ပညာရေးပြုပြင်တာ ဘယ်လောက်ကြာမလဲ

Your browser doesn’t support HTML5

ပညာရေးပြုပြင်တာ ဘယ်လောက်ကြာမလဲ

ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ဲပြုပြင်ရမယ့်ကိစ္စတချို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မကြာသေးခင်က မန္တလေးမှာ ပြောကြားသွားပါတယ်။ အဲဒီလို တာဝန်ရှိတဲ့အကြီးအကဲတဦးရဲ့ ပြောကြားချက်တွေဟာ မြန်မာနိုင်ငံမှာ အကောင်အထည်ပေါ်လာဖို့ အချိန်ဘယ်လောက်ကြာတတ်ပါသလဲ။ ဘယ်လို အဆင့်တွေ ဖြတ်သန်းရပါသလဲ။ လက်တွေ့အကောင်အထည် ပေါ်လာနိုင်တဲ့ အလားအလာကော ဘယ်လောက်ရှိသလဲ ဆိုတာတွေကို မြန်မာနိုင်ငံရဲ့ မူဝါဒရေးရာလေ့လာရေး သုတေသီ သင့်ဘဝ ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်က ဒီဟာကို လုပ်သင့်တယ်လို့ဆိုရင် အဲဒီဟာ လက်တွေ့ဖြစ်လာမယ့်အဆင့်တွေကို အကြမ်းဖျဉ်းပြောပါ။ ဘယ်နှစ်ဆင့်လောက် ရှိမလဲ။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ လုပ်တာရှိတယ်။ မလုပ်တာရှိတယ်။ မလုပ်တာကတော့ လုပ်နေမြဲ ကိုယ့်ရဲ့ဝန်ကြီးဌာနအလုပ်တွေကို ဆက်လုပ်နေတာပေါ့။ တချို့လေးနက်တဲ့လူတွေကတော့ ခေါင်းဆောင်က ဒီလိုပြောလိုက်လို့ရှိရင် ငါတို့ ဒါကို ဘယ်လိုလုပ်မလဲလို့ အဆင့်ဆင့်စဉ်းစားပြီးတော့ သေချာဒီဇိုင်းချတာ ရှိတယ်။ ဒါပေမဲ့ အဲဒီလို လုပ်နည်းလုပ်ဟန်၊ အကောင်အထည်ဖော်မှုက အင်မတန်အားနည်းတယ်လို့ ကျနော်က မြင်တယ်။ ကြပ်ကြပ်မတ်မတ် ဒါလုပ်ရမယ်လို့ အမိန့်ပေးမှ ဝန်ကြီးဌာနတွေက တုံ့ပြန်ကြတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီးတော့ အလွတ်ကျက်တဲ့ ပညာရေးစနစ်ကို ပြုပြင်ရမယ်ဆိုတဲ့စကား ပြောသွားတယ်။ သိပ်အရေးကြီးတဲ့ကိစ္စပေါ့။ ဒီလိုကိစ္စမျိုးကို ခေါင်းဆောင်လုပ်တဲ့လူက ဒါကိုလုပ်ပါလို့ မညွှန်ကြားထားဘူးလား။ ညွှန်ကြားထားတယ်လို့ ဆရာတို့ သိရပါလား။

ဦးတင်မောင်သန်း ။ ။ ညွှန်ကြားဖို့လည်း မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေး ရေးဆွဲထားတာရှိတယ်။ အင်္ဂလိပ်လိုတော့ CESR – Comprehensive Education Sector Reform အဲဒါကို ပညာရေးဌာနက အကောင်အထည်ဖော်နေတယ်။ အဲဒီအကောင်အထည် ဖော်နေတဲ့အထဲမှာလည်း ကျက်ပြီးဖြေတာကနေ ပြောင်းလဲဖို့ဆိုတဲ့အရာပါပါတယ်။ ပညာရေးဝန်ကြီးဌာနက အဲဒါကို လုပ်နေတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ နားလည်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ညွှန်ကြားချက် မလိုတော့ဘူး။ ညွှန်ကြားပြီသား ဒါက ပြုပြင်ပြောင်းလဲရေး အစီအစဉ်ထဲမှာ ပါနေပြီ၊ လုပ်နေပြီ။ ဆိုတော့ အဲဒီလုပ်ပုံလုပ်နည်းအဆင့်ဆင့်ကော ဘယ်လိုရှိသေးလဲ။ ပညာရေးဌာနက ဒါကိုလုပ်နေတာ ဘယ်လောက်ကြာပြီလဲ။

