အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းဖို့လိုအပ်

Your browser doesn’t support HTML5

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းဖို့လိုအပ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ နဲ့ စစ်တပ်ဆက်ဆံရေးဟာ တိုင်းပြည် ငြိမ်းချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်နေပါတယ်။ လက်ရှိအခြေအနေမှာ လိုအပ်သလောက် ညီညွတ်နေကြပါရဲ့လား၊ ဘယ်လိုနေရာမျိုးမှာ ကွဲလွဲမှုရှိနေပါသလဲ။ မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဦးဝင်းးမင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ သိပ်အရေးကြီးတဲ့ NLD နဲ့ စစ်တပ်နဲ့ တနည်းအားဖြင့်တော့ ပြောရမယ်ဆိုရင် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး အခြေအနေ ဘယ်လောက်တိုးတက်ကောင်းမွန်လာသလဲ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး တိုးတက်မှု အခြေအနေကို သုံးသပ်စေချင်တာ ဖြစ်ပါတယ်။ အကြမ်းမျဉ်းပြောမယ်ဆိုရင် NLD အစိုးရ ရွေးကောက်ပွဲနိုင်ပြီး တက်လာခဲ့ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကို အာဏာတွေ ပိုပေးထားတယ်။ ဒီဟာ အလုပ်ဖြစ်မယ် ထင်ပြီးတော့ သူတို့က လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်လာတဲ့အခါမှာ သိပ်အလုပ်မဖြစ်ဘူးဆိုပြီးတော့ NLD ဘက်က ပုဂ္ဂိုလ်တွေက ကျနော့်ကို ပြောဖူးပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ စစ်တပ်နဲ့ အရပ်ဘက် ဆက်ဆံရေးအခြေအနေ တိုးတက်မှု ရှိတယ်လို့ ပြောမလား။ အရင်အတိုင်းပဲ ပြောမလား။ ဆုတ်ယုတ်သွားတယ်လို့ ပြောမလား။

ဦးဝင်းမင်း ။ ။ အခု ဒီအရပ်သားအစိုးရ တက်လာတဲ့အခါကြတော့ တပ်မတော်အနေနဲ့ ဒီလို ဆက်ဆံမှုမျိုး တခါမှ မလုပ်ခဲ့ဖူးဘူး။ အဲဒီအခါကြတော့ ဆက်ဆံရေးမှာ နှစ်ဘက်စလုံးကတော့ သံသယတွေ ရှိတဲ့နေရာကနေ စခဲ့တယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ ကောင်းလာမယ့် အလားအလာတချို့ကို တွေ့ခဲ့ရတယ်။ အထူးသဖြင့် အရပ်ဘက်က ထိပ်ဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားထဲမှာ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ကောင်းလာမယ့် အလားအလာတွ စစချင်းမှာ တွေ့ရတယ်။ ဥပမာ အာဇာနည်နေ့လိုဟာမျိုး။ ကာချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားလည်ခဲ့တဲ့ပုံစံမျိုး။

ဒါပေမဲ့ နောက်ပိုင်းမှာ တကယ် အလုပ်လုပ်လာတဲ့အခါကြတော့ ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ နီးစပ်မယ့်အစား၊ ပိုပြီးတော့ ကင်းကွာလာတဲ့ သဘောမျိုးလေးတွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ အဲဒီလို ကင်းကွာလာတဲ့သဘောကို တွေ့ရသလဲ။ အကြောင်းရင်းကို နည်းနည်းစမ်းစစ်ပါအုံး။

