Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အခုအခါ မြန်မာနိုင်ငံမှာ အခွင့်သာတုံး ဒီမိုကရေစီ အရှိန်ရအောင် အမြစ်တွယ်အောင် ကြိုးပမ်းရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်မှာလဲ အမျိုးသားရေးစိတ်ဓါတ်တွေ ပုံစံမျိုးစုံနဲ့ အရှိန်တက်လာတာ တွေ့နေရပါတယ်။ အမျိုးသားရေး အားသန်လွန်းရင် ဒီမ်ုကရေစီ ရှင်သန်နိုင်ပါ့မလား ဆိုတာ သမိုင်းပညာရှင် ဒေါက်တာဦးအောင်ခင်၊ မြန်မာအရေးသုံးသပ်သူ ဦးအောင်သူငြိမ်းတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခု အမျိုးသားရေးစိတ်ဓါတ် အရှိန်မြင့်လာတယ်လို့ ကျနော် တွေးမိပါတယ်။ ကိုအောင်သူငြိမ်း အဲဒါ မှန်ပါလား။
ဦးအောင်သူငြိမ်း ။ ။ အခု အချိန်မှာ မြန်မာနိုင်ငံမှာ လမ်းတွေတော်တော်များများမှာက တရားပွဲတွေ ကျင်းပတယ်။ တရားပွဲတွေ ဖြစ်တဲ့အခါကြတော့ ဒါက ဘာသာရေးအရ ထွန်းကားတယ်လို့ ပြောရင်လဲ ရနိုင်ပေမယ့် တဘက်မှာလဲ ဒီတရားပွဲတွေကြောင့် တချို့လူတွေမှာ စိတ်အနှောက်အယှက် ဖြစ်ရတာ ရှိပါတယ်။ နောက်တခါကြတော့ တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ အခွင့်အရေးတွေက နစ်နာခဲ့တာကြာပြီ။ အခုအချိန်မှာ အခွင့်အရေးတွေ၊ ဖယ်ဒရယ်ကိစ္စစသည်ဖြင့် ဒါတွေက ပြောနေဆိုနေတဲ့ အသံတွေလည်း ပိုကျယ်ပါတယ်။ နောက်တခါကြတော့ ဘာဖြစ်လာလဲဆိုတော့ မကြာသေးခင် ရက်ပိုင်းကပဲ ဝတ်ပြုနေကြတဲ့ ဗလီနှစ်ခုကို သွားပြီးတော့ သော့ခတ်တာတွေ၊ ချိတ်ပိတ်တာတွေ ဖြစ်ပါတယ်။ ဆိုတော့ တဘက်ကလဲ အခုနလို ဗုဒ္ဓဘာသာ နည်းနည်းလေး အစွန်းရောက်တဲ့ အင်အားစုတွေက ဘာသာမတူတဲ့ အယူအဆ မတူတဲ့သူတွေအပေါ်မှာ သွားပြီးတော့ သူတို့ရဲ့ လွတ်လပ်ခွင့်၊ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်ခွင့်တွေကို သွားပြီးတော့ ကန့်သတ်ချုပ်ချယ်တဲ့ပုံစံမျိုးတွေ ဖြစ်လာတာလည်း တွေ့ရတယ်။ ဆိုတော့ အဲဒါတွေက ပြောမယ်ဆိုရင် တဘက်ကလဲ ဒီမိုကရေစီ သွားနေတယ်ပြောတယ်။ တဘက်ကလဲ ကျနော်တို့ တွေ့နေရတဲ့ အနေအထားပါ။
ဦးကျော်ဇံသာ ။ ။ အမျိုးသားရေး ပြန်လည်နိုးကြားလာတယ်။ တက်ကြွလာတယ်ဆိုတဲ့ ရှုထောင့်ကနေ ဆွေးနွေးခြင်းပါ။ ကိုအောင်သူငြိမ်း ပြောတဲ့အထဲမှာ တိုင်းရင်းသားတွေကလည်း သူတို့ အခွင့်အရေးအကြောင်းကို ပြောလာကြတာပါတယ်။ တရားပွဲဆိုတာကတော့ ဘာသာရေးနဲ့ ပတ်သက်ပါတယ်။ ဆရာဦးအောင်ခင် … မြန်မာနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓါတ်မှာ ဘာသာရေးက တော်တော် အရေးကြီးနေပါတယ်။ YMBA ခေတ်ကတည်းကစပြီး အမျိုးဘာသာ သာသနာဆိုတော့ Race and Religion ပေါ့။ ဆိုတော့ အဲဒီ ဘာသာရေး အယူအဆက အခုထိ ရှိနေတုန်းပဲလို့ ထင်ပါတယ်။ မြန်မာတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်အခြေခံကို ဘယ်လို သုံးသပ်မိပါလဲ။
ဦးအောင်ခင် ။ ။ ဒီမိုကရေစီက အလေ့ဆိုတော့ ဒီအကျင့်ဓလေ့ကို အခြေခံဖို့ဆိုတာ နှစ်ပေါင်းအများကြီးကြာတယ်။ မြန်မာပြည်ကလဲ အခုထက်ထိ စောစောက ကိုကျော်ဇံသာ ပြောသလိုပဲ စစ်အတွင်းကရှိတဲ့ စိတ်ဓါတ်အဆင့်လောက်က အခုလဲ ဒီအဆင့်လောက် ရှိနေတယ်။ နိုင်ငံရေး Evolution တဖြည်းဖြည်း တဆင့်ပြီးတဆင့် တိုးတက်ဖို့က ဗမာပြည်မှာ အခွင့်အလမ်းမရဘူး။ ဒီကြားထဲမှာ စစ်တပ်က ဝင်အုပ်ချုပ်တာတို့ဘာတို့ ရှိတယ်။ အဲဒါမျိုး အခွင့်အလမ်းရတဲ့ နေရာရှိတယ်။ ဥပမာ အိန္ဒိယ ရှိမယ် … တဖြည်းဖြည်းနဲ့ အင်္ဂလိပ် ချပေးတဲ့ ဒီမိုကရေစီလမ်းစဉ်အတိုင်း လုပ်တယ်။ ဥပဒေအတိုင်း လုပ်တယ်။ ဆိုတော့ ထိန်းတော့ထိန်းထားနိုင်တယ်။ တခါတလေကြတော့ ပေါက်ကွဲလာတာ ရှိတယ်။ အိန္ဒိယ က အခုထက်ထိလဲ ထိန်းထားနိုင်တယ်။ သိပ်တော့ အလွန်အကျွံ မဖြစ်သွားဘူး။ ဗမာပြည်ကတော့ အိန္ဒိယတို့ ဘာတို့ထက် အများကြီး ဖြစ်သွားရင်၊ အလွန်အကျွံဖြစ်ဖို့ရာ အများကြီး အလားအလာ ရှိတယ်။ အမျိုးသားရေးစိတ်ဓါတ်တို့ ဘာတို့က ပြင်းထန်လာတဲ့အခါကြတော့ ဂျာမဏီမှာ ဟစ်တလာ ပေါ်လာသလို ဟစ်တလာကလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရပဲ။
ဦးကျော်ဇံသာ ။ ။ ဒီလို အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လာခြင်းဟာ ဒီမိုကရေစီ ဖော်ဆောင်ခြင်းအတွက် အလားအလာ ကောင်းပါရဲ့လား။ ကိုအောင်သူငြိမ်း ဘယ်လို မြင်ပါလဲ။
ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ဒီ အမျိုးသားရေးစိတ်ဓါတ်ကတော့ တခါတလေမှာတော့ လိုအပ်ပါတယ်။ ဒါပေမဲ့လဲ ဘာဖြစ်လာလဲဆိုတော့ အစွန်းရောက်တဲ့ စိတ်တွေ ဖြစ်လာရင်။ နောက်တခုကြတော့ ခွဲခြားဖိနှိပ်ဆက်ဆံမှု ကိုယ်နဲ့အမြင်မတူတဲ့လူ၊ ကိုယ်နဲ့ ကိုးကွယ်ရာမတူတဲ့လူ စသဖြင့်ပေါ်မှာ သွားပြီးတော့ ဖိနှိပ်တယ်၊ ကန့်သတ်ချုပ်ချယ်တယ်။ နောက်တခါကြတော့ တဘက်က သဘောထားအမြင် မတူတဲ့ဟာတွေကို သည်းညည်းခံလိုတဲ့စိတ် မရှိဘူး။ ဆိုတော့ ဒီလိုအနေအထားမျိုးဆိုရင်တော့ ကျနော်ထင်တယ် ဒီမိုကရေစီအရေးအတွက် အလားအလာ မကောင်းဘူးလို့ ထင်ပါတယ်။ နောက် အခုန ဆရာဦးအောင်ခင် ဆွေးနွေးသလို ကျနော်ထင်တာက ဒီမိုကရေစီအတွက် ရေခံမြေခံတွေ လိုပါတယ်။ ဆိုတော့ ရေခံမြေခံတွေကလဲ ကျနော်တို့ဆီမှာ ပြန်တွက်ချက်ကြည့်လိုက်တော့ သိပ်အားမကောင်းတဲ့ အနေအထားမျိုး တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အင်္ဂလိပ်တွေ လက်အောက်က မြန်မာ နဲ့ အိန္ဒိယ မရှေးမနှောင်း လွတ်လပ်ရေး ယူကြတော့ အဲဒီ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေ လွတ်လပ်ရေး ယူပြီးတဲ့အခါကြတော့ အခုအချိန်ထက် ပိုပြီးတော့ အမျိုးသားရေးစိတ်ဓါတ်ကို ထိန်းထိန်းသိမ်းသိမ်း၊ မျှမျှတတဖြစ်အောင် လုပ်ခဲ့ပါတယ်။ အဲဒီခေတ်က အစိုးရအဖွဲ့ထဲမှာ ဘာသာစုံ၊ လူမျိုးစုံ ပါနေတာကိုလည်း တွေ့ရတယ်။ အခု သမိုင်းက တဖြည်းတဖြည်း နောက်ဆုတ်သွားပါလား မြန်မာနိုင်ငံမှာ။
ဦးအောင်ခင် ။ ။ အဲဒီသဘောမျိုး ဖြစ်နေတယ်။ အခုဘာလဲဆိုတော့ စစ်ဗိုလ်က နှစ်ပေါင်း (၅၀) လောက် အုပ်ချုပ်သွားတယ်။ စစ်ဗိုလ်က ကိုယ့်ဘက်ပဲကိုယ်ယက်တာဆိုတော့ တကိုယ်ကောင်းဆန်တဲ့ အကျင့်တွေရှိတယ်။ နိုင်ငံရေးလည်း လုံးဝနားလည်တာ မဟုတ်ဘူး။ နှစ်ပေါင်း (၅၀) လောက် လုပ်သွားတဲ့အကျင့်က အကုန်ပျက်တယ်။ နေပြည်တော်ကြီး တည်ဆောက်ထားတာ ဒီမိုကရေစီမှာ မဟုတ်ဘဲ။ နေပြည်တော်ဆိုတာ စစ်တပ်လူတန်းစား၊ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တည်ဆောက်ထားတာ။ Garrison State, Garrison City, Garrison Town ထဲမှာ ပါလီမန်လုပ်ပြီး ဒီမိုကရေစီ ပြောနေရတာ သိပ်ပြီး သဘာဝ မကျပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရပိုင်းနဲ့ လူထု။ အခုအခါမှာ လူထုစိတ်ထဲမှာ အမျိုးသားရေးစိတ်ဓါတ် ခေါင်းထောင်လာတယ်။ အမျိုးသားရေးစိတ်ဓါတ် တက်ကြွလာတယ်။ ပိုပြီးတော့ ပြင်းထန်လာတယ်ဆိုတာ လူထုစိတ်ထဲမှာ ဖြစ်နေတာ။ လက်ရှိ အစိုးရအနေနဲ့ ဒီလူထုကို ဘယ်လိုများ ပြောင်းလဲနိုင်မယ် ထင်ပါသလဲ။ သို့တည်းမဟုတ် လူထုနောက်ကိုပဲ မျှောလိုက်နေရတော့မယ်လို့ ယူဆပါလား။
ဦးအောင်ခင် ။ ။ ဗမာပြည်က ပြည်သူလူထု နားလည်တဲ့ဟာတော့ မသိဘူး။ ကျနော်တို့က အဝေးကနေ စစ်တမ်းကောက်တာတို့၊ Report တို့ ဘာတို့လောက်ပဲ ဖတ်ရတာ။ လွန်ခဲ့တဲ့ (၃) နှစ်လောက်က Asia Foundation က ထုတ်တာ တခုရှိတယ်။ လူ (၃) ထောက်လောက်ကို စစ်တမ်းကောက်ပြီးတော့ ထုတ်ထားတာ။ အဲဒီထဲမှာပြောတ အများစုက နိုင်ငံရေး ဗဟုသုတ သိပ်နည်းတယ်။ ပါလီမန်ထဲမှာ (၂၅) ရာခိုင်နှုန်းက စစ်တပ်ကိုယ်စားလှယ် ဖြစ်နေတာကို လူဦးရေ (၃) ထောင်ကို မေးကြည့်တဲ့အခါမှာ သိတဲ့လူက လေးရာလောက်ပဲ ရှိတယ်။ ဆိုတော့ အဲဒါမျိုးပေါ့။ တရားပွဲတက်တဲ့ လူတွေများတိုင်း တိုင်းပြည်က ဒီမိုကရေစီကို သဘောပေါက်တယ်လို့ ပြောလို့မရဘူးလို့ထင်ပါတယ်။ ဗုဒ္ဓဘာသာတရားကိုကြည့်လေ တရားပွဲတွေ ဟောတာက အခုလဲများ၊ ခြိမ့်ခြိမ့်သဲနေတာ။ အကုန်လုပ်ပြီးတော့ ဗုဒ္ဓဘာသာတရားဆိုတာ ကျင့်ကြံရမယ့်တရား။ ရွတ်ဆိုရမယ့် တရား မဟုတ်ဘူး။ အဲဒီတော့ ရွတ်ဆိုနေတာနဲ့ ပြီးနေတာပဲ။ အခု ဒီမိုကရေစီလည်း အဲဒီလိုများ ဖြစ်နေလား မသိဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းက ဘယ်လို ပြောချင်ပါလဲ။ ကျနော် စောစောက ဆရာကို မေးတဲ့မေးခွန်း လူထုက အခုအခါမှာ ဒီမိုကရေစီကို နားမလည်ဘူး။ အမျိုးသားရေး အစွန်းရောက်တဲ့သဘောတွေကို အများကြီး ယိမ်းလာကြတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ ဒီနောက်ကွယ်က လိုက်ပြီးမျှောနေရမယ် ထင်ပါလား။ ဒီဟာကို ဦးဆောင်ပြီးတော့ စစ်မှန်တဲ့ လမ်းကြောင်းကို ခေါ်ဆောင်နိုင်မယ့် အလားအလာ ရှိပါလား။
ဦးအောင်သူငြိမ်း ။ ။ ကျနော်ကတော့ ထင်တာပေါ့ ပညာရေးနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ အခုန ဆရာတို့ ပြောပြသလို ကျနော်တို့ ပြီးခဲ့တဲ့ နှစ် (၄၀) (၅၀) ကာလ ပညာရေး တလျှောက်လုံးက အမြင်မတူတဲ့ ကိစ္စတွေကို သည်းညည်းခံနိုင်ဖို့ ဒီလို ပညာပေးခဲ့တာ တော်တော်အားနည်းပါတယ်။ ဆိုတော့ ဘာပဲဖြစ်လာလဲဆိုတော့ ထစ်ကနဲရှိရင် ရန်ပြုမယ်စသည်ဖြင့် ဖြစ်လာပါတယ်။ နောက်တခုကတော့ တရားဥပဒေ စိုးမိုးရေး Rule of Law ကလည်း အားကိုးလို့ မရနိုင်တဲ့အခါကြတော့ လက်တုံ့ပြန်တာတို့၊ လက်နဲ့ရှင်းတာတို့၊ လူအုပ်နဲ့ ဖိအားပေးတာတို့ ဒါမျိုးတွေ ပြဿနာဖြစ်လာတာတွေ တွေ့ရပါတယ်။ နောက်တခုကြတော့ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုကလည်း အရေးကြီးပါတယ်။ ဆိုလိုတာက ကျနော်တို့ လူလတ်တန်းစား များလာတဲ့ နိုင်ငံမျိုးတွေမှာ ဒီမိုကရေစီ ပေါ်ထွန်းတဲ့ဟာမျိုးတွေ ရှိပါတယ်။ နောက်တခါကြတော့ Urbanization လို့ခေါ်တဲ့ မြို့ပြထွန်းကားလာတဲ့ဟာမျိုးဆိုရင် ဒီမိုကရေစီဖွံ့ဖြိုးတဲ့ သဘောတရားတွေ ရှိပါတယ်။ ဒါတွေက ကျနော်တို့ဆီမှာ နှိမ့်နေသေးတယ်။ တခုကတော့ တိုင်းရင်းသားလူမျိုးစုတွေ ကွဲပြားမှု၊ ဘာသာအယူအဆ ကွဲပြားမှုများရင်တော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ အားနည်းတာမျိုး တွေ့ပါတယ်။ ဆိုတော့ ကျနော်တို့ဆီမှာက ပြောမယ်ဆိုရင် လူမျိုးရေးအရလည်း ပြဿနာတွေ ရှိပါတယ်။ လူမျိုးတွေကလည်းများတော့ ဒီမိုကရေစီကို သိပ်အားမပေးဘူးလို့ ထင်ပါတယ်။ နောက်တချက်ကတော့ Institution လို့ခေါ်တဲ့ အဖွဲ့အစည်းစနစ်တွေ၊ အစိုးရယန္တရားတွေ ဒါတွေနဲ့ ပတ်သက်လို့လဲ ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို သိပ်အားမပေးဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို တိုင်းရင်းသားလူမျိုးစုတွေ Sub-Cultural Diversity, Pluralism တွေ သိပ်ဖြစ်နေရင် ဒီမိုကရေစီကို အားမပေးဘူးဆိုတာတော့ စာထဲမှာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ အမေရိကန်၊ ဆွစ်ဇလန်တို့ အများကြီး အဲဒီလို ကွဲနေပေမယ့် သူတို့ရဲ့ နိုင်ငံရေးစနစ်တွေက ဒီဟာကို ထိန်းနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ အိန္ဒိယမှာလည်း ဖြစ်တာပဲ။ ဒါပေမဲ့ သူတို့က ထိန်းနိုင်တဲ့ အခြေအနေ ရှိပြီးတော့ ပြန်ပြီးတော့ သင့်မြတ်အောင် လုပ်သွားနိုင်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာကြတော့ လွတ်လပ်ရေးယူတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့က Unity in Diversity လို့ ကြွေးကြော်ခဲ့ကြတယ်။ မတူညီခြင်းဟာ ခွန်အားဆိုပြီတော့ … တကယ်တော့ အဲဒီလို ဖြစ်မလာတာလဲ။
ဦးအောင်ခင် ။ ။ အခြေအနေပေါ့ … အခြေအနေ မပေးဘူး။ သူက ဗိုလ်ချုပ်အောင်ဆန်းတို့က ရှေ့လွန်နေတယ်။ သွားတဲ့လူက ရှေ့လွန်ပြီးတော့ အခြေအနေက နောက်ကကျန်ခဲ့တာ။ ခေတ်ဟောင်းက ရှေ့ရောက်နေချိန်မှာ ခေတ်သစ်အယူအဆက သုံးလို့မရတဲ့သဘော ရှိတာပေါ့။ တခြားမပြောနဲ့ ဂျပန်မှာ လူတမျိုးတည်းရှိတယ်။ စာတမျိုးတည်းရှိတယ်။ ဒီမိုကရေစီ ကျင့်သုံးလာတာကြာပြီ။ ဒါပေမဲ့လဲ ဂျပန်ပြည်က ရွေးကောက်ပွဲတွေ ဘာတွေသွားကြည့်ရင် ခေါင်းဆောင်တွေရဲ့ သားသမီးတွေက ဝင်ရွေးနိုင်တာပဲ။ လူကိုးကွယ်တဲ့ဝါဒ ကျနော်တို့ အရှေ့တိုင်းမှာ ရှိနေတယ်။ နောက်ဆုံးပိတ် ဒေါ်အောင်ဆန်းစုကြည် တက်လာတယ်။ လူကို ကိုးကွယ်တဲ့ဝါဒပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကွယ်နေရင်းနဲ့ သူ့သမီးပါ ဆက်ကိုးကွယ်နေတဲ့သဘောပေါ့။ လုပ်တာ ကောင်းတာမကောင်းတာ ဖယ်ထား။ အဲဒီဥစ္စာ အခြေခံ ဂျပန်မှာလဲ အဲဒီလိုပဲ။ … သားသမီး၊ တာနာကာရဲ့ သားသမီး … သူတို့ သားသမီးတွေကလည်း ဝန်ကြီးချုပ်တွေ သေသွားလဲ၊ ကျမ့အဖေက ဘယ်သူပါဆိုပြီး ရွေးကောက်ပွဲဝင်ရင် ဝိုင်းမဲထည့်ရင် ရကြတယ်။ တကယ့်တကယ် ထည့်တဲ့လူကလည်း ဒီမိုကရေစီသဘောတရား ဘယ်လောက်နားလည်တယ်၊ နားမလည်ဘူးဆိုတာ စဉ်းစားတာ မဟုတ်ဘူး။ သူတို့လည်း နားမလည်ဘူး။ မဲပေးရတာတော့ လွယ်တာပေါ့။ ဒီမိုကရေစီသဘော သေချာနားလည်ပြီးတော့ လေ့လာဖို့ဆိုတာတော့ ခက်ခဲတာပေါ့။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက အရှေ့ကို ဆက်ကြည့်ရင် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ဆိုပါစို့။ နောက်တက်လာမယ့် အစိုးရ အခြေအနေကော ဘယ်လို ဖြစ်လာနိုင်လဲ။ ကိုအောင်သူငြိမ်း .. နည်းနည်းသုံးသပ်ပေးပါ။ အမျိုးသားရေး သိပ်ဆန်တဲ့ဘက်ကိုပဲ ဦးတည်သွားမလား။ အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ သည်းခံခွင့်လွှတ်တဲ့ စိတ်ဓါတ်တွေ၊ ကျယ်ပြန့်တဲ့ သဘောထားတွေ ရှိလာပြီးတော့ ဒီမိုကရေစီဘက်ကို ပိုပြီးအားကောင်းလာနိုင်မယ့် အလားအလာကော ရှိပါရဲ့လား။ အဲဒီလို ပါတီတွေ အနိုင်ရလာနိုင်မယ့် အလားအလာကော ဗမာပြည်မှာ ရှိပါရဲ့လား။
ဦးအောင်သူငြိမ်း ။ ။ အခုန ဆရာဦးအောင်ခင် သုံးသပ်သွားသလို ကျနော်တို့ဆီမှာက Personalized Politics လူ ပုဂ္ဂိုလ်ကိုပဲ အဓိက ဦးစားပေးတဲ့ နိုင်ငံရေးက လွှမ်းမိုးနေတုန်းပဲ ရှိနေပါတယ်။ အဲဒီတော့ တဘက်မှာ ဘယ်လို ပြန်ဖြစ်သွားပြန်လဲဆိုတော့ တိုင်းရင်းသားအုပ်စုတွေမှာလည်း သူတို့က Identity Politics ဒါကို ပြန်တိုက်ဖို့က သူတို့က လူမျိုးရေးအခြေခံ၊ ဒါတွေကို ပြန်ပြီးတော့ အခြေပြုကြတဲ့ အင်အားတွေ ဖြစ်နေပါတယ်။ ဆိုတော့ ပြည်သူလူထုတွေ မဲပေးတဲ့အချိန်မှာ ဒီဟာတွေကို အခြေခံပြီးတော့ မဲပေးနေတော့ ကျနော်တို့က မူဝါဒအပေါ် အခြေခံတဲ့၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် အခြေခံတဲ့ သဘောမျိုးသွားတာ အားနည်းတဲ့ အနေအထား ရှိပါတယ်။ ဆိုတော့ အဲဒါတွေကို ပြုပြင်ဖို့ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီးတော့ ဒီမိုကရေစီ မြှင့်တင်ရေးတွေ လိုပါမယ်။ နောက်တခုကြတော့ Institution တွေ အဖွဲ့အစည်းစနစ်တွေ ပိုအားကောင်းဖို့ ဒီလိုလုပ်မှသာပဲ ကျနော်တို့ တိုင်းပြည်အခြေအနေက ရှေ့ဆက်သွားနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီထဲမှာပဲ တဝဲလည်လည် ရှိအုံးမှာပါ။
ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ နောက်ဆုံး သုံးသပ်ချက်လည်း ကြားချင်ပါတယ်။ ရှေ့ဒီမိုကရေစီရေး အလားအလာ။ မြန်မာနိုင်ငံမှာ ကောင်းပါရဲ့လား။ သမိုင်းကြောင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ။
ဦးအောင်ခင် ။ ။ အရပ်သားအစိုးရ NLD ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲဒါမျိုးတွေ နောက်ထပ် နှစ်ပေါင်းတော်တော်ကြာကြာလေး တက်ဖို့လိုတယ်။ ဒီနှစ်တက်တဲ့လူနဲ့ နောက်လာမယ့်လူက ကောင်းကောင်း လာဖို့၊ အလားအလာ ရှိတာပေါ့။ အဲဒီတော့ အဲဒီ အလားအလာ ရှိဖို့ရာ နှစ်ပေါင်းများစွာမှာ အရပ်သားအစိုးရ ဆက်ပြီးတော့ အုပ်ချုပ်ဖို့လိုတယ်။ နှစ်ကြာမှာပေါ့။