ဦးတင်မောင်သန်း ။ ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက စပြီးတော့ CESR Report ကို လုပ်နေတာ (၂) နှစ် ပြီးသွားတယ်။ (၁) နှစ်ကို တစ်ခါ (၃) နှစ်လုပ်တယ်။ (၃) နှစ်လုပ်တဲ့အခါမှာ ပထမနှစ်၊ ဒုတိယနှစ် ပြီးတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေး စပြီးတော့လုပ်ကြတယ်။ တခုတော့ရှိတယ် - အရှိန် - အရှိန်အဟုန် ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် လုပ်နိုင်တယ်ဆိုတဲ့အပေါ်မှာတော့ မေးခွန်းထုတ်စရာလေးတွေ ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ အကြမ်းဖျဉ်းအားဖြင့် (၃) နှစ်လောက် ကြာခဲ့ပြီပေါ့။ ဘယ်လောက်အထိ ဆက်ကြာမယ့်သဘော ရှိပါလဲ။ လက်တွေ့အကောင်အထည် ပေါ်လာဖို့အတွက်။

ဦးတင်မောင်သန်း ။ ။ ပထမတခုက ဆရာ၊ ဆရာမတွေကို လေ့ကျင့်ပေးတာ - အဲဒီလမ်းကြောင်းပေါ်ကို ရောက်အောင် ပြန်ပို့ရတာကိုက စိန်ခေါ်ချက်တခုလို့ ကျနော် ဒီလိုပဲသိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရလက်အောက်မှာ ပညာရေးစနစ်ကြီးက ပျက်သွားခဲ့ပြီးပြီ။ ဒါကြောင့်မို့ ပြန်ပြီးတော့ ထူထောင်ဖို့ကြိုးစားတဲ့အခါမှာ ဆရာ၊ ဆရာမတွေကို ပြန်ပြီး Training ပေးနေရတာနဲ့ ပြန်ပြီးတော့စတယ်။ အခုတော့ ကျောင်းသားဗဟိုထားတဲ့စနစ်ကို ပြန်ပြီးစပြီး ကူးပြောင်းနေတယ်။ နောက် မေးခွန်းပုံစံတွေလည်း ပြောင်းလဲလာတယ်လို့ ကြားတယ်။ ဒါပေမဲ့ အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ သီးခြားလွတ်လပ်သော အဖွဲ့ကနေ ဘယ်လောက်အထိ ခရီးပေါက်လဲ - အခုနက ဆရာမေးတဲ့ မေးခွန်းမျိုး မေးတဲ့အဖွဲ့ မရှိတာက၊ ရှိရင်တောင် ကျနော်တော့ မကြားဖူးဘူး။ မိမိလုပ်နေတာကို ထောက်ခံပေးတာ မဟုတ်ဘဲ၊ သီးခြားလွတ်လပ်တဲ့ အကဲဖြတ်ပုံဖြတ်နည်းနဲ့ ဖြတ်တဲ့ အလေ့အထသည် မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီမှာ အင်မတန်မှ အားနည်းတယ်။ အဲဒီအဖွဲ့အစည်း မရှိခြင်းက ပြုပြင်ပြောင်းလဲရေး၊ ပညာရေးပြုပြင်ပြောင်းလဲရေးကို အလွန်နှောင့်နှေးစေမယ်လို့ ကျနော်က ယူဆတယ်။ မြန်ချင်ရင် အဲဒီလို အဖွဲ့အစည်းမျိုးကို ဖွဲ့ဖို့အတွက် ခေါင်းဆောင်က ညွှန်ကြားသလား၊ မညွှန်ကြားဘူးလား။ ပြောလား၊ မပြောသလားဆိုတဲ့အပေါ်မှာ အများကြီးမူတည်မယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို အဖွဲ့အစည်းမျိုးဟာ ဌာနဆိုင်ရာ အစိုးရခန့်တဲ့ အဖွဲ့အစည်း ဖြစ်သင့်သလား။ သူတို့က ဒီလိုလုပ်နိုင်ပါ့မလား။ သို့တည်းမဟုတ် လွတ်လပ်တဲ့ NGO က မလုပ်နိုင်ဘူးလား။