ဦးဝင်းမင်း ။ ။ အဓိကတော့ အဲဒီကြားထဲမှာ ရှိလာခဲ့တဲ့ အမြင်မတူမှုလေးတွေ၊ အဖုအထစ်လေးတွေလို့ ပြောရမယ်။ အခုနက ရှိထားတဲ့ သံသယတွေက မပျောက်ဘဲနဲ့ ပြန်ပြီးတော့ Honeymoon Period ကျော်တယ်လို့ ပြောရမလားမသိဘူး ဆရာရယ်။ ဥပမာဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်အနေနဲ့ အမြဲတမ်း စိုးရိမ်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တချို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လွယ်လွယ်ကူကူနဲ့ တပ်က ထင်သလို လွယ်လွယ်မပေးခဲ့တဲ့ အနေအထားမျိုးတွေ တပ်က တစုံတရာ ယုံကြည်မှု စရခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း အခုနက အပိုင်း အသေးစိတ်တွေ ဆွေးနွေးလာတဲ့အခါမျိုး။ ဥပမာ နောက်ဆုံးဖြစ်တဲ့ အနေအထားဆိုရင် ရှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲ။ အစိုးရအနေနဲ့ တစုံတရာ လှိုက်လှိုက်လှဲလှဲ လုပ်ချင်တယ်။ တပ်မတော်ဘက်ကတော့ စိုးရိမ်မှုတွေ အရမ်းကြီးတယ်။ ဒီနိုင်ငံရေးအရ ဒီရှမ်းအမျိုးသားရေး တက်လာလို့ရှိရင် ခွဲထွက်ရေးဘက်ကို ရောက်သွားမလား။ အဲဒီလိုမျိုး ဖြစ်ပြီးတော့ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မပေးတဲ့ အနေအထားမျိုး။ အဲဒီလိုမျိုး သံသယစိတ်တွေက ပြန်ဝင်လာတဲ့အခါမှာ ဆက်ဆံရေးက တစုံတရာ ပြန်ပြီးတော့ နောက်ဆုတ်သွားတဲ့ သဘောမျိုး တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တပ်မတော်ဘက်က သံသယဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာသာမက တကယ်တမ်းကြတော့ ဒီသံသယဟာ တိုင်းရင်းသားတွေအပေါ် ဖြစ်တဲ့ သံသယပေါ့။ တိုင်းရင်းသားတွေက ခွဲထွက်လေအုံးမယ်ဆိုတဲ့ စိုးရိမ်စကား အစဉ်အမြဲ ရှိနေသေးတယ့် သဘောပေါ့။

