ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ သတင်းမီဒီယာသမားတွေကို ဘယ်လို အကဲဖြတ်ကြပါသလဲ၊ မီဒီယာသမားနဲ့ တက်ကြွလှုပ်ရှားသူ ဘယ်လိုကွဲပြားသလဲ။ ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ သတင်းသမား ရုပ်ပုံလွှာနဲ့နိုင်ငံရေး ရုပ်ပုံလွှာတို့ကို ဦးဝင်းတင် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ဒေါက်တာ ဦးအောင်ခင်၊ ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ က သုံးသပ်ဆွေးနွေးထားပါတယ်။
ဦးကျော်ဇံသာ။ ။ ဒီနေ့က ဆရာဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်မယ့်အစီအစဉ် ဖြစ်ပါတယ်။ ဆရာဦးဝင်းတင် အကြောင်းချည်းပဲတော့ မဟုတ်ဘူး။ ဆရာဦးဝင်းတင်နဲ့ ပတ်သက်ခဲ့တဲ့ ဘဝ တစိတ်တဒေသဖြစ်တဲ့ Journalism အကြောင်း၊ သတင်းမီဒီယာအကြောင်းနဲ့ ပတ်သက်ပါတယ်။ သတင်းမီဒီယာသမားတွေကို ဘယ်လို တိုင်းတာကြလဲ။ Credibility နဲ့ တိုင်းတာတယ်။ ဦးဝင်းတင် လုပ်ခဲ့တဲ့ နမူနာက ဒီဘောင်ထဲမှာ ဘယ်လောက် ဝင်သလဲဆိုတာကို အဓိက ပြောချင်တာ ဖြစ်ပါတယ်။ ဆရာ ဦးအောင်ခင်ကို ပထမဦးဆုံး ပြောစေချင်ပါတယ်။
ဦးအောင်ခင် ။ ။ အခြေအနေပေါ်မှာ မူတည်ပါတယ်။ သာမန်အခြေအနေမှာတော့ ဖြစ်ရပ်မှန်တွေကို လိုက်ပြီးတော့ ဖော်ထုတ်တဲ့လူတွေ။ ဖိနှိပ်တဲ့နိုင်ငံတွေမှာတော့ ယုံကြည်ချက်ကို အဓိက ထားကြတာများတယ်။ ဆရာဦးဝင်းတင် က သူ့ရဲ့ ယုံကြည်ချက်က အဓိကပဲ။ သူက အရင်တုန်းက မဆလခေတ်မှာလည်း ဂျာနယ်လစ်ဇင် လုပ်ခဲ့တယ်။ အဲဒီတုန်းကလည်း မန္တလေးမှာ လုပ်တုန်းက ဆရာသန်းထွန်းတို့ ဒေါ်အမာတို့နဲ့ စနေဝိုင်း ပြုပြင်ရေး။ သူ့ယုံကြည်ချက်တွေ လုပ်တာကို ကျနော် ကြားတယ်။ နောက်ပိုင်းတော့ ဂျာနယ်လစ်ပိုင်းတင် မဟုတ်တော့ဘူး ယုံကြည်ချက် ရှိလာတယ်။ ကိုလိုနီခေတ်က ဗမာပြည်မှာရှိတဲ့ သတင်းစာဆရာ တချို့လိုပေါ့ သူတို့အဖို့မှာ ယုံကြည်ချက်ရယ်၊ ပြည်သူအတွက် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာက သူတို့အတွက်က အဓိကကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် ဘယ်လို သုံးသပ်လိုပါလဲ။
ဦးကျော်ရင်မြင့်။ ။ ကျနော်ကလည်း ဆရာဦးအောင်ခင်နဲ့ သဘောတူပါတယ်။ ကျနော့်အမြင် နည်းနည်းလေး ဖြည့်စွက်ချင်တာကတော့ သူ့ရဲ့ ရပ်တည်တဲ့ဘက်။ ဆရာဦးဝင်းတင် မန္တလေးမှာ လာပြီးတော့ အလုပ်လုပ်သွားတုန်းက ဟံသာဝတီသတင်းစာ က အစိုးရသတင်းစာ ဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းလို အာဏာ အင်မတန် မာန်တက်သူရဲ့ လက်အောက်မှာတောင် ဦးဝင်းတင် လုပ်သွားတဲ့ သတင်းစာကို ပြည်သူ့သတင်းစာအဖြစ် ပြည်သူလူထုက လက်ခံခဲ့ကြတယ်။ ဆရာဦးဝင်းတင် က သူ ဘယ်ဘက်ကလဲဆိုရင် ပြည်သူလူထုဘက်က နေသွားခဲ့တယ်။ ဒါကြောင့်လဲ ပြည်သူလူထုက သူကို ချစ်တယ်လို့ အဲဒီလို မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အမှန်တရားဆိုတာလဲ ခေတ်အလိုက် ပြောင်းတယ်ဆိုတာလဲ တခါတခါ ရှိတတ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ တိုးတက်တဲ့ အယူအဆဆိုတဲ့ ကွန်မြူနစ်ဝါဒ သိပ်ပြီးလွှမ်းမိုးဖို့ ကြိုးပမ်းနေချိန်မှာ ကွန်မြူနစ်ဝါဒ ထွန်းကားရေးကို ဦးတည်ပြီးတော့ လုပ်ခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ရှိတယ်။ ဒါပေမဲ့ ဒီဝါဒ ကျဆုံးသွားပြီးတော့ ဒီမိုကရေစီခေတ် ရောက်လာတဲ့အခါမှာ လူ့အခွင့်အရေးတို့ ဘာတို့ကို ဦးစားပေးလာတယ်။ တပါတီ အာဏာရှင်စနစ်ထက်။ အဲဒီအခါကြတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြန်ပြောင်းသုံးသပ်ဖို့ လိုပါသလား။
ဦးအောင်ခင် ။ ။ အဲဒါလဲ စဉ်းစားရမယ့် အချက်ပေါ့။ တခုတည်းနဲ့ တရားသေ ယူလို့တော့ မရဘူးပေါ့။ သူ့ခေတ်နဲ့ သူ့အခါ ဖြစ်လာတဲ့ကိစ္စတွေ။ ဗမာပြည်မှာ အရင်တုန်းက ဆိုရှယ်လစ်ရောဂါ၊ ကွန်မြူနစ်ရောဂါ ထခဲ့တယ်။ ဒီရောဂါ ထခဲ့တာကို နောင် အသက်ကြီးလာတဲ့အခါ ပြန်ပြီးဆင်ချင်တဲ့အခါ ဒီဟာတွေ တွေ့လာတယ်။ ဥပမာ ဗမာပြည်နဲ့ ပတ်သက်လို့ ဗမာသမိုင်းမှာ စစ်တပ်က အာဏာသိမ်းတာကြာတော့ ဝါဒဖြန့်တာတွေက အရမ်းများတယ်။ သူ ဝါဒဖြန့်တဲ့အထဲမှာ ကလေးတွေနဲ့ တိုင်းသူပြည်သားတွေ အကုန်လုံး နစ်မွန်းနေခဲ့တယ်။ ခင်များတို့လည်း သိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးပြီးတော့ လွတ်လပ်ရေးကို ယူခဲ့တယ်။ စစ်တပ်က ဗမာတပ်မတော်ပါတဲ့ အခန်းကဏ္ဍက နည်းနည်းလေးပါ။ ဂျပန်လက်အောက် ဂျပန်ခေတ်မှာ တသက်လုံး ငြိမ်နေတာ။ ငြိမ်နေပြီးတော့ အင်္ဂလိပ်က စစ်နိုင်တော့မယ်ထင်တော့မှ ထပြီးတော်လှန်ရေး လုပ်တာ။ တစိတ်ကို တအိတ်လုပ်ပြီးတော လွတ်လပ်ရေးကို ဒို့တိုက်ခဲ့တယ်ဆိုပြီးတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင်ကစပြီးတော့ အဲဒါမျိုးတွေ ပြောနေတော့ အဲဒါမျိုးတွေက အမှန်တရား မဟုတ်ဘူး။ ဝါဒဖြန့်တဲ့ဟာတွေ။ အဲဒါမျိုးတွေကို ကျနော်တို့ သတင်းစာဆရာတွေက တဖြည်းဖြည်း ပြန်ပြီးတော့ အဲဒါမျိုးလုပ်ဖို့ တာဝန်ရှိတယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာမျိုး ဗမာပြည်က သတင်းစာဆရာတွေကလည်း ဝါဒဖြန့်တဲ့အထဲ နစ်မွန်းနေတာမျိုးတွေ ရှိမှာပဲ။ ဝါဒဖြန့်တာက Twisted History ရဲ့ Propaganda တွေနဲ့ အဲဒါတွေကို ဖယ်ရှားဖို့ အများကြီး လိုတယ်လို့ ကျနော် ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် ဘာပြောချင်ပါလဲ။ ခေတ်အလိုက် ပေါ်ပင် ဝါဒဖြန့်တဲ့ဟာတွေ။ ခေတ်စားနေတဲ့ အယူအဆတွေဘက်က ရပ်တည်ခဲ့တဲ့ သတင်းသမားတွေကို နောင်တချိန်မှာ ပြန်ပြီးတော့ သမိုင်းနဲ့ ဆန်းစစ်ပြီးတော့ အကဲဖြတ်သုံးသပ်သင့်တယ်လို့ ယူဆပါလား။
ဦးကျော်ရင်မြင့်။ ။ ယူဆပါတယ်။ သတင်းစာဆရာတယောက်က သူ ဘယ်ဘက်က ရပ်တည်ခဲ့တာလဲ။ အစိုးရအကျိုးကို ဝါဒဖြန့်ပေးသလား။ နောက်တခါ အစိုးရဆီက အခွင့်အရေးတွေကို လက်သိပ်ထိုးပြီးတော့ဖြစ်ဖြစ် ယူခဲ့သလားဆိုတာ ခေတ်က ဆုံးဖြတ်ပြီးတော့ ပေါ်သွားပါတယ်။ တချိန်က သတင်းစာဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့ဒီအချိန်မှာ သူကဖြစ် ဘယ်တုန်းက ဘယ်လို ဆိုတာတွေက ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါကြောင့်မို့ သူ့စည်းနဲ့သူ ပေါ်သွားတယ်လို့ ကျနော် မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက သတင်းသမားတွေအတွက် အဓိက အရေးကြီးဆုံးဖြစ်တဲ့ Credibility အမှန်တရားကို စွဲစွဲမြဲမြဲ အချက်အလက်အားဖြင့် အဖြစ်မှန်ကို အခြေခံပြီးတော့ ဖော်ထုတ်ရမယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။ အဲဒီတော့ အခု မြန်မာနိုင်ငံအခြေအနေ။ အထူးသဖြင့် ဦးဝင်းတင်တို့ ဒီမိုကရေစီ အပြောင်းအလဲမှာ ဖြတ်သန်းခဲ့တဲ့ကာလမှာ ဦးဝင်းတင်ဟာ သတင်းသမားတယောက်ထက် နိုင်ငံရေးလှုပ်ရှားသူ တဦးဖြစ်နေပြီလို့ ထင်ပါတယ်။ ဆိုတော့ အဲဒီအချိန်မှာ ဦးဝင်းတင်ကို သတင်းသမားအနေနဲ့ အမှတ်ပေးစရာများများ ရှိပါလား။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် အမှတ်ပေးစရာ ပိုများနေလားဆိုတာကို ကျနော် သိချင်ပါတယ်။ ဆရာဦးအောင်ခင် ဘယ်လို မြင်ပါလဲ။
ဦးအောင်ခင် ။ ။ အခုကတော့ Activist နဲ့ Journalists တို့ ရောကုန်တာပေါ့။ နောက်ပိုင်းကြတော့ ၈၈ နောက်ပိုင်းမှာ အဲဒါမျိုးတွေ ဖြစ်ကုန်တော့ Scholar လည်း Activists ဖြစ်ကုန်တယ်။ ကျနော်တို့လည်း Scholar ကနေ Activist, Journalist အကုန်လုံး ရောကုန်တာပေ့ါ။ ဆိုတော့ အရင်တုန်းကလို အနောက်တိုင်းမှာလို သီးသန့်။ ဥပမာ Edger Snow တို့ဆို တရုတ်ပြည်သွား လေ့လာပြီးတော့ သီးသန့် Journalist သဘောမျိုးနဲ့ တောက်လျှောက်နေလာခဲ့တယ်။ တရုတ်ပြည်အကြောင်း ရေးပြီးတော့ နေလာတော့ သူက Journalist . ဒါပေမဲ့ သူက Sympathize ဖြစ်တယ်။ တရုတ် Cause နဲ့ ပတ်သက်ပြီးတော့။ အဲဒါမျိုးတော့ ကျနော်တို့ဆီမှာ ရှိလဲရှိမယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အစိုးရကလဲ နှိပ်စက်တော့။ ဥပမာ လူထုဦးလှတို့ ဘာတို့ဆို အဲဒီလို ပုံစံမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် သဘောလည်း ပြောပါ။
ဦးကျော်ရင်မြင့်။ ။ လောလောဆယ် အခြေအနေမှာတော့ ရောနေတယ်။ Activists တွေကလဲ Journalists ဝင်လုပ်နေကြတယ်။ Journalists တွေကလဲ Journalist အလုပ်အပြင် Activist အဖြစ်နဲ့ ဝင်လုပ်နေကြတယ်။ ကျနော့် ဆန္ဒပြောရလို့ရှိရင် Activists တွေကလဲ Activists သက်သက်ပဲ လုပ်စေချင်တယ်။ သူတို့ တကယ်တော့ Journalism ကို အပြည့်အဝ နားမလည်ပါဘူး။ အလားတူပဲ Journalists တွေကလဲ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်ပါတယ်။ လုပ်စေချင်ပါတယ်။ Activists မလုပ်စေချင်ဘူး။ ဆရာဦးဝင်းတင်ကို ပိုင်းခြားပြီး ပြောရမယ်ဆိုရင် ဆရာဦးဝင်းတင် နိုင်ငံရေးလောကထဲ ရောက်သွားချိန်မှာ သတင်းစာဆရာ အလုပ်တွေကို မလုပ်သလောက်ပါပဲ။ ဒီလှိုင်းမှာ စာရေးတဲ့ စာရေးဆရာ အဖြစ်နဲ့ ရပ်တည်တာကို တွေ့ရပါတယ်။ သူကတော့ မရောဘူးလို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ သတင်းသမား၊ သတင်းစာဆရာအနေနဲ့ သတင်းသမားပီပီ သတင်းသမားရှုထောင့်က Credible ဖြစ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူထုကို အမှန်အတိုင်း နားလည်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်။ အဲဒီအတွက် သတင်းသမားတိုင်း တာဝန်ရှိတယ်။ ဒီအတွက် တိုက်ပွဲဝင်နေကြတယ်လို့လဲ တိုင်းတာနိုင်တယ်။ ဆိုတော့ Activists မဟုတ်တဲ့ သတင်းသမားတယောက်။ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းက လူ့အဖွဲအစည်းအတွက် အထောက်အကူဖြစ်တယ်။ သူကို Activist နဲ့ တန်းတူချီးကျူးထိုက်တယ်လို့ မဆိုနိုင်ဘူးလား။
ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ အဲဒါကို ပြောကြတာပေါ့ Activist ဆိုတဲ့ စကားကလဲ အခုပေါ်လာတာ မကြာသေးဘူး။ အခုနောက်ပိုင်းမှာ။ အကုန်လုံး ချိုးနှိမ့်ခံနေရတော့ လူ့အခွင့်အရေးထဲမှာ ဂျာနယ်လစ် အခွင့်အရေးလည်း ပါတာပေါ့။ ရိုးရိုးသာမန် Political Freedom လည်း ပါတာပေါ့။ အဲဒါကို ပြောရင်လဲ သူကို Activist လို့လည်း ပြောလို့ရတယ်။ ဒီနေရာမှာ ခွဲခြားဖို့က တော်တော်ခက်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့်..
