ဖဆပလ ဒီမိုကရေစီ နှင့် NLD ဒီမိုကရေစီ

myanmar hluttaw

Your browser doesn’t support HTML5

ဖဆပလ ဒီမိုကရေစီ နှင့် NLD ဒီမိုကရေစီ

မြန်မာနိုင်ငံမှာ အခုလက်ရှိ NLD အစိုးရခေတ် ကျင့်သုံးနေတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ပြီးစ (၁၀) နှစ်တာ ရှင်သန်ခဲ့တဲ့ ဒီမိုကရစီတို့ဟာ ဘာတွေတူပြီး၊ ဘာတွေခြားနားပါသလဲ။ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဘယ်လို လိုအပ်ချက်တွေ ရှိခဲ့သလဲ၊ ရှိနေသလဲ ဆိုတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ခင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ကျနော်ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ယခင် နှင့် ယခု ဆိုပါတော့။ ပထမဦးဆုံး ဖွဲ့စည်းပုံခြင်း နှိုင်းယှဉ်သင့်တယ် ထင်ပါတယ်။ လွတ်လပ်ရေးရပြီးခါစ ဒီမိုကရေစီအခြေခံတဲ့ ဖွဲ့စည်းပုံနဲ့ အခု NLD ခေတ် ဒီမိုကရေစီအခြေခံတဲ့ ဖွဲ့စည်းပုံခြင်းကတော့ အတော်လေးကွာမယ် ထင်ပါတယ်။ ဆရာအနေနဲ့ ဘာတွေကို နှိုင်းယှဉ်လိုပါလဲ။

ဖြေ ။ ။ ဟိုကတော့ နိုင်ငံတည်ထောင်ဖို့ လုပ်ထားတဲ့ ဥပဒေဆိုတော့ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ အခုလက်ရှိ ဥပဒေကတော့ စစ်တပ်က သူ့အခန်းကဏ္ဍ ဆက်လက်တည်မြဲအောင် လုပ်ထားတဲ့ဟာဆိုတော့ မတူဘူးပေါ့။ ဒါပေမဲ့ အဲဒီခေတ်နဲ့ အခုခေတ်နဲ့ ဗမာနိုင်ငံရေးမှာ အဓိက မပြောင်းမလဲ ကျန်ခဲ့တာ ပုဂ္ဂိုလ်ရေးပါ။ နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးက အဓိက ဖြစ်နေတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေး ရှိနေတဲ့အတွက် ဒီမိုကရေစီစနစ် - ဒီမိုကရေစီဆိုတာ ကျင့်စဉ်ပါ။ စနစ်တခု တည်ထောင်ပြီးရင် ဒီစနစ်အတိုင်း လုပ်ရမယ်။ မှန်တာ၊ မှားတာထက် ဒီစနစ်အတိုင်း ပြင်ရမယ်ဆိုတဲ့အရာ။ အနောက်နိုင်ငံတွေမှာလည်းရှိတယ်။ ဒီမိုကရေစီစနစ်ကြောင့် ခေါင်းဆောင်တင်မိတယ်။ ကိုယ်တင်တဲ့ခေါင်းဆောင် မဟုတ်တာလုပ်လဲ ကိုယ်ခံပေါ့။ နောက်ကျမှ နှစ်ပြည့်တဲ့အခါ ဖြုတ်ချပေါ့။ ဒါပေမဲ့ ဒီစနစ်က အများမကျေနပ်ပေမယ့်လဲ ကိုယ်လုပ်ထားတဲ့အတွက် လက်ခံရမယ်။ အဲဒါ ဒီမိုကရေစီသဘောတရား ဖြစ်တယ်။ ဒီဟာကို ဘယ်လောက်အထိ ကျင့်သုံးနိုင်သလဲဆိုတာ ဒီမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက လုပ်ကြတယ်။

ဗမာပြည်မှာတော့ ပုဂ္ဂိုလ်ရေးက အဓိက ဖြစ်နေတယ်။ ဖဆပလခေတ်ကလည်း ပုဂ္ဂိုလ်ရေး။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်း ပုဂ္ဂိုလ်ရေး။ ဆိုတော့ ဒီ ပုဂ္ဂိုလ်ရေးတွေ လုပ်တဲ့အတွက် ပါတီနိုင်ငံရေးတောင် ပီပီပြင်ပြင် မလုပ်နိုင်တော့ဘူး။