ဦးဝင်းမင်း ။ ။ ဟုတ်ပါတယ်။ တိုင်းရင်းသားတွေအပေါ် ပတ်သက်တဲ့ ဒီမိုကရေစီစနစ် ဘယ်လောက်အထိ သူတို့ ယူထားတဲ့ လုံခြုံရေးအတွက်၊ ဘာ အာမခံချက် ပေးနိုင်မလဲ။ အဲဒါကို သူတို့ အမြဲတမ်း ကြည့်ပါတယ်။ နှစ်ခုစလုံး တွဲကြည့်တယ်လို့ ပြောရမှာပေါ့။ တိုင်းရင်းသားအရေး ခွဲထွက်တာ တခုတည်း မဟုတ်ဘူး။ ဥပမာ - ဒီမိုကရေစီအကြောင်း စဉ်းစားလိုက်တဲ့အခါမှာ တပ်မတော်အနေနနဲ့ ဟိုးအရင် ဦးနုလက်ထက်က ပါလီမန်ဒီမိုကရေစီကို ပြန်သတိရပါတယ်။ အဲဒီတုန်းက ဦးနုပါတီ နှစ်ခြမ်းကွဲခဲ့တယ်။ တပ်ကိုလည်း အပြိုင်အဆိုင် စည်းရုံးခဲ့ကြတယ်။ ရွေးကောက်ပွဲတွေလည်း ကျင်းပခဲ့ကြတယ်။ အဲဒါတွေအားလုံး သိပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုနဲ့ တွဲလာတဲ့အခါမှာ ၁၉၅၈-၆၂ ကာလမှာ ရှမ်း၊ ကချင်တို့ စပြီးတော့ ပြန်တိုက်လာတဲ့အခါမှာ သူတို့အထင်က ပါတီအကွဲကြောင့် တိုင်းရင်းသားတွေရဲ့ ခွဲထွက်ခွင့်ကိုပါ အခြေအနေကောင်းတခု ဖန်တီးပေးတယ်။ အဲဒီအခါမှာ တပ်မတော်လည်း ကွဲပြီးတော့ တိုင်းပြည်လည်း ကွဲမယ်ဆိုတဲ့ အဲဒီ စိုးရိမ်ချက်ကြီးက ရှိနေတယ်။ အဲဒီအခါကြတော့ ဒီမိုကရေစီစနစ်မှာ ပါတီတွေရဲ့ တည်ငြိမ်မှုနဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်ရေးရာ၊ နိုင်ငံရေးအရ ဖြေရှင်းဖို့ ဘယ်လောက် အားကောင်းမလဲပေါ့။ အဲဒါကို သူတို့က သံသယ ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့က သမိုင်းကို အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုက အရင်တုန်းက ပုံစံအတိုင်း သူတို့ကို ဟိုတုန်းက ဗိုလ်ချုပ်ကြီးနေဝင်း တက်လာပြီးတဲ့နောက်မှာ အဓိပ္ပါယ် ဖွင့်ဆိုချက်အတိုင်း အဲဒီအတိုင်းပဲ မြင်နေတာပေါ့။ သမိုင်းကို အဓိပ္ပါယ် ပြန်ဖွင့်တဲ့နေရာမှာ။ တကယ်တမ်းကြတော့ ဒီမိုကရေစီဆိုရင်တော့ ဒီမိုကရေစီဆိုတာ ကွဲတာပြဲတာတွေတော့ ရှိနေမှာပဲ။ နိုင်ငံတိုင်းမှာလည်း ဖြစ်ကြတာပဲ။ ဒါပေမဲ့ သူ့ဟာသူ ပြေလည်မှု ရသွားတယ်။ တိုင်းရင်းသားတွေလည်း ဖယ်ဒရယ်မူကို တင်ခဲ့ကြတယ် အဲဒီတုန်းက ဆိုကြပါစို့။ အဲဒီမှာလည်း ခွဲထွက်မယ်ဆိုတာ မပါပါဘူးဆိုတာ အဲဒီမှာပါခဲ့တဲ့ လူတွေကလည်း အကြိမ်ကြိမ်က ငါတို့ ခွဲထွက်ခွင့်လုပ်တာ မဟုတ်ဘူး။ အခု History ပြန်စမ်းစစ်ရင်လဲ ခွဲထွက်ဖို့ ကြိုးပမ်းမှုဆိုတာ မဟုတ်ပါဘူး။ ရမယ်ရှာပြီးတော့ စစ်တပ်က တက်ချင်လို့ တမင်တကာ လုပ်ခဲ့တယ်လို့ဆိုတဲ့ သဘောကို များများတွေ့လာရပါတယ်။ တပ်မတော်ကပဲ ဟိုတုန်းက အဓိပ္ပါယ် ဖွင့်ဆိုခဲ့တဲ့ ဘောင်အတွင်းမှာပဲ မြင်နေကြတယ်ပေါ့ မြန်မာနိုင်ငံသမိုင်းမှာ။

ဦးဝင်းမင်း ။ ။ ကျနော့်အမြင်ကတော့ အရင်ထက်စာလို့ရှိရင်တော့ ယုံကြည်မှု ဖယ်ဒရယ်စနစ် - တိုင်းရင်းသားတွေ မခွဲထွက်ဘူးဆိုတာကို နည်းနည်းလေးတော့ ရလာတယ်။ ဒါပေမဲ့ အပြည့်အဝတော့ မရသေးဘူးလို့ ပြောရမယ်။ အထူးသဖြင့် အရင်အစိုးရ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက ဖယ်ဒရယ်စနစ်ကို လက်ခံလိုက်တဲ့အပေါ်မှာ တပ်ဘက်ကလည်း လေ့လာပြီးတော့ ဖယ်ဒရယ်စနစ်ကို လက်ခံပြီးတော့ တိုင်းရင်းသား အခွင့်အရေး တစုံတရာ ပေးရမယ်ဆိုတာ နားလည်လာတဲ့ အနေအထားတော့ ရှိတယ်။ လုံးဝကြီးအပြည့်ကြီး ဖယ်ဒရယ်စနစ်က တိုင်းပြည်ကွဲမယ်လို့တော့ သူတို့ မယုံဘူး။ အရင်လို မဟုတ်တော့ဘူး။ ဒါပေမဲ့ လက်တွေ့ဖြစ်ရပ်တွေက တခါတလေမှာ စိုးရိမ်တာတွေ ရှိတယ်။ အဲဒီအခါမှာ အာမခံချက်တွေ အရမ်းတောင်းတယ်။ ဥပမာဆိုလို့ရှိရင် ပြီးခဲ့တဲ့ ပင်လုံမှာ အဓိကဖြစ်ခဲ့တဲ့ ပြဿနာက တိုင်းရင်းသားတွေဘက်ကနေ မခွဲထွက်ပါဘူးဆိုတဲ့ ကတိကို မပေးတဲ့အခါမှာ ဒါက ခွဲထွက်မှာဆိုပြီးတော့ အကြီးအကျယ်သံသယ ပြန်ဖြစ်ပါတယ်။ အရေးကြီးတာက ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ တရားဝင်၊ တရားမဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ထပ်ပိုင်းကြားမှာ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြေလည်မှုရပြီးတော့ တိုင်းရင်းသားတွေနဲ့ နီးနီးစပ်စပ် တပ်မတော်နဲ့ အစိုးရနဲ့ ဆွေးနွေးပွဲတွေ လုပ်မှာပဲ ဒါတွေက ပြေပျောက်သွားမယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေက ခွဲထွက်ဖို့ဆိုတာကိုလည်း မပြောဘူး။ မခွဲထွက်ပါဘူးဆိုတဲ့ အာမခံချက် ထိုးရမှာကိုလည်း ငြင်းတယ်လို့ထင်တယ်။ ဟုတ်ပါလား။

ဦးဝင်းမင်း ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒီ အာမခံချက်ကို ထိုးဖို့မလိုတော့ဘူး။ တိုင်းရင်းသားတွေ စဉ်းစားတာက ဒါက အရင်ပါလာပြီသာဖြစ်တယ်။ ဒါကြောင့် ထပ်မထိုးတော့ဘူးပေါ့။ ဒါပေမဲ့ တပ်မတော်ဘက်က စိုးရိမ်စိတ်က အကြီးဆုံးပဲ။ အဲဒါ ပြေလည်သွားလို့ရှိရင်တော့ ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဆက်ပြီးပေးသွားပေါ့။ ဥပမာဆိုရင် ပြည်နယ်လိုက် ဖွဲ့စည်းပုံတွေရေးတာကို တပ်မတော်က သဘောတူခဲ့တာလေ။ သူတို့ကိုယ်သူတို့ ပြန်ပြီးတော့ အာမခံချက် မထိုးပေးလို့ရှိရင် ဒါကိုလဲ သူတို့ မပေးနိုင်ဘူးဆိုပြီး ပြန်ဆုတ်သွားတဲ့သဘော ရှိတယ်။

တဘက်ကလဲ တပ်ဘက်က တောင်းဆိုတာ များတယ်လို့ တိုင်းရင်းသားတွေ ခံစားရမှာပါ။ အဲဒီလိုမျိုး မရတဲ့အခါမှာ စိုးရိမ်စိတ်က ပြန်ကြီးသွားပြန်တယ်။