ဦးတင်မောင်သန်း ။ ။ လွတ်လပ်တဲ့ NGO တွေကလည်း ဒီပြုပြင်ပြောင်းလဲရေးကို သိနေတာတွေလည်း ရှိပါတယ်။ များသောအားဖြင့် အစိုးရတွေက အဲဒီလို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့ပေးတတ်ပါတယ်။ ဒါပေမဲ့ တကယ်သီးခြားလွတ်လပ်လား - အဲဒါတော့ ကျနော် အထူးအထွေး ပြောစရာ မလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေက ဒီသဘောကို သိပြီသားပါ။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ပါ - အကောင်အထည်ဖော်တာ မရှိဘူး။ အဲဒီလို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ စပြီးတော့ ဆောင်ရွက်ခဲ့တာတွေရှိတယ်။ ဥပမာ ပွင့်လင်းဖွင့်မိတ်ဆက်နိုင်ငံများ ဝင်ဖို့။ အဲဒီထဲဝင်သွားရင် ဌာနတိုင်း ဌာနတိုင်းဟာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သူ့ရဲ့အစီအစဉ်က ဘာရှိလဲ၊ သူဘာတွေလုပ်မယ် - အဲဒီအတွက် ခင်များတို့က ပါဝင်ပြီးတော့ ဘတ်ဂျက်တွေရေးမယ်။ စီမံချက်တွေဆွဲမယ်။ စီမံကိန်းရေးမယ်။ ပြီးတော့ သူက အခုနပြောတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စီစစ်တာကိုလည်း လက်ခံရမယ်။ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံအချင်းချင်း အခြားသောနိုင်ငံတခုကလာပြီးတော့ စီစစ်တာကိုလည်း လက်ခံရမယ်ဆိုတဲ့ Open Government Parternship အစီအစဉ်ကို လုပ်ခဲ့ဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ စခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအစိုးရလက်ထက်မှာပဲ အသံမှေးမှိန်းသွားတယ်။ အခုလက်ထက်မှာတော့ လုံးဝမကြားသလောက် ဖြစ်သွားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေရှိတယ်။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တာတွေရှိတယ်။ အဲဒီကိစ္စမှာတော့ ဘယ်သူက သဘောမတူလို့။ ဖွဲ့စည်းပုံက ခွင့်မပြုလို့။ တပ်မတော်ဘက်က သဘောမတူလို့ စသဖြင့် အတားအဆီး၊ နိုင်ငံရေး အကန့်အသတ်တွေ ရှိတယ်။ ပညာရေးစနစ် ပြုပြင်ရေးမှာတော့ ကျနော် သိသလောက် အဲဒီလို အတားအဆီး၊ အကန့်အသတ်တွေတော့ ရှိလောက်မယ် မထင်ပါဘူး။ ဘာကြောင့် ဒီဟာကို ဆရာ စောစောက ပြောခဲ့တယ် NLD ခေါင်းဆောင်ပိုင်းက သိတယ်၊ သိပေမယ့်လို့ဆိုတော့ ဘာဖြစ်လို့ သိရက်သားနဲ့ ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာကို နည်းနည်းသုံးသပ်ပါအုံး။

ဦးတင်မောင်သန်း ။ ။ အခုန ကျနော်ပြောသလိုပဲ သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဖက်အဖွဲ့ကနေ အားမနာတမ်း ပြန်လည်သုံးသပ် အကဲဖြတ်ခံရဲသော အစိုးရဖြစ်ဖို့လိုတယ်။ ဗျူရိုကရေစီ ဖြစ်ဖို့ လိုတယ်။ အထူးသဖြင့် နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်တွေက ဒါကို သဘောပေါက်တဲ့အတွက်ကြောင့် ဆုံးဖြတ်ကြတယ်။ ဗျူရိုကရေစီတွေက ပြောင်းချင်တဲ့လူရှိတယ်၊ မပြောင်းချင်တဲ့လူတွေရှိတယ်။ ဒါမျိုးကို ဘယ်လိုဖြေလျော်မလဲ။ ဘယ်လိုပြောင်းချင်တာကို လုပ်မလဲဆိုတာကိုက တက်လာတဲ့ နိုင်ငံရေးအစိုးရတွေက စဉ်းစားရပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ တည်ငြိမ်မှုကို ဇောင်းပေးနေတဲ့အတွက်ကြောင့်မို့လို ဒါကလဲ နားလည်လို့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေအနေက ဇောင်းပေးနေရတဲ့အတွက်ကြောင့် အခု (၂) နှစ်ကျော်ကာလက အဲဒီတည်ငြိမ်မှုဘက်မှာ ဇောင်းပေးနေရတာကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အပြောင်းအလဲဘက်ကို စပြီးတော့ လုပ်ဆောင်ဖို့တော့ ကောင်းနေပြီပေါ့။ လုပ်မယ်လို့လည်း မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ပြောသွားတဲ့အထဲမှာ ကျနော် နှစ်ခု မေးစရာတွေ့တယ်။ ဗျူရိုကရေစီက လက်မခံတာလား။ အဲဒီလို လွတ်လပ်ပွင့်လင်းစွာ ဝေဖန်မှုကို ဗျူရိုကရေစီက လက်မခံတာလား။ အစိုးရကိုယ်တိုင်က လက်မခံတာလားဆိုတာကို ပထမတခု မေးချင်တာ။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ သူကို ဝေဖန်တယ်ဆိုလို့ရှိရင် ဘယ်သူကမှ မကြိုက်ဘူး။ ဗျူရိုကရေစီပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်။ အခုက အစိုးရကတော့ လုပ်လည်းလုပ်နေပါတယ်။ ဒါပေမဲ့ တကယ်လုပ်ဖို့ ပီပြင်ဖို့ဆိုတာကတော့ အခုနပြောတဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေပါမှ နိုင်ငံတွေက ပိုပြီးမြန်ဆန်တတ်တာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ နောက်မေးချင်တဲ့ မေးခွန်းက ဒီပညာရေး ပြုပြင်မှုက တည်ငြိမ်မှုကို ဇောင်းပေးနေရတဲ့ကိစ္စကို ဘယ်လို ဂယက်ရိုက်နိုင်လို့လဲ။ တကယ်များ ပတ်သက်လို့လား - ဒီပညာရေး ပြုပြင်ရေးဟာ တည်ငြိမ်မှုကို ဇောင်းပေးရတဲ့ကိစ္စကို ထိခိုက်စရာရှိလို့လား။

