာ ပြေလည်ရေးအတွက် ဘယ်လို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ထင်ပါလဲ။ ပထမအကြိမ် အစည်းအဝေးကို ဘယ်လို သုံးသပ်ခဲ့ပါလဲ။
စိုင်းဝမ်ဆိုင်း ။ ။ ပထမအကြိမ် အစည်းအဝေးတုန်းက ပါဝင်တက်ရောက်တဲ့ အစည်းအဝေး တက်ရောက်သူအနေနဲ့ ကိုယ်စားလှယ်အနေနဲ့ သူက မဖိတ်ထားဘူး။ ကိုယ်စားလှယ်အနေနဲ့ သူက ဖိတ်ဖို့လုပ်ပေမယ့် ကိုယ်စားလှယ် သတ်မှတ်တဲ့နေရာမှာ ပြဿနာ ရှိတဲ့အတွက်ကြောင့်မို့ သူတို့က မလုပ်ခဲ့ဘူး။ အဲဒီတော့ အကုန်လုံးကို ဖိတ်လိုက်တယ်။ အကုန်လုံးလောက်နီးပါး သူတို့က လာတယ်။ လာတော့ အဲဒီနေရာမှာ Plus Point အကျိုးအမြတ်ရှိတဲ့ အချက်အလက်က ဘာလဲဆိုတော့ လူတိုင်းလူတိုင်းက သူတို့ရင်ထဲမှာရှိတဲ့ ခံစားချက်တို့၊ သူတို့ လိုချင်တာတွေ၊ သူတို့ရဲ့ Inspiration အဲဒါတွေကို အကုန်လုံး ဖွင့်ချလို့ရတယ်။ အဲဒီလို ဖွင့်ချလို့ ရတဲ့အခါကြတော့ ဘယ်သူတွေကတော့ ဘာလိုချင်လဲဆိုတာကိုတော့ အနည်းဆုံး ကျနော်တို့ ဂဃနဏ သိရတယ့် အခြေအနေတရပ် ရောက်လာတယ်။ အဲဒီ အချက်အလက်တခုကတော့ အပေါင်းလက္ခဏာလို့ မြင်တယ်။ ဒါပေမဲ့ Consensus အသွင်လက္ခဏာကို မဆောင်ဘဲနဲ့ သူက စာတမ်းတင်တဲ့ အဆင့်လောက်ပဲ ရောက်သွားတယ်။ အားနည်းချက်ပေ့ါ။ သဘောတူညီမှု တစုံတရာလည်း မရခဲ့ဘူး။ ဆွေးလည်း မဆွေးနွေးခဲ့ဘူး။ ရှေ့ကို ဘာဆက်လုပ်မလဲဆိုတာလဲ လမ်းညွှန်မှုတွေ မပေးနိုင်ခဲ့ဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီတုန်းက အမျိုးသားအဆင့်၊ နိုင်ငံရေးအဆင့် အစည်းအဝေးပွဲတွေလုပ်မယ်။ ပြီးတော့မှ ဒုတိယအကြိမ် ပင်လုံညီလာခံရဲ့ ဒုတိယအစည်းအဝေး ခေါ်မယ်လို့ ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်နော်။
စိုင်းဝမ်ဆိုင်း ။ ။ ဟုတ်တယ်ခင်များ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကလည်း အခြေအနေအရ နေရာ (၃) ခုပဲ ကျင်းပနိုင်ခဲ့တယ် ထင်ပါတယ်။ အခုဆိုရင်တော့ အဲဒီလို မကျင်းပနိုင်တာကို ထောက်ပြပြီးတော့ တချို့က CNF က ဆိုရင် အခုအစည်းအဝေးကိုတောင်မှ သူတို့ တက်ဖို့ စဉ်းစားမယ်ဆိုတဲ့သဘောမျိုး ပြောနေပါတယ်။ ဆိုတော့ အဲဒီအစည်းအဝေးက ဘယ်လောက် အရေးကြီးလို့လဲ။ အမျိုးသားအဆင့်၊ နိုင်ငံရေး အစည်းအဝေးများ မကျင်းပနိုင်ခဲ့ခြင်းဟာ ဘယ်လောက်အထိလဲ။
စိုင်းဝမ်ဆိုင်း ။ ။ ကျနော်ထင်တာက အဲဒါ အလွန် အရေးပါ အရောက်တဲ့ အခန်းကဏ္ဍတခုလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရေးလုပ်နေတဲ့ အသိုင်းအဝိုင်း (သို့မဟုတ်) Elite အသိုင်းအဝိုင်းက နိုင်ငံရေးသမားတွေက ခန့်မှန်းချေနဲ့ပဲ လူထုကတော့ ဒါလိုချင်တယ်၊ ဟိုဟာလိုချင်တယ်ဆိုပြီး သူတို့က ပြောနေကြတာ။ ဒါပေမဲ့ National Level Political Dialogue အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှု လူထုထဲကို ချပြပြီး လုပ်လည်းလုပ်ရမယ်။ အင်မတန် သင့်တော်ပြီး ကောင်းတဲ့အလုပ်လို့ ကျနော်မြင်တယ်။ အဲဒါတွေကို သူက အများအသုံးရှေ့မှာ မလုပ်နိုင်ဘဲနဲ့ အခုဆိုရင် ဦးကျော်ဇံသာ ပြောသလိုပဲ (၃) နေရာလောက်ပဲ လုပ်နိုင်တယ်။ ရခိုင်မှာလည်း မလုပ်နိုင်ဘူး။ ချင်းပြည်နယ်မှာလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘဲနဲ့ တတိယပင်လုံကို ခေါ်မယ်ဆိုတဲ့အခါကြတော့ Input ဒါမှမဟုတ် ကျနော်တို့ လိုချင်တဲ့ အချက်အလက်တွေ၊ လူထုအခြေခံနေရာကနေ မရဘဲနဲ့ အဲဒီ အစည်းအဝေးကို လုပ်မယ်ဆိုရင် နဂိုက ဒေါ်အောင်ဆန်းစုကြည်ရယ် နိုင်ငံခေါင်းဆောင်တွေ မျှော်မှန်းထားတဲ့ ခြေလှမ်းတလှမ်းကို ကျော်လိုက်သလို ဖြစ်နေမလားလို့ တွေးမိတယ်။ အဲဒါကြောင့်မို့ အခု ဒုတိယပင်လုံက တဇွတ်တိုက်ကြီး လုပ်မယ်ဆိုရင် အဆီအငေါ် မတည့်ဘူးလို့ ကျနော်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဒုတိယအစည်းအဝေးမှာ တိတိကျကျ၊ ပြတ်ပြတ်သားသား လှမ်းဖို့ ဆုံးဖြတ်ချက်တွေကို ချနိုင်ပြီးဆိုတဲ့ အဆင့်မျိုး ဖြစ်စေချင်တယ်။ အဲဒီကိစ္စ ဖြစ်နိုင်ချေ ရှိလား။
စိုင်းဝမ်ဆိုင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်မှန်းချက်ကတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်နိုင်ခြေ ရှိလားဆိုလို့ရှိရင် ကျနော်အထင် ဖြစ်နိုင်ခြေနည်းတယ်။ ဘာကြောင့် ဖြစ်နိုင်ခြေ နည်းလဲဆိုတော့ တစ်အချက်က အားလုံးပါဝင်မှုဆိုတဲ့ဥစ္စာက မဖြစ်နိုင်ဘူး ဖြစ်နေတယ်။ နောက်တခုက ဖြစ်နေတဲ့ စစ်ပွဲကလည်း မရပ်နိုင်ဘူး။ နောက်ပြီး တပ်မတော်ရဲ့ ရည်မှန်းချက်ကလည်း အပစ်အခတ်ရပ်စဲရေး မလုပ်ထားတဲ့ အဖွဲ့အစည်းတွေကို လက်နက်ချဖို့ ဒါမှမဟုတ် အရှုံးပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတယ်။ ဆိုတဲ့အခါကြတော့ အားလုံးပါဝင်မှု မရှိတာရယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို နေရာအစုံမှာ မလုပ်နိုင်တာရယ်။ အဲဒါတွေကို ထောက်ကြည့်ခြင်းအားဖြင့် ကျနော်တို့မှာ လုံလောက်တဲ့ အချက်အလက် သို့မဟုတ် Input မရှိဘူးလို့ ကျနော်က ထင်တယ်။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အခြေအနေ၊ အချက်အလက် မပြည့်စုံတဲ့ အခြေအနေကနေ သူက နိဂုံးချုပ် ဆုံးဖြတ်ချက်ချတဲ့ဟာတွေကို သူက ဆွဲမယ်ဆိုရင်တော့ ကျနော်ထင်တာကတော့ မှန်ကန်မှု အပြည့်အဝ မရနိုင်ဘူးလို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အကုန်လုံး ပါဝင်ခြင်း မရှိဘူးလို့ စိုင်းဝမ်ဆိုင်း က အခုနက ပြောတော့ NCA လက်မှတ် မထိုးထားရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း အထူးဖိတ်ကြားထားသူအနေနဲ့ ဖိတ်ခေါ်သွားဖို့ ရှိတယ်လို့ UPDJC အဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