ဦးကျော်ဇံသာ ။ ။ ဒီလက်မှတ်ထိုးမယ့် ကိစ္စနဲ့ ပတ်သက်လို့ သဘောထားကွဲတယ် ဆိုရင်တော့ ဒါက ကျနော့်အမြင်ပေါ့ - တကယ်တမ်းကြတော့ နှစ်ဘက်စလုံးက ပြေလည်ချင်တယ်ဆိုရင်တော့ ဘာမှ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး - လက်မှတ်ထိုးတာ၊ မထိုးတာ။ တိုင်းရင်းသားတွေဘက်ကလည်း ဒါကို ကြီးကြီးကျယ်ကျယ် လုပ်ပြီးတော့ Issue တခုလုပ်ပြီးတော့ ငြင်းနေစရာ မလိုသလို၊ ဒီဘက်ကလည်း လက်မှတ် မထိုးရကောင်းလာဆိုပြီးတော့ ပြောနေစရာတောင် မလိုတဲ့ကိစ္စ။ ကျနော်ကတော့ နှစ်ဘက်စလုံးကိုပဲ ဒီကိစ္စမှာတော့ အကဲဆတ်လွန်တယ်လို့ ထင်တယ်။

ဦးဝင်းမင်း ။ ။ မှန်ပါတယ်။ သံသယတွေက နှစ်ဘက်စလုံးမှာ အရမ်းကြီးခဲ့ကြတယ်။ အရင်တိုက်ခဲ့ရတဲ့ ဘဝကနေ ရန်သူအနေနဲ့ ဆက်ဆံခဲ့ရာကနေ အခုက ပြန်ပြီးတော့ ညှိနှိုင်းတဲ့အခါမှာ ဒီလို သံသယတွေကတော့ နှစ်ဘက်စလုံးမှာ ရှိနေမှာပါ။ ရခိုင်အရေး ဖြစ်လာတဲ့အချိန်မှာတော့ ပိုဆိုးသွားတယ်။ အရင်ထက် လေးငါးဆလောက် ပိုဆိုးသွားတယ်။ အထူးသဖြင့် အရပ်ဘက် ခေါင်းဆောင်တွေ နဲ့ တပ်ဘက်ခေါင်းဆောင်တွေကြားမှာ။ သံသယတွေပါ ကြီးလာတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရခိုင်အရေးဟာ အခု NLD ကလည်း ကြေညာပြီးသာ အချုပ်အခြာအာဏာကို စိန်ခေါ်တဲ့ကိစ္စ ဖြစ်တယ် ဘာညာဆိုပြီးတော့ တလောကပဲ မိန့်ခွန်းပြောကြားရာမှာ မြင်လိုက်ပါတယ်။ ဆိုတော့ ဒီလောက်အရေးကြီးတဲ့ကိစ္စမှာ သဘောမတူနိုင်ကြဘူးဆိုရင် ဒါက တိုင်းပြည်အတွက် သိပ်အန္တရာယ်ကြီးတဲ့ အခြေအနေပေါ့။ သူတို့ အဲဒါကို နှစ်ဘက်စလုံး စဉ်းစားမကြဘူးလား။

ဦးဝင်းမင်း ။ ။ ဆွေးနွေးပွဲတွေတော့ လုပ်တာလည်း ရှိတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေမှာ တကယ့်ကို နှစ်ဘက်နားလည်မှု ရနေတဲ့ အနေအထားတခုအထိတော့ မရသေးဘဲနဲ့ သူ့ရဲ့ ကာကွယ်ရေးအပိုင်း၊ လုံခြုံရေးအပိုင်း သူလုပ်၊ ကိုယ့်ရဲ့နိုင်ငံရေးအပိုင်း ကိုယ်လုပ် - အဲဒီလိုမျိုး ခွဲပြီးတော့ မြင်နေတဲ့ အနေအထားမျိုး ရှိတဲ့အခါမှာ ကာကွယ်ရေးက လုပ်တဲ့အခါမှာ အချို့ ပြင်းပြင်းထန်ထန်၊ လွန်လွန်ကျွံကျွံ ဖြစ်သွားလို့ရှိရင်လည်း အစိုးရဘက်က သံသယရှိတာမျိုး - တမင်သက်သက် ပြဿနာဖြစ်အောင် လုပ်သလား။ တပ်မတော်ဘက်ကလည်း စိုးရိမ်တာက တမင်သက်သက် တပ်မတော်သိက္ခာကျအောင် အစိုးရဘက်က အခုလို နိုင်ငံတကာဖိအားတွေကို မကာပေးဘူးလား အစရှိသဖြင့် ဒီလို သံသယတွေက ကြီးလာတာ။ ဒီနေရာမှာတော့ ကျနော့်အမြင်က အစိုးရအနေနဲ့လဲ အတတ်နိုင်ဆုံး နိုင်ငံတကာရဲ့ ဖိအားတွေကို ကျော်လွန်နိုင်အောင် ကာပေးတာတွေ အများကြီး တွေ့ရပါတယ်။

