Your browser doesn’t support HTML5
အမျိုးသားရေးစိတ်ဓါတ် ဒါမှမဟုတ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တာဟာ ဘာမှ မှားယွင်းတဲ့ကိစ္စ မဟုတ်ပေမယ့် မှန်မှန်ကန်ကန် ချစ်တတ်ဖို့လိုတယ်၊ လွဲမှားတဲ့ အမျိုးသားရေးစိတ်ဓါတ်ဟာ အန္တရာယ်ကြီးတယ်လို့ ပါမောက္ခ David Steinberg က ဆိုပါတယ်။ မျိုးချစ်စိတ်မှာ အတိုင်းအဆ ဘယ်လို ရှိသင့်သလဲဆိုတာ မြန်မာ့အခြေအနေ သမိုင်းကြောင်းနဲ့ ဆက်စပ်ပြီး အမေရိကန် Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ပါမောက္ခ Steinberg ခင်ဗျား ဒီနေ့ ကမ္ဘာပေါ်မှာ အမျိုးသားရေးဝါဒီ Nationalist အသုံးအနှုန်းကို ရှုတ်ချပြောဆိုနေကြတာကို တွေ့ရပါတယ်။ ဆရာကြီးရဲ့ သဘောထားကို ကြားပါရစေခင်ဗျား။
ဖြေ ။ ။ အမျိုးသားရေးဝါဒဆိုတာ ဘာမှ မှားတာမဟုတ်ပါဘူး။ ဒါပေမဲ့ Nationalism မှာ အစိတ်အပိုင်း နှစ်ခု ရှိပါတယ်။ Patriotism ကိုယ့်အမျိုးကိုချစ်တဲ့ မျိုးချစ်စိတ်ဟာ အပြုသဘောဆောင်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို ဝေဖန်စရာရှိတာ ဝေဖန်မယ်။ ဒါပေမဲ့ ချစ်တယ်။ ဒါက အပေါင်းလက္ခဆောင်တဲ့ မျိုးချစ်စိတ်ဓါတ်ပါ။
နောက်တမျိုးကတော့ Jingoism လို့ခေါ်တဲ့ တယူသန်မျိုးချစ်ဝါဒ ဖြစ်ပါတယ်။ ကိုယ့်အစိုးရ ကိုယ့်လူမျိုးရေး အသိုင်းအဝိုင်းဆိုတိုင်း မစဉ်းစားမဆင်ခြင်ပဲနဲ့ ဇွတ်မှိတ်ထောက်ခံတဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။ ဒါကတော့ သိပ်အန္တရာယ်ကြီးပါတယ်။ Ethno Nationalism လို့ခေါ်တဲ့ လူမျိုးစုအခြေပြု အမျိုးသားရေးဝါဒဆိုတာ ရှိပါသေးတယ်။ အရှေ့မှာ ပြောခဲ့တဲ့ ဝါဒတွေနဲ့ ကွဲလွဲပါတယ်။ လူမျိုးနွယ်ကို အခြေခံပြီးတော့ ငါတို့လူမျိုး၊ သူတို့လူမျိုးဆိုပြီး ခွဲခြားပါတယ်။ ဒါက မူစလင်တွေက ဂျူးတွေ၊ ကတ်သလစ်တွေမျိုးကို မုန်းတီးတာမျိုးလို။ ဘာသာရေးကို အခြေခံမယ်။ ဒါမှမဟုတ် လူမျိုးစုအရေးကို အခြေခံမယ် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ နိုင်ငံအလိုက်လည်း ဖြစ်နိုင်တယ်။ လူမျိုးစုအလိုက်လည်း ဖြစ်နိုင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ တချို့ Nation-State လို့ ခေါ်တဲ့ အမျိုးသားနိုင်ငံတွေရဲ့ အမျိုးသားရေး စိတ်ဓါတ်ကျတော့ လူမျိုးရေးကို အခြေခံပြီး ဖြစ်လာတာ မဟုတ်လား။