စိုင်းဝမ်ဆိုင်း ။ ။ ဟုတ်ကဲ့ အဲဒါလဲ ကျနော်က ကြားရတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ခွန်ဥက္ကာ UPDJC ရဲ့ PNLO ပအို့ဝ်ခေါင်းဆောင်ရဲ့ ပြောကြားချက်က သူတို့ကို ဖိတ်လည်းမဖိတ်ဘူးလို့ ဆိုပြန်တယ်။ တကယ်လဲဖိတ်တယ် ထားလိုက်ပါတော့ UNFC က Observer အဆင့်ဆိုရင် မလာဘူးလို့ အတိအကျ ပြောထားပြီးသာဖြစ်တယ်။ ဆိုတော့ ဖိတ်တယ်ဆိုရင်လဲ အစိုးရဘက်က သူတို့မျက်နှာကြည့်ကောင်းအောင် ကျနော်တို့က ချန်မထားပါဘူးဆိုတဲ့ ပုံစံနဲ့ဖိတ်တဲ့ သဘောလောက်ပဲ သက်ရောက်သွားမယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ထဲမှာ တကယ်လဲ စဉ်းစားသင့်တဲ့ ကိစ္စလို့လဲ ထင်ပါတယ်။ ဒီ စေ့စပ်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲကို တက်လာတဲ့ လူတွေဟာ ဘာလိုချင်တယ်ဆိုတာကြီးပဲ မပြောနဲ့၊ ကိုယ်က ဘာပေးနိုင်မလဲဆိုတာကိုလည်း အဓိက ဦးစားပေးပြီး စဉ်းစားသင့်တယ်လို့ ပြောပါတယ်။ အဲဒီအချက်ကော မှန်ကန်တယ်လို့ မဆိုနိုင်ဘူးလား။
စိုင်းဝမ်ဆိုင်း ။ ။ ကျနော်ကတော့ အဲဒီအတွေးအခေါ် အပြောအဆိုက မှန်တယ်လို့ထင်တယ်။ မှန်တယ်ဆိုပေမယ့် ဘယ်သူက ပိုပြီးပေးနိုင်လဲဆိုတဲ့ စဉ်းစားချက်တချက်က ပေါ်လာတယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်ကလား မသိဘူး။ ကရင်နီခေါင်းဆောင် ခွန်ဦးရယ် က ပြောဖူးတယ်။ ကျနော်တို့ကတော့ ဘာမှ ပေးစရာမရှိတော့ဘူး။ ရေလည်းခမ်း၊ မြေလည်းခမ်း၊ လူတွေလည်း အကုန်ထွက်ပြေးကုန်ပြီ။ ကျနော်တို့ဆီမှာ ပေးစရာ မရှိပါဘူးလို့ ပြောဖူးတယ်။ အခုလောလောဆယ် နိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အားကြီးတဲ့ လူဘက်က အားနည်းတဲ့ ခုခံရေးစစ်ကို ဆင်နွှဲနေတဲ့ တိုင်းရင်းသားအင်အားစုတွေအပေါ်မှာ သူက ပိုပြီးပေးနိုင်တဲ့ အနေအထားရှိတယ်လို့ ကျနော်ထင်တယ်။ သူက ဘာပေးနိုင်လဲဆိုရင် ပထမဦးဆုံး စစ်ရပ်စဲပေးချင်တဲ့ စေတနာမျိုး ရှိတယ်ဆိုလို့ရှိရင် ကျန်တဲ့အပိုင်းတွေက အများကြီး ပြေလည်သွားနိုင်တဲ့အကြောင်း ရှိတယ်။ အဲဒါကြောင့်မို့ အဲဒီအင်အားစုအသီးသီးမှာ အများဆုံး ပေးနိုင်တာကတော့ တပ်မတော် ဖြစ်တယ်။ ဒုတိယအများဆုံး ပေးနိုင်တာကတော့ အစိုးရ ဖြစ်တယ်။ တိုင်းရင်းသားတွေကတော့ အနည်းဆုံး ပေးနိုင်တဲ့အပိုင်းမှာပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာဆိုကြပါစို့ တိုင်းရင်းသားတွေဘက်က ဖယ်ဒရယ် Army ဖြစ်ရမယ်။ ဘာညာတောင်းဆိုတဲ့ဟာတွေ။ လောလောဆယ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်လား အဲဒီဟာက တချက်။ နောက်တချက်က ဥပမာအားဖြင့် ဟိုတုန်းက လွတ်လပ်ရေးရခါစလို့ ပြည်နယ် (၇) ခုပဲ ဖြစ်ရမယ်ဆိုတဲ့ ကိစ္စကော ရုတ်တရက် ပြောင်းနိုင်ဖို့ လွယ်မယ်ထင်ပါသလား။ တောင်းဆိုချက်တွေက လောလောဆယ်မှာတော့ သိပ်ပြီးတော့ ပိုတောင်းရာကျနေမလားဘူးလို့ မစဉ်းစားနိုင်ဘူးလား။
