Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမှီအခိုကင်းသော တာဝန်သိသော ပုဂ္ဂလိကမီဒီယာ ထွန်းကားရေး အလားအလာ ဘယ်လိုရှိပါသလဲ၊ ဘယ်လိုအတားအဆီးတွေရှိနေသလဲ။ အိမ်နီးချင်းနိုင်ငံတချို့က အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်အဆင့်မှာရှိနိုင်ပါသလဲ။ George Washington တက္ကသိုလ် မီဒီယာရေးရာဌာန ပါမောက္ခ Janet Steele နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မီဒီယာတွေ နိုင်ငံရေး ဘက်လိုက်မှု ရှိနေတယ်ဆိုရင် အဲဒါကို လက်ခံနိုင်ပါသလား။
Prof. Janet ။ ။ လက်မခံနိုင်ပါဘူး။ နိုင်ငံရေးဘက်လိုက်မှုဆိုတာ မရှိသင့်ပါဘူး။ ဘက်လိုက်မှုဆိုတဲ့နေရာမှာ တခြားဘက်လိုက်မှု ပုံစံတွေလည်း အမျိုးမျိုး ရှိပါသေးတယ်။ နိုင်ငံရေးဘက်လိုက်မှုသာ မကပါဘူး၊ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှု၊ မီဒီယာကို ဘယ်သူကပိုင်တယ်၊ ဘယ်သူက ချုပ်ကိုင်နေတယ်ဆိုတာသိဖို့ လိုအပ်ပါတယ်။ ဒီဟာကို ထုတ်ဝေတဲ့နောက်ကွယ်မှာ စီးပွားရေး အကျိုးအမြတ် တစုံတရာ ရှိနေသလား။ ဒါကြောင့် ဟိုပါတီကို ပစ်ပယ်ပြီးတော့၊ ဒီပါတီကို ထောက်ခံနေသလား။ ဒီမိုကရေစီ ထွန်းသစ်စနိုင်ငံတွေမှာ စိန်ခေါ်မှုတရပ်ကတော့ သတင်းတရပ်ရဲ့ အရင်းအမြစ်ကို ပရိသတ်က စမ်းစစ်သိရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ နိုင်ငံရေးဘက်လိုက်မှု၊ စီးပွားရေးပယောဂတွေကြောင့် ပေါ်ထွက်လာတာလားဆိုတာ သိရှိနိုင်ဖို့က အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ တခုက မီဒီယာအနေနဲ့ လူထုကို သတင်းအချက်အလက် မှန်မှန်ကန်ကန် ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ ဒီ မီဒီယာတွေ ဘယ်လောက်လွတ်လပ်မှု ရှိသလဲဆိုတာလဲ အရေးကြီးမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ မီဒီယာလွတ်လပ်ခွင့်က ဘယ်လောက်အထိ အရေးကြီးသလဲ။ မီဒီယာလွတ်လပ်ခွင့်ရဲ့ အတိုင်းအတာဟာ ဘယ်လောက်အထိ ရှိသင့်သလဲဆိုတာကို ပြောပါအုံး။
Prof. Janet ။ ။ ဒါဟာ သိပ်ကောင်းတဲ့မေးခွန်းဖြစ်သလို၊ အင်မတန်ရှုပ်ထွေးတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဒီကိစ္စမှာ မျက်နှာစာအများကြီး ရှိပါတယ်။ အကောင်းဆုံးဖြစ်သင့်တာကတော့ မီဒီယာအပေါ်မှာ ထိန်းချုပ်ထားတဲ့ ဥပဒေတွေ ပြဌာန်းချက် လုံးဝမရှိတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်လိုင်စင် လျှောက်ထားရမယ်ဆိုတဲ့ကိစ္စ။ ပိုင်ဆိုင်ခွင့် တောင်းခံရတာတို့၊ နိုင်ငံတော်လျို့ဝှက်ချက် ဆိုတာတို့၊ ခိုင်လုံစိတ်ချရတဲ့ သတင်းအချက်အလက်ကို မီဒီယာတွေ ရယူခွင့် မရှိတာတို့။ တကယ်တော့ ဒီလိုသတင်းအချက်အလက်တွေကို အစိုးရကိုယ်တိုင်က ထုတ်ဖော်ပြောပြရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ အစိုးရပိုင်းကမပြောတဲ့အတွက် မီဒီယာတွေက ဖြစ်ရပ်မှန်ကို မသိရှိနိုင်တာတွေ မကြာခဏ ဖြစ်တယ်လို့ သိရပါတယ်။ ခြုံပြောရရင်တော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာ တရားဥပဒေနဲ့ ထိန်းချုပ်မှုထက် အများကြီး ပိုမိုရှုပ်ထွေးပါတယ်။ ဖုံးကွယ်မထားဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုအပ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီးတော့ ကြည့်ပေးပါ။ ဘယ်လိုတွေ့ရပါသလဲ။ မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် အဆင့်အတန်းဟာ။