ဦးကျော်ရင်မြင့်။ ။ ကျနော်ကတော့ ဂျာနယ်လစ်ကတော့ အခုဆိုရင် ကိုပါကြီး အမြင်လွယ်ဆုံး ဥပမာပေးရရင်။ သူတို့ လုပ်နိုင်သလောက် အသက်တောင်စွန့်ပြီး လုပ်နေတာဆိုတော့ ချီးကျူးသင့်တယ်လို့ မြင်ပါတယ်။ ကျနော်ကတော့ မရောထွေသင့်ဘူးလို့ မြင်တဲ့ဘက်ကပါ။ ဂျာနယ်လစ်ကလဲ ဂျာနယ်လစ်အလုပ်ကို သက်သက်လုပ်ပါ။ Activists ကလဲ နိုင်ငံရေးလှုပ်ရှားမှုကို သက်သက်လုပ်လို့ရှိရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး အခုမြန်မာနိုင်ငံမှာ ဆရာဦးဝင်းတင်လည်း ကွယ်လွန်ခဲ့ပြီ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတဲ့ကာလပေါ့။ အဲဒီအချိန်အတွင်းမှာ သတင်းလောကရဲ့ တိုးတက်ထူးခြားမှု ဘယ်ဘက်ကို ဦးတည်နေသလဲဆိုတာ ဆရာဦးအောင်ခင် ပြည်တွင်းက သတင်းတွေလဲ ဖတ်ရကြည့်ရမယ် ထင်ပါတယ်။ ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။ အခု မြန်မာနိုင်ငံ သတင်းသမား၊ သတင်းလောက Trend က ဘယ်ကို သွားနေပါလဲ။
ဦးအောင်ခင် ။ ။ ရေးတဲ့လူတွေက တော်တော်များတယ်။ များပြီးတော့ ကျနော် မှတ်မိသလောက်ကတော့ အချက်အလက် ပြည့်ပြည့်စုံစုံကို ကိုးကားပြီးတော့ နှိုက်နှိုက်ချွတ်ချွတ် လုပ်တဲ့လူက နည်းတယ်။ များသောအားဖြင့် ပြောသမျှ တွေ့သမျှအကုန် ရေးကြတဲ့အဆင့်လောက်ပဲ ရှိသေးတယ်။ ဒါလဲပဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေါ်လာသေးတာ မကြာသေးတဲ့အတွင် ဖြစ်နိုင်တယ်။ နှစ်ကြလာတဲ့အခါကြတော့ တဖြည်းဖြည်း စစ်သွားမှာပေါ့။ အခုလောလောဆယ်တော့ တချို့ဟာတွေဆိုလိုရှိရင် ကျနော်ပဲ နိုင်ငံခြားရောက်နေတာ ကြာလို့လား မပြောတတ်ဘူး။ သူတို့ ရေးတာတွေကို နားလည်အောင်တောင် မနည်းဖတ်ရတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့်ကတော့ အခုပြည်တွင်း ခေတ်သစ် သတင်းလောကမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။ ဆရာတို့ရဲ့ ရှေ့အလားအလာ နဲ့ လက်ရှိ အခြေအနေ။
ဦးကျော်ရင်မြင့်။ ။ အခု ပြည်တွင်းက သတင်းစာသမားတွေထဲမှာ လူငယ်တွေ တော်တော်များလာတယ်။ အဲဒီ လူငယ်တွေက ပိုပြီးတော့လဲ ကြိုးစားတယ်။ သတ္တိလည်း ပိုကောင်းတယ်။ နောက် ကျနော်တို့ ပြည်တွင်းမှာ သတင်းစာသင်တန်းတွေ ဖွင့်လာကြတယ်။ Investigative Reporting နှိုက်နှိုက်ချွတ်ချွတ် လေ့လာစမ်းစစ်ပြီး သတင်းတွေကို ဖော်ထုတ်ရေးသားတဲ့ဘက်ကို လူငယ်တွေကလည်း စိတ်ဝင်စားသလို။ ကျနော်တို့တွေ အဲဒီဘက်ကို အခု သွားဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီတော့ သိပ်မကြာခင်အတွင်းမှာ အဲဒီလို သတင်းထောက်တွေလည်း ပေါ်ပေါက်လာမယ်။ အဲဒီလို နှိုက်နှိုက်ချွတ်ချွတ် လေ့လာစမ်းစစ်ပြီး ရေးတဲ့သတင်းတွေလည်း ဖတ်ကြရမယ်လို့ မျှော်လင့်ပါတယ်။