မေး ။ ။ ဆိုတော့ ဖွဲ့စည်းပုံကတော့ စစ်တပ်က အာဏာတည်မြဲရေး အခုတော့ လုပ်ထားတယ်ပေါ့။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ကြရင် ဘယ်လိုယှဉ်မလဲ။ ဟိုတုန်းက ဖွဲ့စည်းပုံကတော့ တိုင်းရင်းသားတွေ အခွင့်အရေးကို ပိုပေးခဲ့လေသလား။ အခု ဖွဲ့စည်းပုံမှာ ဘာများပိုထူးလာသလဲ။ ဒါလဲ အဓိကတော့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပြဿနာတရပ် ဖြစ်နေတယ် မဟုတ်လား။

မေး ။ ။ အခုအခြေခံဥပဒေမှာတော့ ပြည်နယ်အစိုးရဆိုပြီးတော့ ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရက ဘယ်လောက်လုပ်ပိုင်ခွင့် ရှိမလဲဆိုတာတော့ မသိဘူး။ ပြည်နယ်မှာလည်း အစိုးရကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ရှိတယ်။ အဲဒီတော့ ပြည်နယ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဘယ်လောက်အထိအောင် accommodate လုပ်နိုင်မလဲ။ ကျနော်မြင်တာကတော့ အန်အလ်ဒီ အစိုးရက အခု သူမှာလုပ်နိုင်စရာတွေ အများကြီးရှိတယ်။ ဥပမာ စီးပွားရေး ရှိမယ်။ ပညာရေး၊ ကျန်းမာရေး ရှိမယ်။ ဒီဘက်က အင်မတန် ယိုးယွင်းပျက်စီးနေတာတွေကို ဇောက်ချမလုပ်ဘဲနဲ့ ကိုယ်မနိုင်တဲ့ တိုင်းရင်းသားကိစ္စ သွားလုပ်တဲ့အတွက် မနိုင်မနင်း ဖြစ်နေတဲ့သဘောပေါ့။ အဲဒီလိုပဲ မြင်ကြတယ်။

ဖြေ ။ ။ ဆိုတော့ လွတ်လပ်ရေးပြီးစ ဒီမိုကရေစီ အဲဒီခေတ်မှာလည်း တိုင်းရင်းသားသူပုန်တွေ၊ တိုင်းရင်းသား ပုန်ကန်မှုတွေအပြင်၊ ဝါဒရေးအရ ပုန်ကုန်မှုတွေ၊ ကွန်မြူနစ်၊ ရဲဘော်ဖြူတွေ ရှိခဲ့လို့ ရောင်စုံသူပုန်လိုတောင် ခေါ်ခဲ့ပါတယ်။ ဆိုတော့ အဲဒီခေတ်က သူပုန်ထတဲ့အနေအထားနဲ့ အခုအနေအထားကို ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။

မေး ။ ။ အဲဒီတုန်းကလဲ ကျနော် မှတ်မိသလောက်တော့ သူပုန်ထဖို့ အခြေအနေရောက်သွားအောင် တွန်းပို့သလိုလဲ ဖြစ်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကလည်းဖွဲ့တာ မကြာသေးဘူး။ ဒီမိုကရေစီအတွေ့အကြုံကလည်း မရှိဘူး။ မရှိတဲ့အတွက် လက်နက်အားကိုးပြီးတော့ လုပ်တဲ့အခါမှာ ဥပမာ ပါလီမန်ဘောင်ထဲမှာ အတိုက်အခံ လုပ်ခွင့်မပေးနိုင်ဘူး။ အဲဒီလို လုပ်ခွင့်ပေးနိုင်ရင်တော့ တမျိုးတဖုံ ဖြစ်သွားနိုင်တာပေါ့။ အဲဒီလောက်အထိလဲ မရင့်ကျတ်ဘူး။ ပုဂ္ဂိုလ်ရေးတွေကများတော့ ဖမ်းမယ်၊ ဆီးမယ်၊ ထောင်ချမယ်ဆိုတော့ လုပ်ပိုင်ခွင့် မရှိဘူး။ အဲဒီလိုနဲ့ ခေါင်းဆောင်ပိုင်းကိုလုပ်တော့ တောခိုကြတာပေါ့။ ကရင်ကိစ္စမှာလဲ ဆွေးနွေးတဲ့ကိစ္စတွေလည်း မလုပ်နိုင်ဘူး။ အစိုးရက မစွမ်းဆောင်နိုင်တာတွေ အများကြီးရှိတယ်။ မစွမ်းဆောင်နိုင်လို့လည်း အဲဒီလို ဖြစ်ကုန်တာပေါ့။