စိုင်းဝမ်ဆိုင်း ။ ။ စဉ်းစားနိုင်တယ်။ အခုန ဦးကျော်ဇံသာ ပြောတာ နှစ်ချက်။ တချက်က Federal Army - ပြည်ထောင်စုတပ်မတော်။ နောက်တချက်ကတော့ “လူမျိုးစုကိုသာ အခြေခံတဲ့ ပြည်နယ်တွေ - Ethinic Base” ဆိုတော့ အဲဒီ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တောင်းဆိုချက်က … ကျတယ်။ ဒါပေမဲ့ .. ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ တခြားနိုင်ငံကို ပြန်ပြီးလေ့လာကြည့်တဲ့အခါ အဲဒီလိုမျိုး SSR ခေါ် Security နဲ့ စစ်တပ် ပြုပြင်ရေးကို ဆိုင်တဲ့ကိစ္စတွေဟာ နှစ်ပေါင်းကို တခါတလေ ဆယ်နှစ်ချီပြီး လုပ်ရမှာ။ ဆိုတော့ ကျနော်တို့က အခြေခံအားဖြင့် တဘက်စောင်းနင်း ဖြစ်နေတဲ့ တပ်မတော်ကြီးစိုးမှုကို ဗမာလူမျိုးစုတွေကပဲ အပေါ်စီးက ကိုင်ထားတဲ့ အခြေအနေကို ပြောင်းပေးနိုင်တဲ့ အခြေအနေမျိုးကိုတော့ လက်ခံဖို့ လိုမယ်လို့တော့ ထင်တယ်။ အဲဒါကတပိုင်းပေါ့။ တောင်းဆိုချက်က မှန်တယ်။ ဒါပေမဲ့ အချိန်ယူရမယ်။ တချိန်တည်းမှာပဲ စစ်တပ်ဘက်ကလည်း သူတို့မှာ လိုတိုးပိုလျှော့ လုပ်နိုင်တဲ့ အနေအထားမျိုး သူတို့မှာရှိဖို့ လိုတယ်။ နောက်တချက်ကတော့ ပြည်နယ်တောင်းတဲ့ကိစ္စက သူက နှစ်ပိုင်းရှိတယ်။ တပိုင်းကတော့ ရှိရင်းစွဲ ပြည်နယ်တွေကနေပြီး နောက်ထပ်ပြည်နယ်အသစ်တွေ ခွဲထွက်ဖို့ အဲဒီလိုတောင်းတာက တပိုင်း။ နောက်တပိုင်းကြတော့ National Area လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လူမျိုးစုဒေသ။ အဲဒါက တပိုင်းပေ့ါ။ အဲဒီနှစ်ပိုင်းကလည်း သူတို့ တောင်းဆိုချက်က မှားလို့ မဟုတ်ဘူး။ တောင်းဆိုချက်က မှန်တယ်။ ဒါပေမဲ့ အဲဒါကို လုပ်ဖို့အတွက်က ကျနော်တို့က အကုန်လုံး ဝိုင်းထိုင်ပြီး Stakeholders တွေအားလုံး ဝိုင်းထိုင်ပြီးတော့ Standard တွေ ရေးဆွဲညှိနှိုင်းပြီးတော့ ဒီလိုဖြစ်ရင်းတော့ လုပ်လို့ရတယ်။ ဒီလိုဖြစ်ရင်တော့ လုပ်လို့မရဘူး။ အဲဒါတွေအားလုံး ကျနော်တို့ သဘောတူညီတဲ့ Criteria ရမှ ကျန်တဲ့ဟာတွေက တဆင့်ဆီ လုပ်လို့ရတဲ့အလုပ်တွေ။ ဆိုတော့ ကျနော်ထင်တာကတော့ တောင်းဆိုချက်က မှန်တယ်။ ဒါပေမဲ့ ကျနော်တို့က အချိန်ယူဖို့လိုတယ်။ ဗမာပြည်နယ် ထောင်ဖို့နဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါလဲ ဆွေးနွေးညှိနှိုင်လို့ မရတဲ့အလုပ် မဟုတ်ပါဘူး။ အလုပ်လုပ်လို့ ရပါတယ်။ အဲဒီ ဗမာလူမျိုးစု အများစုနေထိုင်တဲ့ ဒေသတွေကို အကုန်လုံးပေါင်းပြီး သူတို့ ဗမာပြည်နယ် ထောင်ချင်ရင်လဲ ထောင်လို့ရတယ်။ တကယ်လို့ အဲဒါကို ထောင်ပြီးတဲ့နောက်ပိုင်း ရောပြီးနေတဲ့ တိုင်းဒေသကြီး ရှိတယ်။ အဲဒီ နေရာဒေသတွေကို သူတို့က Nationality State လို့ခေါ်လား။ လူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ State အနေနဲ့ တောင်းခံချင်တယ်ဆိုရင် တောင်းခံလို့ရတယ်။ ဒါတွေက အကုန်လုံး ဝိုင်းထိုင်ပြီးတော့၊ ညှိနှိုင်းပြီးတော့ လုပ်လို့ရတယ့်အလုပ်ပါ။ ဒါပေမဲ့ အချိန်ပေးဖို့ လိုတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို ဝိုင်းထိုင်ညှိနှိုင်းနိုင်မယ့် အဆင့်ရောက်ဖို့ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှုတောင် အပြည့်အဝ ရှိသေးရဲ့လားဆိုတာ မေးစရာ ဖြစ်နေတာပေါ့။
စိုင်းဝမ်ဆိုင်း ။ ။ ကျနော်တို့က ပထမဦးဆုံးအချက်ဖြစ်တဲ့ တယောက်ကိုတယောက် ယုံကြည်မှုဆိုတဲ့အချက်ကို ကျနော်တို့က အခုအချိန်အထိ မကျော်လွှာနိုင်သေးဘူး။ မကျော်လွှာနိုင်တာ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးပွဲဝိုင်းမှာ ထိုင်နေတဲ့လူတွေက ကိုယ့်ကိုယ်ကို ကျနော်တို့က တန်းတူညီမျှ အနေအထားမျိုး လက်ခံတဲ့ အတွေးအခေါ်မျိုး ရှိဖို့လိုတယ်။ တည့်တည့်ပြောချင်တာကတော့ တပ်မတော် အုပ်ချုပ်ရေး လူတန်းစားက သူတို့ကိုယ်သူတို့ သူတို့နဲ့အတူတူ ဝိုင်းထိုင်တဲ့လူတွေရဲ့ အပေါ်မှာနေတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်။ သတ်မှတ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က တန်းတူညီမျှတဲ့ Negotiator သို့မဟုတ် ဆွေးနွေးဖော်၊ ဆွေးနွေးဖက်လို့ မသတ်မှတ်တဲ့အတွက် ယုံကြည်မှု တည်ဆောက်ရေးကြီးက လုံးဝမစနိုင်တာ ဖြစ်တယ်။ ပထမ တစ်အချက်အနေနဲ့ သူကတော့ သူ့ကိုယ်သူ တခြားလူတွေနဲ့ အားလုံးတန်းတူပါ။ ကျနော်တို့ အတူတူပေါင်းပြီးလုပ်တဲ့ အစည်းအဝေး၊ ဆွေးနွေးပွဲကြီးပါ။ အတူတူပေါင်းပြီးဆွဲတဲ့ Agenda ကြီးပါ။ အဲဒါကို သူတို့က လက်တွေ့ကျကျ၊ ယုံယုံကြည်ကြည် လုပ်မယ်ဆိုလို့ရှိရင် အဲဒီ ယုံကြည်မှုတည်ဆောက်ရေးဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့နှစ်ယောက် ဆွေးနွေးတာ များသောအားဖြင့် အခုကျင်းပလတ္တံသော ဒုတိယအကြိမ် ဒုတိယပင်လုံညီလာခံ အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ပြောတော့ အဖျက်ရှုထောင့်က အဆိုးမြင်တယ်လို့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်စိတ်ထဲမှာတော့ ဘာပဲဖြစ်စေဖြစ်စေ ဒီအခက်အခဲတွေအားလုံးကို ကျော်လွှာပြီးတော့ ဒီညီလာခံ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
စိုင်းဝမ်ဆိုင်း ။ ။ ကျနော်ကလည်း ဒီညီလာခံကို ယုံကြည်မှု တည်ဆောက်ရေးကို အထောက်အကူပြုတဲ့ အုတ်တချပ် သဲတပွင့် ဖြစ်ပါစေလို့ ကျနော်လည်း ဆုတောင်းပါတယ်။