အလားတူပဲ တပ်မတော်အနေနဲ့လည်း ထိန်းသိမ်းနိုင်တဲ့အပိုင်းတွေ သူတို့ လုပ်နိုင်သလို၊ တခါတလေ အောက်ခြေမှာ ပြင်းပြင်းထန်ထန် ဖြစ်တာတွေကို အပေါ်ကလည်း သိနိုင်ချင်မှာ သိနိုင်မှာ။ ဒါပေမဲ့ ဒီနေရာမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးတော့ အလွန်အကျွံဖြစ်သွားတာတွေ ရှိရင်လည်း အရေးယူဖို့ နှစ်ဘက်ညှိနှိုင်းပြီးတော့ နားလည်မှုယူပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ အခုန သံသယတွေကို ကျော်လွန်သွားနိုင်ပါတယ်။ ဒါပေမဲ့ တွေ့တာနည်းတယ်။ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက် တွေ့တာ အရမ်းနည်းတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ရင်တော့ ..

ဦးကျော်ဇံသာ ။ ။ တခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စက်တင်ဘာမှာ မိန့်ခွန်းပြောတုန်းက ဒုက္ခသည်တွေ ဟိုဘက်ကို ထွက်ပြေးနေကြတယ်ဆိုတာဟာ စစ်တပ်ဘက်က တပ်မတော်ဘက်က ဘာမှ တိုက်တာခိုက်တာလည်း မရှိဘဲနဲ့ ဘာကြောင့် ထွက်ပြေးနေကြသလဲ ဘာညာပြောတဲ့နေရာမှာ ဒီကိစ္စမှာ သူက စစ်တပ်ရဲ့ ထိုးစစ်၊ လုပ်ရပ်ကို ကာကွယ်တဲ့သဘော အမှန်တိုင်းပြောတာ အဲဒီကိစ္စကတော့။

ဦးဝင်းမင်း ။ ။ အဲဒီအပိုင်းကတော့ ဟုတ်ပါတယ်။ ကျနော် အခုနပြောသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှာ အတတ်နိုင်ဆုံး ကာဖို့ ကြိုးစားခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်က လိုချင်တာက အဲဒီထက်ပိုတဲ့ အနေအထားမျိုးလို့ သုံးသပ်မိတယ်။ ဥပမာ ဥရောပ သမဂ္ဂဘက်ကနေ Ethnic Cleansing လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ စွပ်စွဲတဲ့အချိန်မှာ အစိုးရဘက်က ဒါကို ချက်ချင်းတုံ့ပြန်ပြီးတော့ ဆန့်ကျင်တဲ့ ကြေညာချက်မျိုး ထုတ်ပြန်စေချင်တဲ့ အနေအထားမျိုးတွေ ရှိစေချင်ပေမယ့်လဲ အစိုးရအနေနဲ့ထုတ်ဖို့ အခြေအနေမပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုမျိုးတွေ သံသယ ဖြစ်စေတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းပြောတဲ့ နှစ်ယောက်တွေ့တဲ့ကိစ္စက ဒီနေရာမှာ အရေးကြီးတယ်။ သူတို့နှစ်ယောက် တွေ့ခဲ့ရင် တမျိုးတမည် ညှိနှိုင်းပြီးတော့ ကြေညာချက်တစုံတရာ ထုတ်နိုင်ခဲ့ရင်

ဦးဝင်းမင်း ။ ။ လူချင်းတွေ့ရင်တော့ သံသယတွေ အများကြီးလျော့စေတာပေါ့။