ဖြေ ။ ။ မဟုတ်ပါဘူး။ နိုင်ငံတခုချင်းအလိုက် ကွဲလွဲပါတယ်။ သိပ်ပြီးတော့ ကွဲလွဲပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်ကို ထူးခြားနေပါတယ်။ မြန်မာ (Burma) ဆိုတာကတော့ တကမ္ဘာလုံး အသိအမှတ်ပြုထားတဲ့ နိုင်ငံတခု State ဖြစ်ပါတယ်။ အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမဲ့ Nation လူမျိုးတမျိုးသားဆိုတာတော့ မေးစရာ ရှိနေပါတယ်။ လူမျိုး (Nation) ဆိုတာ ပထဝီနယ်နမိတ်အတွင်း အားလုံးက တူညီမှု ရှိကြတဲ့ဆိုတဲ့ အယူအဆရှိကြတဲ့ လူတွေကို စုစည်းထားတဲ့သဘောပါ။ အမေရိကန်မှာဆိုရင်တော့ စေ့စေ့စပ်စပ် မမေးရင်တော့ အမေရိကန်လိုပဲ ပြောကြမှာပါ။ နောက်ကြောင်းကို စီစစ်ကြည့်မယ်ဆိုရင် အီတလီ ဖြစ်ချင်ဖြစ်မယ်။ ဂျာမန် ဖြစ်ချင်ဖြစ်မယ်။ ကတ်သလစ် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အမေရိကန်လူမျိုးဆိုတဲ့အပေါ်မှာ အားလုံးက လွှမ်းခြုံပြီးတော့ သစ္စာစောင့်သိ ရိုသေကြပါတယ်။
မေး ။ ။ မြန်မာနိုင်ငံကျတော့ ဘယ်လိုလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာတော့ ပြည်ပခြိမ်းခြောက်မှု မရှိဘူးဆိုရင် ဒီလို လွှမ်းခြုံသစ္စာခံဖို့ မရှိပါဘူး။ ပြည်ပအန္တရာယ် ရှိလာပြီဆိုရင်တော့ လူမျိုးစုတွေအားလုံးက မြန်မာဆိုပြီးတော့ တစုတပေါင်းတည်း ခုခံကြပါတယ်။ ဒါပေမဲ့ သာမန်အခြေအနေမှာတော့ ငါကတော့ ရှမ်း၊ ငါကတော့ ရခိုင်၊ ချင်း၊ ဗမာဆိုပြီး အရင်လာပါတယ်။ ပြီးတော့မှ မြန်မာနိုင်ငံ ပါလာပါတယ်။ ဒါက ပြဿနာပါပဲ။ ကျနော် အစဉ်သဖြင့် ပြောလာရေးလာ သလိုပါပဲ မြန်မာနိုင်ငံ အစဉ်သဖြင့် ကြုံလာခဲ့ရတဲ့ ပြဿနာကတော့ လူအများစု၊ လူအနည်းစု ပြဿနာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ဒီလိုမျိုး လူမျိုးစု ကွဲလွဲရေးရှိတာဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ တနိုင်ငံတည်း မဟုတ်ပါဘူး။ အိန္ဒိယအပါအဝင် တခြားနိုင်ငံတွေလည်း ဒီလိုလူမျိုးကွဲတွေ ရှိနေတာပဲ မဟုတ်လား။
ဖြေ ။ ။ ဟုတ်ပါတယ်။ အာရှနဲ့ အာဖရိကတင် မကပါဘူး စပိန်နိုင်ငံမှာဆိုရင် ဘတ်ရှ်တွေ၊ ဘာဆီလိုနာတွေ။ ဘယ်ဂျီယံမှာလည်း အုပ်စုကွဲ နှစ်ဖွဲ့ ရှိနေပါတယ်။ တကမ္ဘာလုံး အနံှ့အပြား ရှိနေတာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးကတည်းက ပုန်ကန်မှုတွေ ရှိလာတဲ့ကိစ္စပါ။
မေး ။ ။ မြန်မာပြည်မှာ ဒီလိုကွဲလွဲမှုတွေကို တစုတစည်းတည်း ညီညီညွှတ်ညွှတ် မလုပ်နိုင်တဲ့ အကြောင်းရင်းတွေလည်း ပြောပါဦး။
ဖြေ ။ ။ ဒါက မေးခွန်းကောင်းတခုပါ။ ဒီလိုဖြစ်အောင်ပဲ လူတွေက ကြိုးစားနေကြတာပါ။ ဒါပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။ မအောင်မြင်ရသေးတဲ့ အကြောင်းအချက်တွေက အများကြီး ရှိပါတယ်။ လူမျိုးစုတစုရဲ့ အမျိုးသားရေးစိတ်ဓါတ် Nationalism ဒါမှမဟုတ် Ethno Nationalism အဲဒါတွေအတွက် သမိုင်းကို ပြန်ကြည့်တဲ့နေရာမှာ သူများလူမျိုးစုတွေ ရှုထောင့်၊ သူများလူမျိုးစု သမိုင်းကို မကြည့်ဘဲနဲ့ ကိုယ့်အုပ်စု၊ ကိုယ့်လူမျိုးသမိုင်းကိုပဲ အဆမတန် အလေးအနက် မထားခဲ့ကြပါဘူး။ သူများသမိုင်းကို