အခုလဲပဲ အပစ်အခတ်ရပ်စဲရေးဆိုပြီး လုပ်တယ်။ အရင်တုန်းက ဗိုလ်နေဝင်းခေတ်ကလည်း အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ မဖြစ်ဘူး။ မဖြစ်တော့ အခုလဲပဲလုပ်တယ်။ လုပ်ပေမယ့် အပစ်အခတ်ရပ်စဲရေးဆိုတာ ဆွေးနွေးတာ အန်အလ်ဒီ က ဆွေးနွေးတယ်။ တကယ့်အပစ်အခတ်ရပ်တာ ဘယ်သူက ရပ်တာလဲ။ စစ်တပ်ကရပ်ရမှာ။ အပစ်အခတ်ရပ်စဲရေးမှာ အောက်မှာအသေးစိတ်တွေကို လိုက်ပြီးတော့ အကောင်အထည်ဖော်တာက စစ်တပ်က အကောင်အထည်ဖော်တာ။ အန်အလ်ဒီ က အကောင်အထည်ဖော်တာ မဟုတ်ဘူး။ အဲဒီမှာ ပြဿနာဖြစ်တာ။

မေး ။ ။ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ ။ ။ တိုင်းရင်းသားက အဲဒီမှာ ကရင်၊ ကချင် ရှိတယ်။ အဲဒီအချိန်မှာလဲ တိုင်းရင်းသားပေါင်း ဖဆပလလို့ လုပ်နိုင်ခဲ့တဲ့ အစိတ်အပိုင်းတွေ ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ် အားလုံးပါလာဖို့တော့ သူတို့မလုပ်နိုင်ခဲ့ဘူး။ တိုင်းရင်းသားထဲမှာလည်း အကွဲကွဲအပြဲပြဲ အများကြီးရှိနေခဲ့တယ်။

မေး ။ ။ နောက် စစ်တပ်ထဲမှာ ကွဲပြီးတော့ ကရင်တချို့က စစ်တပ်ထဲကနေ တောခိုသွားတာတွေ အများကြီးကြားရပါတယ်။ အဲဒါကြတော့ စစ်တပ်က ဒီဟာကို သူတို့တပ်မတော်အတွင်းမှာ ညီညွှတ်ရေးရအောင် မတည်ဆောက်နိုင်ခဲ့ဘူးဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ အဲဒီတုန်းကတော့ စစ်တပ်က နိုင်ငံရေးယုံကြည်ချက်ရှိတဲ့ စစ်တပ်။ အဲဒီတုန်းကတော့ စစ်ပြီးခေတ်ဆိုတော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ စစ်တပ်ဆိုတော့ အဲဒီအထဲမှာ နိုင်ငံရေးသဘောတရား၊ ခံယူချက်ရှိတဲ့ စစ်ဗိုလ်တွေလည်း ရှိနေတယ်။ အဲဒီစစ်ဗိုလ်တွေက တောခိုသွားခဲ့တယ်။ သူပုန်ဖြစ်သွားကြတယ်။ နိုင်ငံရေးခံယူချက် ရှိတယ်လူတွေက သူပုန်ဖြစ်သွားတယ်။ မရှိတဲ့လူတွေ ဖဆပလအောက်မှာ ကျန်ခဲ့တယ်။

မေး ။ ။ နောက်တခုက ရခိုင်မှာဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဟိုဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးရတဲ့ကိစ္စ။ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာလည်း မူဂျာဟစ်သူပုန်တွေ ဘာတွေဆိုတာ ရှိခဲ့တယ်ဆိုတော့ ပြဿနာက အခုလောက်တော့ မကြီးကျယ်ခဲ့ဘူး။ ဘာကြောင့်လို့ ထင်ပါလဲ။ ဟိုတုန်းနဲ့ အခုကွာခြားသွားရတဲ့အကြောင်း။

ဖြေ ။ ။ အဲဒီတုန်းကတော့ သိပ်မသိကြဘူးပေါ့။ Local Affairs သူ့ဟာနဲ့သူတော့ လူတွေသေကြေကြတယ်။ ဒါပေမဲ့ သတင်းက ဒီလောက်အထိကို မပျံ့သွားဘူး။ အခုကတော့ သတင်းက ပျံ့ပွားမှုနှုန်းကလည်းများတယ်။ ဒါက ဒေသလေးတခုရဲ့ ကိစ္စကို ကမ္ဘာ့ကိစ္စ ဖြစ်သွားအောင် ကြီးကျယ်အောင်လုပ်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်ဆိုတော့ အဲဒီကနေ တဖြည်းဖြည်းနဲ့ ဒီကိစ္စက အပ်နဲ့ထွင်ရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရသလို ဖြစ်သွားတာပေါ့။