Prof. Janet ။ ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တွေ့မြင်ရတာ ကျမတော့ သိပ်အံ့သြသင့်ရပါတယ်။ သိပ်ပြီးတော့ မြန်ဆန်တယ်။ ၂၀၁၀ တုန်းက ကျမ မြန်မာပြည်ကို ရောက်ပါသေးတယ်။ အဲဒီတုန်းက မီဒီယာတွေဟာ တစုံတရာ ရေးမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်တွေယူဖို့ လိုအပ်ပါတယ်။ ၂၀၁၂ မှာ ကျမထပ်သွားတော့ စာပေစီစစ်ရေးကို ဖျက်သိမ်းလိုက်ပါပြီ။ မထုတ်ဝေခင် ကြိုတင်ခွင့်ပြုချက် ဘာမှယူဖို့ မလိုအပ်တော့ပါဘူး။ ကိုယ်ထုတ်ဝေတာကိုတော့ ကိုယ်တာဝန်ယူရတယ်။ ဒါဟာ သိပ်ကိုကြီးမားတဲ့ အပြောင်းအလဲပါ။ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ရတာတော့ ရှိပါတယ်။ မီဒီယာဥပဒေသစ်၊ အသံလွှင့်ဥပဒေသစ်တွေ ရှိတာတော့ သိပါတယ်။ ဒီလိုစိန်ခေါ်မှုတွေတော့ ရှိနေဆဲပါ။ ကျမရဲ့ ကျွမ်းကျင်မှုနယ်ပယ်က တကယ်တော့ အင်ဒိုနီးရှား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်လာတာတွေက အင်ဒိုနီးရှားနဲ့ သိပ်တူနေတာကိုလည်း စိတ်ဝင်စားဖွယ် တွေ့နေရပါတယ်။ မလေးရှား၊ ကမ္ဘောဒီးယားတို့မှာ အလားတူဖြစ်ထွန်းမှုတွေ ရှိပါတယ်။ အရှေ့တောင်အာရှရဲ့ အသွင်တခုလို့ ဆိုနိုင်မယ်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင်တော့ အဲဒီနိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ အခြေအနေက နောက်ကျကျန်ရစ်နေသေးတယ်လို့များ ဆိုနိုင်ပါသလား။
Prof. Janet ။ ။ အခြားနိုင်ငံတွေနည်းတူ ရွေ့လျားနေတယ်လို့ပဲ ထင်ပါတယ်။ အဲဒီအုပ်စုနဲ့ ရောပါနေပါတယ်။ ကျမတို့ ကြိုတွက်နိုင်တာတွေ ရှိပါတယ်။ ကျမအနေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ စိတ်ပျက်စရာတွေ ကြုံရတာ၊ ပွင့်လင်းမှု ရှိလာပြီ၊ လွတ်လပ်တဲ့အသံတွေ ကြားရပြီလို့ ဝမ်းသာရပေမယ့် ပြဿနာက မီဒီယာပွင့်လင်းလွတ်လပ်လာသလို၊ စီးပွားရေးလည်း ပွင့်လင်းလာပါတယ်။ ဒီမှာ စီးပွားရေးပွင့်လင်းဒဏ်ကို ခံကြရတယ်။ လူတွေက အရည်အသွေးကောင်းကောင်း လိုချင်ကြတယ်။ အရည်အသွေးကောင်းကောင်းလုပ်ဖို့ စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်ရမယ်။ အဲဒါဟာ အခက်အခဲကြီးတရပ်ပါပဲ။ အင်ဒိုနီးရှားမှာ ဒီအတိုင်းပါပဲ။ မြန်မာပြည်မှာဆို ကျမတွေ့ရသလောက် မီဒီယာတချို့ဟာ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတချို့တွေက ပိုင်ဆိုင်ထားကြတယ်။ ဆိုတော့ သူတို့က သတင်းပိုရယူနိုင်တယ်။ အရင်းအနှီးပိုတောင့်တယ်။ ဒါဟာ ပြဿနာပဲလို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာမီဒီယာလောကဟာ ဒီလိုအရှုပ်အထွေးတွေနဲ့ကို ဆက်ပြီးတော့ ရွေ့လျားနေတာကို တွေ့နေရတာ ကောင်းတဲ့အချက်ပါပဲ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ပုဂ္ဂလိကမီဒီယာတွေ တကယ့်လွတ်လပ်တဲ့ မီဒီယာတွေဟာ ငွေကြေးအင်အားသိပ်မစိုက်ထုတ်နိုင်ကြဘူး။ အဲဒီအတွက် မြန်မာနိုင်ငံမှာ ခရိုနီမီဒီယာတွေကပဲ လွှမ်းမိုးနေတယ်။ အစိုးရမီဒီယာကို ပုဂ္ဂလိကမီဒီယာတွေက မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ ဆိုတော့ ပုဂ္ဂလိကမီဒီယာတွေ ပိုမိုပြီးတော့ တွင်ကျယ်လာဖို့ ထွန်းကားလာဖို့အတွက် အစိုးရဘက်က သူတို့ရဲ့ လွှမ်းမိုးမှုကို နောက်ဆုတ်ပေးသင့်တယ်လို့ ထင်ပါသလား။
Prof. Janet ။ ။ သိတဲ့အတိုင်းပါပဲ အမေရိကမှာတော့ ကျမတို့က အစိုးရအပေါ် မီဒီယာတွေက ထိန်းချုပ်ခွင့်အာဏာ ဘယ်နည်းနဲ့မှ မပေးနိုင်ကြပါဘူး။ ဆိုတော့ အစိုးရဆိုတာ မီဒီယာ ထိန်းချုပ်ခွင့် မရှိသင့်ပါဘူး။ အဲဒီလိုပြောရင် အမေရိကန်အယူအဆကို ပြောသလို ဖြစ်နေပါလိမ့်မယ်။ ပိုင်ဆိုင်မှုကို ထိန်းချုပ်တာလည်း ဒီသဘောပါပဲ။ ခရိုနီတွေကို ပိုင်ဆိုင်ခွင့်မပေးနဲ့လို့ အစိုးရက တားမြစ်လိုက်ရင်လဲ ဒါဟာ မီဒီယာပိုင်ဆိုင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့သဘော ဖြစ်ပါတယ်။ အလားတူစွာပါပဲ မူစလင်မို့လို့ ပိုင်ဆိုင်ခွင့်မရှိဘူး။ ဘယ်သူက အယူအဆတွေက ပြင်းထန်လွန်လို့ မပိုင်ဆိုင်ရဘူးဆိုတာလည်း ဖြစ်လာနိုင်ပါတယ်။ လွတ်လပ်တဲ့ ဈေးကွက်စနစ်ကိုပါ ထိခိုက်လာပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ မြန်မာ့မီဒီယာကို အမေရိကန်မီဒီယာနဲ့ နှိုင်းယှဉ်မယ်ဆိုတာကတော့ အဝေးကြီးပါ။ ဒါကို ကျနော်တို့လည်း နားလည်ကြပါတယ်။ အမေရိကန်နိုင်ငံ မီဒီယာလွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်လို့လဲ မဖြစ်နိုင်ပါဘူး။ ကျနော် အဓိကပြောချင်တာ အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်ကြည့်တာကိုပဲ အဓိက သိချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာကော မြန်မာနိုင်ငံလို ပြန်ကြားရေးဝန်ကြီးဌာန ရှိသေးသလား။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနလို မီဒီယာတွေကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဌာန ရှိပါသလား။
Prof. Janet ။ ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ မီဒီယာအပေါ် ထိန်းချုပ်မှုတွေကိုတော့ လုံးဝဖျက်သိမ်းလိုက်ပါပြီ။ အင်ဒိုနီးရှားမှာ မီဒီယာသမားတွေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတယ်ဆိုပေမယ့် ဒါဟာ အစိုးရဆီကလာတဲ့ စိန်ခေါ်မှုတွေ မဟုတ်ပါဘူး။ အဓိက စိန်ခေါ်မှုတွေက ပိုင်ရှင်တွေနဲ့ဖြစ်တဲ့ကိစ္စ၊ ဈေးကွက်ကိစ္စတွေသာ ဖြစ်ပါတယ်။ မလေးရှားမှာကြတော့ အာဏာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ရှိပါသေးတယ်။ ပြီးတော့ သတင်းထောက်တွေကို လှုံဆော်မှုနဲ့ စွဲဆိုနိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျမ သတိထားမိတာက အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ ကိစ္စတွေကို မရေးမိဖို့ သိပ်သတိထားနေရတယ်ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ မြန်မာမီဒီယာလောကရဲ့ အဓိက စိန်ခေါ်မှုပါ။ တဖြည်းဖြည်းကျော်လွှားသွားနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်မိပါတယ်။ အခြေအနေက အင်မတန်ရှုပ်ထွေးပါတယ်။ မှန်ကန်ကောင်းမွန်တဲ့ ဥပဒေတွေ လိုအပ်ပါတယ်။ သတင်းထောက်တွေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေတွေ မထားရှိသင့်ပါဘူး။ အစိုးရ မကြိုက်တာတခုကို ရေးသားထုတ်ဝေတယ်ဆိုတာ ပြစ်မှုမဟုတ်ပါဘူး။ သတင်းထောက်က သတင်းထောက်အလုပ်လုပ်တာ ထောင်ကျမလားဆိုပြီး စိုးရိမ်နေစရာအကြောင်း မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဆိုတော့ ဒါကို မှန်မှန်ကန်ကန် စမ်းစစ်တတ်ဖို့ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ မမှန်မကန် ရေးသားမှုတွေကြောင့် Communal Violence တွေ လူအုပ်စုချင်း ပဋိပက္ခတွေ ခိုက်ရန်ဖြစ်ပွားမှုတွေ မကြာခဏ ကြုံခဲ့ဖူးပါတယ်။ ဒီနေရာမှာ လူထုအနေနဲ့ ဒီလို လူမှု့မီဒီယာကွန်ရက် Social Media Network တွေကို မှန်မှန်ကန်ကန် ချင့်ချိန်တတ်လာအောင် ဘယ်လိုလုပ်သင့်တယ် ထင်ပါသလဲ။
Prof. Janet ။ ။ ဒါကလဲ အချိန်ယူပြီးလုပ်ရမယ့် ဖြစ်စဉ်တရပ်လို့ ထင်ပါတယ်။ သတင်းထောက်တွေကိုယ်တိုင် ဒီကိစ္စကို ပါဝင်ဆောင်ရွက်သင့်တယ်လို့ ကျမ ထင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့၊ လွတ်လပ်ပြီး ခိုင်လုံစိတ်ချရတဲ့ သတင်းအချက်အလက်တွေကို တခြားလူတွေထက် သတင်းထောက်တွေက ပိုအသိဆုံးလို့ပဲ ထင်ပါတယ်။ သာမန်ပြည်သူတွေကတော့ အင်မတန် ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရလက်အောက်မှာ အချိန်ကြာမြင့်စွာ နေလာခဲ့ရတော့ ကောင်းမွန်တဲ့သတင်းလောကရှိဖို့ မှန်ကန်ခို်င်လုံတဲ့ သတင်းအချက်အလက်တွေ ဘာကြောင့်အရေးကြီးသလဲဆိုတာ သိပ်ပြီးတော့ အမြင်ရှင်းလင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် သတင်းသမားတွေကိုယ်တိုင် လူထုကို ရှင်းပြရမယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ သတင်းထောက်တွေရဲ့ အကျိုးစီးပွားကြီးပဲ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းရဲ့ အကျိုးစီးပွားဖြစ်တယ်။ လူထုအနေနဲ့ သတင်းအချက်အလက်မှန်တွေကို သိရှိဖို့ လိုအပ်တယ်ဆိုတာ ရှင်းပြရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ မှားယွင်းမှုတွေလည်း အများကြီးတွေ့ရပါတယ်။ မကောင်းတဲ့ဖြစ်ရပ်ဆိုရင် ဥပမာ လူ့အသိုင်းအဝိုင်းတွေကြား ပဋိပက္ခတွေ ဖြစ်လာရင် သတင်းအမှောင်ချထားချင်ကြတယ်။ တကယ်တော့ ဒီအချိန်မှာ Text message ပို့နိုင်တာ၊ Facebook အပါအဝင် လူမှု့မီဒီယာကွန်ရက်က သိပ်တွင်ကျယ်နေပါတယ်။ ဘယ်အရာကိုမှ ထိန်းချုပ်ထားလို့ မရနိုင်တော့ပါဘူး။ လျို့ဝှက်ချက်ဆိုတာလည်း မရှိနိုင်တော့ပါဘူး။ သတင်းထောက်တွေကလည်း အမှန်ကို ဖော်ထုတ်ရမယ်။ အစိုးရကလည်း အမှန်အတိုင်း ရှင်းပြပြောပြရမယ်။ ဒါမှသာ အန္တရာယ်ကြီးမားတဲ့ ကောလာဟလတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံတွေ တရုတ်လိုနိုင်ငံမျိုးမှာဆိုရင် Social Media တွေ ကောလာဟလ မဖြန့်နိုင်အောင်ဆိုပြီး ထိန်းချုပ်တယ်လို့ အကြောင်းပြပါတယ်။ ဒီလို အာဏာပိုင်တွေ ထိန်းချုပ်တဲ့ စနစ်ကိုကော လက်ခံသင့်ပါလား။ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။
Prof. Janet ။ ။ ကျမ မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် ၂၀၁၀ ရောက်သွားတုန်းက အင်တာနက်ကို ထိန်းချုပ်ထားတယ်။ အီးမေးလ်တောင် check လုပ်လို့ မရဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လူတိုင်းဟာ IT Expert တွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာ သိပ်ကျွမ်းကြပါတယ်။ ဘယ်လိုပိတ်ထား၊ ပိတ်ထား တဘက်ကလှည့်ပြီးတော့ သူတို့ကြံဖန်ဖွင့်နိုင်၊ ကြည့်နိုင်ကြပါတယ်။ ပိတ်ပင်ထိန်းချုပ်ထားတယ်ဆိုတာလည်း ဘာမှအဓိပ္ပါယ်မရှိပါဘူး။ Social Media ဆိုတဲ့ လူမှု့ကွန်ရက်တွေနဲ့ ပတ်သက်ပြီး လူထုကို ပညာပေးဖို့ လိုအပ်ပါတယ်။ ခိုင်လုံစိတ်ချရတဲ့ သတင်းဟုတ်မဟုတ်၊ သူတို့ ခွဲခြားနိုင်ရမယ်၊ စီစစ်နိုင်ရမယ်။ Journalism ဆိုတာလည်း ခိုင်လုံမှန်ကန်မှုကို စီစစ်ရတာ ဖြစ်ပါတယ်။ ကောလာဟလကို ထုတ်လွှင့်တာ Journalism မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာကော ဒီလောက်တားဆီးထိန်းချုပ်ထားတဲ့ မီဒီယာဘဝကနေ ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာအဖြစ်ကို ဘယ်လို ပြောင်းလဲလာသလဲဆိုတာကို နောက်ဆုံးအနေနဲ့ နည်းနည်းရှင်းပြပေးပါ။
Prof. Janet ။ ။ အချိန်အကြာကြီး ယူခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ ဒေသအတွင်းမှာ သတင်းလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံ ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ပထမအဆင့်ကတော့ ဥပဒေတရပ် ပြဌာန်းလိုက်တယ်။ ဒါပေမဲ့ အစပိုင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ထိပ်တိုက်တိုးတာတွေတော့ ရှိခဲ့ပါတယ်။ မြန်မာပြည်မှာလိုပဲ အသေရေးဖျက်မှုပုဒ်မတွေ၊ လှုံဆော်မှုပုဒ်မတွေလို ပြစ်မှုပုဒ်မတွေနဲ့ မငြိ့စွန်းအောင် ဒီပုဒ်မတွေကို မီဒီယာဥပဒေ၊ သတင်းလွတ်လပ်ခွင့် ဥပဒေတွေကနေ ဖယ်ထုတ်ပြစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ တဘက်မှာလည်း Professionalism ထွန်းကားအောင်လို့ လုပ်ရပါလိမ့်မယ်။ ဒါဟာ သိပ်ကိုခက်ခဲမယ် ထင်ပါတယ်။ အာဏာပိုင်တွေ၊ အစိုးရတွေကို အထောက်အကူ ပြုရမယ်ဆိုတဲ့ စိတ်ဓါတ်ထက် လူထုကို အထောက်အကူ ပြုရမယ်ဆိုတဲ့ ဓလေ့စရိုက်မျိုး ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
hh