လျှော့တွက်ကြတာ မလုပ်သင့်ပါဘူး။ အမေရိကန် ပြည်ထောင်စုက ဒီလိုပဲ ကြိုးစားပြီးတော့ လုပ်ဆောင်ခဲ့ကြတာပါ။ အမေရိကန်ပြည်တွင်းစစ်၊ ဖွဲ့စည်းပုံ ရေးဆွဲခဲ့ကြတဲ့ စတာတွေကို အသေးစိတ်လေ့လာကြည့်မယ်ဆိုရင် အငြင်းအခုန်တွေ၊ အခြေအတင် စကားအနိုင်လုမှုတွေ၊ အတိုက်အခိုက်တွေ လုပ်ခဲ့ပြီးမှ အောင်မြင်ခဲ့တာပါ။ သဘောတူညီမှုတခု ရလာအောင် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ကံကောင်းတာက အမေရိကမှာ မြေတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတော့ ဝင်လာတဲ့လူတွေ၊ ပြောင်းရွှေ့လာသူတွေအတွက် နေရာတွေက အများကြီး ရှိပါတယ်။ ပြောင်းရွှေ့နေထိုင်နိုင်ကြပါတယ်။ ကျန်တချိုု့နိုင်ငံတွေက ဒီလောက် ကံမကောင်းကြပါဘူး။ လူဦးရေကလည်း သိပ်များပြားလှပါတယ်။
မေး ။ ။ ဒီနေရာမှာ ကျနော် စဉ်းစားမိတာတခု ရှိပါတယ်။ တိုင်းပြည်တခုဖြစ်ဖို့ မတူကွဲပြားတဲ့လူတွေ ပေါင်းစည်းမိလာတဲ့ အကြောင်းရင်း mode of integration လို့ ခေါ်ပါစို့ - ဥပမာ မြန်မာပြည်မှာ လူမျိုးစုငယ်တွေကို ဟိုတုန်းက ဗမာအင်အားကြီးတဲ့ ဗမာဘုရင်တွေက အင်အားနဲ့ သိမ်းပိုက်ခဲ့တဲ့ ပုံစံမျိုး ရှိပါတယ်။ ဥပမာ မွန်၊ ရခိုင်တို့ပေါ့။ ဒါပေမဲ့ အိန္ဒိယလို နိုင်ငံမျိုးကျတော့ သူတို့အချင်းချင်း အနိုင်ကျင့်ပြီး သိမ်းလာတာ မဟုတ်ဘဲနဲ့ ဗြိတိသျှတွေက ပေါင်းစုပေးခဲ့တယ်။ အဲဒါကြောင့် ဗြိတိသျှတချို့ကဆိုရင် သူတို့ဟာ အိန္ဒိယနိုင်ငံရဲ့ Unifier လိုတောင် ပြောကြပါတယ်။ ဆိုတော့ ဒီလိုပေါင်းစည်းလာတဲ့ ပုံသဏ္ဍာန်ကွဲပြားမှုက ဘယ်လောက်အရေးပါပါသလဲ။ ဒါကို ထည့်တွက်သင့်သလား။
ဖြေ ။ ။ ဒါမှန်ပါတယ်။ သိပ်ပြီးတော့ အရေးကြီးတဲ့အချက်ပါ။ အခုထိတောင် ဗုဒ္ဓဘာသာ ရခိုင်တချို့ သူတို့မင်းနိုင်ငံ ကျဆုံးခဲ့ရတာကို အခမ်းအနားလုပ်တဲ့ကိစ္စ အဓိကရုဏ်းတွေ ဖြစ်ပြီးတော့ စစ်တပ်က ပစ်တာလား။ ရဲဘက်က ပစ်တာလားတော့ မသိပါဘူး။ လူတွေသေကြေခဲ့ရပါတယ်။ ဒီမှာ ကျနော် ပြောချင်တာက အဓိက ကြီစိုးထားတဲ့ လူမျိုးတမျိုး ရှိနေရင် သမိုင်းကို သူတို့ကပဲ ဦးဆောင်ပြီးတော့ သူတို့အလိုကျ ပြဌာန်းနေကြတယ်ဆိုတာပါ။ ကျန်လူမျိုးစုတွေ စာနဲ့ပေနဲ့ ရေးသားပြီးတော့ မှတ်တမ်းတင်မှု မရှိတဲ့လူမျိုးစုတွေအနေနဲ့ စာပေတီထွင် သမိုင်းပြန်ရေး လုပ်ကြပါတယ်။ သူတို့ အမျိုးသားရေးဆန္ဒအတိုင်း လုပ်လာကြတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတိုင်းလိုလိုမှာ တစုံတရာသော အတိုင်းအတာအထိ လုပ်နေကြတဲ့ကိစ္စပါ။ ဒါပေမဲ့ ပညာရပ်နည်းစနစ်အထိ ကျော်လွန်လာရင်တော့ မကောင်းတော့ပါဘူး။
မေး ။ ။ စာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေကို ကိုယ့်နိုင်ငံကို ကိုယ်ချစ်ဖို့ သင်ကြားတာတွေဟာ ဒါကို မှားတယ်လို့ ဆိုရမလား။