မေး ။ ။ တချိန်တည်းမှာပဲ လွတ်လပ်ရေးရပြီးစခေတ်က မီဒီယာကို တော်တော်လေး တမ်းတမ်းတတ ပြောကြပါတယ်။ သတင်းစာလွတ်လပ်ခွင့်တွေ ဘယ်လောက်အထိ ရှိကြတယ်။ ဘာညာဆိုတာကို ဆရာ ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။ ကျနော် တခုဖတ်မိတာ လွတ်လပ်ရေးရတဲ့ခေတ်မှာလည်း သတင်းစာတိုက်ကို မီးရှို့ဖျက်ဆီးတာ၊ ရိုက်နှက်ဖျက်ဆီးတာတွေတောင် ကြုံခဲ့တယ်ဆိုတော့ အခုခေတ်အချိန်ထက် လွတ်လပ်ခွင့် ရှိတယ်လို့ ဆရာ ထင်ပါသလား။

ဖြေ ။ ။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလဲ အခုန ကျနော်ပြောသလို Factionalism ဂိုဏ်းကနအဖွဲ့အစည်းတွေက သိပ်များတယ်။ အဲဒါကို မထိန်းနိုင်ဘူး။ ဒီအထဲမှာလဲ စစ်တပ်နဲ့လည်း သွားပြီးတော့ - အရင်တုန်းကလည်း ဆိုရှယ်လစ်ပါတီ ရှိတယ်။ အဲဒီပါတီက စစ်တပ်ထဲမှာလည်း ဆိုရှယ်လစ်ပါတီဝင်တွေက အများကြီးရှိတယ်။ အဲဒီလူတွေနဲ့ တည်မြဲ ဖဆပလအဖွဲ့နဲ့ ဆက်ထားတာရှိတယ်။ အဲဒီမှာ ဝေဖန်တဲ့ သတင်းစာတိုက်တွေကို ဝင်ရောက်ပြီး ရိုက်ချိုးမယ်၊ ခွဲမယ် ဖြစ်ကြတယ်။ ဒါမျိုးတွေက လုပ်လေ့လုပ်ထ ရှိခဲ့တယ်။ လူမိုက်မွေးပြီးတော့ လုပ်တဲ့ကိစ္စပေါ့။ ပါတီရန်ပုံငွေအတွက် ပါတီက ဓမြတိုက်ခိုင်းတာတို့ ဘာတို့ အဲဒီသတင်းတွေတောင် ရှိပါတယ်။

မေး ။ ။ အဲဒီတော့ လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အခုလက်ရှိ ဒီမိုကရေစီ တနည်းပြောရရင် ဖဆပလ ဒီမိုကရေစီ အတူတူပဲလား။ သို့တည်းမဟုတ် အခုခေတ်မှာ ပိုတိုးတက်လာသလား။ ပိုပြီးဆုတ်ယုတ်သွားတယ်လား - အဲဒါကို ဆရာ ဘယ်လိုပြောမလဲ။

ဖြေ ။ ။ ဒီဥစ္စာတော့ ပြောရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရခါစမှာ ဒီမိုကရေစီ ရှိတယ်ဆိုတာ စစ်တပ်က အရပ်သားရဲ့ လက်အောက်ခံ။ ဒီမိုကရေစီ အပြောင်းအလဲမှာ လက်နက်ကိုင်အဖွဲ့အစည်းကို ကြည့်တာ။ အဲဒီတုန်းကတော့ စစ်တပ်က အစိုးရလက်အောက်မှာ ရှိတယ်လို့ ပြောနိုင်တယ်။ အရပ်သားလက်အောက်ခံ။ အခုကတော့ အရပ်သားလက်အောက်ခံ မဟုတ်တော့ဘူး။ မဟုတ်တဲ့အတွက် ဒီမိုကရေစီအဆင့်မှာတော့ လွတ်လပ်ရေးရခါစက ပိုသာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ခေါင်းဆောင်မဟုတ်ဘူး။ အစိုးရရဲ့ နောက်လိုက်ပဲ ဖြစ်ရမယ်။ စစ်တပ်က ခေါင်းဆောင်ဖြစ်နေရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။ ဗမာပြည်မှာတော့ စစ်တပ်က ခေါင်းဆောင်တပိုင်း ဖြစ်နေတယ်။ ဖြစ်ရမှာက စစ်တပ်ကို လွှတ်တော်နဲ့ အုပ်ချုပ်ရေးအောက်မှာ ထားဖို့လိုတယ်။ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအောက်မှာ စစ်တပ်ကို ဘယ်လိုထားမလဲ။ ဘယ်လိုကြီးကြပ်မလဲဆိုတာ အဲဒါကို စဉ်းစားရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ စစ်တပ်က လွှတ်တော်အောက်ကို မရောက်ဘူး။ အရပ်သားအောက်ကို မရောက်ဘဲနဲ့ တသီးတခြား ဖြစ်နေမယ်ဆိုရင်တော့ ဒါက ဒီမိုကရေစီလမ်းကြောင်းကို ဘယ်တော့မှ မရောက်တော့ဘူး။