ဦးတင်မောင်သန်း ။ ။ တည်ငြိမ်မှုဆိုတာ ဒီလိုလေ အရင်တုန်းက တခါမှ အရပ်ဖက်က အရပ်သားတွေက အစိုးရ တက်လုပ်ပိုင်ခွင့် မပေးခဲ့ဘူး။ တပြိုင်တည်းမှာပဲ ဗျူရိုကရေစီထဲမှာရှိတဲ့ လူတွေက စစ်တပ်က ဖြစ်နေတဲ့လူတွေပါတယ်။ အရင်စနစ်ကလာတဲ့ လူတွေပါတယ်။ အဲဒီအခြေအနေမှာ စပြီးဝင်လာတဲ့ လူတယောက်အတွက်က တည်ငြိမ်မှုကို ဇောင်းပေးရစမြဲဖြစ်မယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တည်ငြိမ်မှု ဇောင်းပေးရေးကို ကျနော်တို့ နားလည်လို့ရတယ်။ ဒါပေမဲ့ ဆရာတို့ သတိထားမိသလား မသိဘူး - ဒီနှစ် မြန်မာနှစ်သစ်ကူးနှစ်မှာ သမ္မတဦးဝင်းမြင့်ပြောတဲ့ မိန့်ခွန်းမှာ တည်ငြိမ်မှုနဲ့ အပြောင်းအလဲကို ဟန်ချက်ညီအောင် ထိန်းဖို့လိုတယ်ဆိုတာကို စပြီးတော့ ပြောခဲ့တယ်။ အသေးစိတ်လေးတွေတော့ ကျနော်တို့ မတွေ့ရသေးဘူး။ လမ်းကြောင်းပေါ်ကိုတော့ တက်ဖို့တော့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ မိန့်ခွန်းမှာ အဲဒီဟာတွေကို ကိုယ်တွေက သတ်မှတ်ပြီး၊ ကိုယ်တွေကပဲ ပြန်ပြီးအကဲဖြတ်မှာလား။ ဒါက တော်တော်စကားပြောလိမ့်မယ်။ နှစ်ပေါင်းများစွာ အထက်လူကြီအကြိုက် အောင်မြင်ပါတယ်လို့ ပြောလာခဲ့တဲ့ စနစ်ကြီးထဲမှာ ဘယ်လိုများ ဖောက်ထွက်မှာလဲ။ အဲဒီလို ဖောက်ထွက်လာအောင် နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်တွေက ဘယ်လိုလုပ်မလဲ။ ဒါက မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ကျနော်တို့ ဦးတည်တဲ့ ပညာရေးအကြောင်းကိုပဲ ပြောရမယ်ဆိုရင်တော့ ဒီပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဘယ်အချိန်မှာ လက်တွေ့အကောင်အထည် ပေါ်လာမလဲ။ ထိရောက်မှု ရှိလာမယ်လို့ ခန့်မှန်းပါလဲ။ NLD အစိုးရရဲ့ နောက်ကျန်နေသေးတဲ့ (၂) နှစ်သက်တမ်းမှာ မှီနိုင်သလား။ နောက်ဆက်လက်ပြီးတော့ သူတို့ အာဏာရရင်ကော ပြီနိုင်မလား။ သို့တည်မဟုတ် အစိုးရများ အပြောင်းအလဲ ဖြစ်ခဲ့ရင် ဒီမူတွေ ပျက်သွားပြီးတော့ တစ်က ပြန်စတယ်ဆိုတာမျိုး ဖြစ်လာနိုင်မလားဆိုတာကို အကြမ်းမျဉ်းလေး ဟောကိန်းထုတ်ပါအုံး။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့် အကွာအဟက တော်တော်ကြီးတယ်။ ဥပမာအားဖြင့် တက္ကသိုလ်အဆင့် ပြည်ပက ပြန်လာပြီးလုပ်တဲ့ အတွေ့အကြုံရှိတဲ့ နိုင်ငံခြားသား ပါမောက္ခတယောက်ပြောတဲ့ စကားအရပြောမယ်ဆိုရင် ဒီမှာရေးနေတဲ့ မဟာတန်း စာတမ်းတွေဟာ ဥရောပနဲ့ အမေရိကန်မှာရေးတဲ့ အထက်တန်းအဆင့် စာတမ်းတွေလောက်တော့ အဆင့်မီပါ့မလားဆိုတာကို သူ သံသယ ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ သူက ဘယ်ရှုထောင့်က ပြောတာလဲဆိုရင် ပြဿနာကို သတ်မှတ်ဖော်ထုတ်ပြီး ပြဿနာကို ဖြေရှင်းရေးထောင့်ကနေ ရေးတဲ့ အဲဒီအဆင့် မရှိသေးဘူးလို့ပြောတယ်။ များသောအားဖြင့် စာတမ်းတွေက ဟိုကကူး၊ ဒီကကူးပြီး ပြန်ပြီးတော့ ကပ်တဲ့ဟာမျိုးတွေ များနေတယ်။ ဒါက ကျနော်တို့ရဲ့ အကွာအဟကို ပြောပြတာ။ အဲဒီလောက်အထိ ကွာနေတဲ့ အခြေအနေမှာ ဘယ်လို မြန်မြန်ဆန်ဆန် ဖြေရှင်းမလဲ။ တချို့ဟာတွေက လွယ်ပါတယ် သဘောကို သိမှုကိုက အားနည်းနေတဲ့သဘောပေါ့။ ဒါပေမဲ့ သဘောကိုမပေါက်တဲ့အခါကြတော့ အစကတည်းကိုက နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပညာရေးသဘောနဲ့ ဝေးနေတဲ့အခါကြတော့ အခုလို ရယ်စရာကောင်းတဲ့ ဆောင်ရွက်ပုံတွေကို တွေ့နေရအုံးမယ် ဖြစ်နေတယ်။ အဲဒါဆိုတော့ ဆရာ မှန်းဆကြည့်ပေါ့။ ဒီဟာတွေကို ဘယ်လောက်ပြောခွင့်ရလဲ။ ဘယ်သူတွေပေါက်လဲ။ ဒီလိုစပြီးတော့ ဖြစ်နေတာတွေကို အဖွဲ့အစည်းတခုလုံးမှာ ဒီလိုဖြစ်နေတာကို ထောက်ပြမယ့်လူတယောက်မှ မရှိဘူးလား ဒါတွေက စဉ်းစားရမယ့် ပြဿနာတွေပေါ့။