ဖြေ ။ ။ မမှားပါဘူး ကိုယ့်နိုင်ငံကို ကိုယ်ချစ်ပါ။ တချိန်တည်းမှာ ကိုယ့်နိုင်ငံလည်း မှားနိုင်တယ်ဆိုတာ အသိအမှတ်ပြုရပါလိမ့်မယ်။ ကျနော်ဟာ အမေရိကန်နိုင်ငံကို ချစ်ပါတယ်။ ဒါပေမဲ့ အိရတ်စစ်ပွဲဟာ မိုက်မဲတဲ့ မှားယွင်းမှုတခုလို့ ပြောပါတယ်။ ဗိယက်နမ်စစ်ပွဲလည်း မိုက်မိုက်မဲမဲ မှားခဲ့တဲ့ အမှားတခုပါပဲ။ ကျနော့်ရဲ့ ဒီရေးသားချက်တွေကို မကြိုက်တဲ့လူတွေ ရှိပါတယ်။ ကျောင်းသင်ခန်းစာထဲမှာ ငယ်ငယ်တုန်းက သင်ခဲ့ရတာတွေကို အသက်ကြီးလာလို့ရှိရင် အမှန်အမှား ပြန်ပြီးတော့ သုံးသပ်နိုင်ပါတယ်။ တကယ်တော့ ပညာရေးဆိုတာ အမှားအမှန်ကို ကိုယ့်ဟာကိုယ် သုံးသပ်နိုင်တဲ့ လွတ်လပ်ခွင့် ရှိရမှာပါ။ နိုင်ငံတော်တော်များများမှာ ဒီလို မလုပ်နိုင်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားဘာသာစကားတွေ သင်ကြားခွင့် ရလာပြီလို့ ပြောကြပါတယ်။ ဒါဟာ တိုးတက်မှုတရပ်ပါ။
မေး ။ ။ နောက်တခုက မြန်မာနိုင်ငံ ကိုလိုနီခေတ်က ၁၉၀၆ ခုနှစ်မှာ YMBA ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးဘာသာ၊ သာသနာလို့ ကြွေးကြော်လာတယ်။ တနည်းပြောရရင် မြန်မာ ဗုဒ္ဓဘာသာ စသဖြင့် ဒါကို ဦးစားပေးလာတယ်ဆိုတော့ မြန်မာဆိုရင် ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ သဘောထားမျိုး ပြောနိုင်တယ်လို့ ဆိုနိုင်မလား။ အဲဒီကိစ္စကို ဘယ်လိုပြန်ပြောင်း သုံးသပ်မိပါလဲ။
ဖြေ ။ ။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဟာ ကိုလိုနီစနစ်ကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်တဲ့အသင်းပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာ အထက်တန်းလွှာတွေရဲ့ အသင်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ ထိရောက်ပါးနပ်မှု ရှိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အမျိုးသားရေးစိတ်ဓါတ်ကို နှိုးဆွနိုင်ခဲ့ပါတယ်။ အခုခေတ် မဘသ ကတော့ အမုန်းတရား ပါဝင်ပတ်သက်နေတယ်လို့ ကျနော် ထင်ပါတယ်။ သူတို့က မူစလင်ကို ဆန့်ကျင်ပါတယ်။ YMBA တုန်းက ခရစ်ယာန်တွေကို မုန်းကြဖို့ မပြောကြခဲ့ပါဘူး။
မေး ။ ။ နောက်တခုက xenophobia လို့ခေါ်တဲ့ နိုင်ငံခြားသား၊ တိုင်းတပါးကို ကြောက်တဲ့စိတ် ဖြစ်ပါတယ်။ ကျနော် တလောတုန်းက အရှေ့ဥရောပ ပညာရှင်တယောက်ရေးတဲ့ စာအုပ်တအုပ် ဖတ်မိပါတယ်။ Paranoid to nationalism in Burma - ကြောက်တဲ့စိတ်ကြောင့် အမျိုးသားရေးစိတ်ကို ပြင်းပြင်းထန်ထန် တည်ဆောက်လာတယ်လို့ ရေးသားထားပါတယ်။ ဘယ်လို သုံးသပ်လိုပါလဲ။