မေး ။ ။ နောက်ဆုံးတခုက ဆရာပြောခဲ့တဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်မှု ဟိုတုန်းကလည်း ရှိတယ်။ အခုလည်း ရှိတယ်ဆိုတော့ အဲဒီကိစ္စ မှေးမှိန်းသွားအောင်လို့ ဘယ်လိုလုပ်ရင် ရမယ်လို့ ဆရာ ထင်ပါသလဲ။ တနေ့မှာ မြန်မာ့လူ့အဖွဲ့အစည်းမှာ အဲဒါ ပပျောက်သွားနိုင်တယ်။ နိုင်ငံရေးစစ်စစ် ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ လောလောဆယ်တော့ ကျနော်လည်း မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ဒေါ်စုပဲ ဝိုင်းပြီးတော့ ရှိခိုးနေကြတယ်။ သမ္မတဟောင်း၊ သမ္မတသစ်တွေက အချိန်တန်ရင် ဒေါ်စုကို ရှိခိုးနေကြတယ်။ အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းကို ရှိခိုးတယ်။ အဓိက ကိုးကွယ်မှု၊ ပါတီနိုင်ငံရေး ပီပီပြင်ပြင် ဖြစ်မလာဘူး။ အန်အလ်ဒီကလည်း ပါတီ ပီပီပြင်ပြင် ဖြစ်မလာဘူး။ ဥပမာ တခြားမပြောနဲ့ ဗိယက်နမ်ကိုကြည့်၊ တရုတ်ကိုကြည့် သူတို့ဟာ ပါတီရဲ့ Platform ရှိတယ်။ ပါတီ Mechanism သူတို့ဟာ အစိုးရတွေ ပြောင်းသွားတယ်။ စီးပွားရေးပေါ်လစီတွေ ပြောင်းသွားတယ်။ ပြောင်းသွားပေမယ့် ပါတီယန္တရားကြီးက လိုက်လုပ်နိုင်တယ်။ လာဘ်စားတာတွေ ဘေးချိတ် လိုက်လုပ်နိုင်တယ်။ မြန်မာပြည်မှာ အဲဒါ မရှိဘူး။ ဆိုတော့ အစိုးရလမ်းစဉ်နဲ့ စီးပွားရေးလမ်းစဉ်တွေ ပြောင်းသွားတယ်။ ကွန်မြူနစ်ကနေ အရင်းရှုင် ပြောင်းသွားပေမယ့် ပါတီ mechanism က ကျန်နေတယ်။ အဲဒါကနေ ဆက်ပြီးတော့ လုပ်သွားတယ်။ ဗမာပြည်မှာ အဲဒီလို လုပ်မယ့်လူ မရှိဘူး။ စစ်တပ်က အကုန်ဖျက်ဆီးထားခဲ့တယ်။ အခု ပြန်ပြီးတော့ တည်ထောင်နိုင်မယ်ဆိုရင် ဖြစ်နိုင်သေးတယ်။ အားကြီးတဲ့ ပါတီကနေ စုဆောင်းပြီးတော့ အရပ်သားအဖွဲ့အစည်းတွေ အားကောင်းလာအောင်၊ လုပ်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အဲဒါမဟုတ်ရင်တော့ စည်းနဲ့ကမ်းနဲ့ လုပ်နိုင်တာ စစ်တပ်ပဲ ရှိတယ်။ အချိန်တန်ရင် စစ်တပ်က လာအုပ်သွားအုံးမှာ။