ဖြေ ။ ။ မြန်မာပြည်က လူအများစုဟာ ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံဟာ ပြည်ပလွှမ်းမိုးမှု အထူးသဖြင့် အစ္စလာမ် လွှမ်းမိုးမှုကြောင့် ပပျောက်သွားမယ်လို့ စိုးရိမ်ကြပါတယ်။
မေး ။ ။ ဒါ တကယ်လား။ ပပျောက်သွားနိုင်မယ်ဆိုတာ တကယ်ပဲလား။
ဖြေ ။ ။ တကယ် မဟုတ်ပါဘူး။ အဲဒီလို စိုးရိမ်ခံစားမှု တကယ် ရှိနေသေးတယ်ဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မှားပါတယ်။
ကျနော် ဆက်ပြီးတော့ ပြောချင်တာက ရိုဟင်ဂျာတွေက ကလေးတွေ ပိုများတယ်ဆိုတာ ကျနော် သိပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့က တိုင်းပြည်ကို လွှမ်းမိုးသွားနိုင်ပါတယ်။ ဒါကို ကျနော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ သူတို့က ဆင်းရဲနွှမ်းပါးတော့ လူမှုဘဝ ဖူလုံရေးအတွက် ကလေးပိုပြီးတော့ မွေးဖို့လိုပါတယ်။ တနည်းပြောရရင် နိုင်ငံတော်က ဘာမှမထောက်ပံ့တော့ သားသမီးတွေကို အားကိုးရပါတယ်။ အနောက်နိုင်ငံတချို့နဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာလည်း အရင်တုန်းက ဒီလိုပဲ ဖြစ်ခဲ့ကြပါတယ်။
မေး ။ ။ ဒါပေမဲ့ မူစလင်မိသားစုတွေအဖို့က သားဆက်ခြားတာ၊ သားသမီးအရေအတွက် ကန့်သတ်တာကို သူတို့ဘာသာရေးက ခွင့်မပြုဘူး မဟုတ်လား။
ဖြေ ။ ။ ရိုမန်ကတ်သလစ်မှာလည်း သားဆက်ခြားတာကို တားမြစ်ပါတယ်။ ဒါပေမဲ့ အခု ပြောင်းလဲသွားပါပြီ။ ကတ်သလစ်လူဦးရေး ၉၀-၈၀ ရာခိုင်နှုန်းရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာတောင် အခုပြောင်းလဲနေပါပြီ။ ဆိုတော့ ရခိုင်မှာ ရိုဟင်ဂျာဦးရေ များနေတဲ့ ကိစ္စမှာလည်း လူနေမှုအဆင့်မြင့်မားရေး ဆက်တိုက် အားထုတ်လာမယ်ဆိုရင် သူတို့လူဦးရေး ကြီးထွားမှု နှေးကွေးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကို အချိန်ယူရပါမယ်။ ခက်တာက နိုင်ငံရေးသမားတွေဆိုတာကလည်း ရေတိုကိုသာ ကြည့်နိုင်ကြတာပါ။ ရေတိုအရေးပေါ်ကိစ္စဆိုတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်အကျိုးကို ကြည့်ရမယ်ဆိုတာ စိတ်ထဲမှာ စွဲထားရပါလိမ့်မယ်။
နိဂုံးချုပ် ကောက်နုတ်ချက် ။ ။ သောတရှင်များခင်များ … ဒါကတော့ ပါမောက္ခ David Steinberg နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ကျနော်က အမျိုးသားရေးစိတ်ဓါတ် အကြောင်းကို ဆွေးနွေးမယ်လို့ ပြောကတည်းက ဆရာကြီးက ဒါက သိပ်သတိထား ပြောရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော်ကို ပြန်ပြောခဲ့ပါတယ်။ အင်မတန် အကဲဆတ်တဲ့ ပြဿနာတွေကို ပညာရှင်တဦးအနေနဲ့ သူ့အမြင် သူ့ရှုထောင့်ကနေ ပြောသွားခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သောတရှင်တွေအနေနဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြပါတယ်ခင်ဗျား။