ANP ကြေညာချက်ကိစ္စ ဒေါက်တာအေးမောင် ရှင်းလင်း

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်အမျိုးသားပါတီဟာ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက် ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်တယ်လို့ ANP ခေါင်းဆောင် ဒေါက်တာအေးမောင် ပြောကြားလိုက်ပါတယ်။ ANP ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတာမှန်ပေမယ့် ရင်ကြားစေ့ရေး ညီညွတ်ရေး အသိရှိနေဆဲ ဖြစ်တယ်၊ ပါတီ နှစ်ခြမ်းမကွဲဘူးလို့လည်း ဆိုပါတယ်။ ANP က NLD အစိုးရနဲ့ မပူးပေါင်းဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမယ် ဆိုတဲ့ ကြေညာချက်နောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မေးချင်တဲ့ ကိစ္စကတော့ ရခိုင်အမျိုးသားပါတီအတွင်း ပြဿနာလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးထက် အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတဲ့ ကြေညာချက် ထွက်လာပြီးတဲ့နောက်မှာ ပါတီပြင်ပကလူတွေ အံ့အားသင့်မှု ဖြစ်သလို၊ ပါတီအတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ စပြီးတွေ့လာရတယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ အဓိက လူတွေ စိတ်ဝင်စားနေကြတာက အဲဒီပါတီမှာ သဘောထား ကွဲလွဲရင် ပါတီနှစ်ခြမ်းကွဲသွားနိုင်သလားကို စိုးရိမ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ RNDP နဲ့ ALD တို့ ပူးပေါင်းနိုင်ခဲ့တာဟာ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်မှုကို ပထမဦးဆုံး စံနမူနာအဖြစ် ပြသလိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းက ဒါကို အံ့အားသင့်နေကြပါတယ်။ ဒီမှာ ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်တဲ့အတွက်ကြောင့် လူတွေရဲ့ စိတ်ထဲမှာ နှစ်ခြမ်းကွဲလေမလားလို့ စိုးရိမ်နေတာကို ပြန်လည်ပေါင်းစည်းနိုင်အောင်လုပ်ဖို့ ဘယ်လို အစီအစဉ် ရှိသလဲဆိုတာကို စပြောပါ။

ဦးအေးမောင် ။ ။ ကျနော်တို့ ပူးပေါင်းဖြစ်ကြပါတယ်။ အဓိက ရခိုင်တွေရဲ့ အမျိုးသား အကျိုးစီးပွားကို အဆိုပြုပါတယ်။ ပူးပေါင်းပြီးတဲ့နောက်မှာ ကိုယ့်ရဲ့အယူအဆ၊ သူ့ရဲ့ အယူအဆဆိုတဲ့ ဒွန်တွဲမရတဲ့ လွန်ဆွဲမှုတွေ ရှိပါတယ်။ သို့သော်လဲ အမျိုးသား အကျိုးစီးပွားဆိုတဲ့ ဦးတည်ချက်အောက်မှာ ပူးပေါင်းနိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလလေးမှာ ရခိုင်အမျိုးသားပါတီအပြင် ပါတီတခု ပေါ်ပေါက်လာပါတယ်။ ရခိုင်မျိုးချစ်ပါတီလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီ ပါတီရဲ့ အဓိကပုဂ္ဂိုလ်တွေအားလုံးဟာ ALD ဖွဲ့တုန်းက ရခိုင်အမျိုးသားပါတီမှာပါတဲ့ ပုဂ္ဂိုလ်တွေက ဦးတည်ဖွဲ့စည်းလာတယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ အဲဒီကာလမှာ ကျနော်တို့ရဲ့ စိုးရိမ်ရေမှတ်က ပိုမြင့်မားတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ များပါတယ်။ ကျနော်ကိ ဦးတည်ပြီး တိုက်ပါတယ်။ မြေပုံမှာရှိတဲ့ ဦးထွန်းအောင်ကျော်တို့ကို တိုက်ပါတယ်။ ကျနော်တို့ သည်းခံပြီးမှ အကောင်းဆုံးဖြစ်အောင် ကျနေ်ာတို့ ကြိုးစားပြီး လျှောက်လှမ်းပါတယ်။ ရခိုင်အမျိုးသားပါတီသည် ပြည်သူတွေရဲ့ ပူးပေါင်းမှုနဲ့ အောင်ပွဲရခဲ့ပါတယ်။ ကျနော်သည် ဆရာတို့ သိတဲ့အတိုင်းပါပဲ ဇာတိဖြစ်တဲ့ ရသေ့တောင်မှာ ပြိုင်ခွင့် ဆုံးရှုံးခဲ့သလို၊ ပေါက်တောမှာ ပြိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ နောက်မှ -- ရောက်ပြီးမှ ရွေးကောက်ပွဲအလွန်ကာလမှာ ကျနေ်ာတို့ ရှုံးပြီးမှ ဗျူဟာ ပျက်ယွင်းမှု ရှိခဲ့သော်လဲ ရခိုင်အမျိုးသား RNDP ဟာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ ၂၀၁၅ အလွန် ကာလမှာ လိုအပ်တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးမပြင်ပေးထက် မိမိတို့ပါတီ ပေါ်လစီကို အကောင်အထည်ဖော်နိုင်မယ့် အစိုးရအဖွဲ့ဌာနမှာ တနည်းအားဖြင့် အုပ်ချုပ်ရေးမှာ ပါမှဖြစ်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ရခိုင်အမျိုးသားပါတီရဲ့ မဟာဗျူဟာကို ကျနော်တို့ ချမှတ်ခဲ့ပါတယ်။ အဲဒါကြောင့် အခု ရွေးကောက်ပွဲအလွန်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုးတဲ့ ပါလီမန်ဆိုပြီး အခြေအနေဖြစ်တဲ့နောက်မှာ အဓိက ဦးတည်ပြီး အပြောင်းအလဲကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ လူထုရဲ့ ထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတခုရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ပေးနိုင်တဲ့ အနေအထား ရှိနေတယ်လို့ ကျနော်တို့ သုံးသပ်ခဲ့လို့ အခုအခြေအနေမှာ ကျနော်တို့ ကြေညာချက်ကို ထုတ်ဖို့ ဖြစ်လာခဲ့ကြပါတယ်။ ဘာကြောင့်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ ရွေးကောက်ပွဲအလွန်ကာလ အစည်းအဝေးများစွာကို လုပ်ပြီးမှ ကျနေ်ာတို့ဘက်ကလည်း ဆွေးနွေးမှု၊ တွေ့ဆုံမှုကိုလုပ်ဖို့ ရည်မှန်းထားသော်လဲ အမျိုးသားဒီမိုကရေစီဘက်ကလဲ မအားလပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံမှုက အဆင်မပြေဖြစ်ပြီး အဲဒီနောက်မှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ် တာဝန်ခံရဲ့ လှုပ်ရှားမှုမှာ (၃) ကြိမ်မြောက် ရောက်ပြီးမှ ဇန်နဝါရီလ ၁၅ ရက်နေ့ ရွေစေတီကျောင်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှု့ကွန်ရက်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေ၊ တခြား နိုင်ငံရေးမှာ နံှစပ်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ပြီးမှာ ရခိုင်ပြည်နယ် အစိုးရကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲစည်းမယ်ဆိုတဲ့ ရည်မှန်းချက်ရှိစွာဖြင့် ချည်းကပ်ပြီး နောက်ကနေ လိုအပ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဟိုဘက်က အတွင်းရေးမှူးအဖွဲ့ကို ဖိတ်ခေါ်ပြီးမှ ဒီကြေညာချက်ကိုထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရွှေစေတီကျောင်းမှာ အမျိုးသားဒီမိုကရေခေါင်းဆောင်၊ ပြည်နယ်ခေါင်းဆောင်ဖြစ်တဲ့ ဦးညီပု အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျနော်တို့ နေပြည်တော်မှာ ရှိပါတယ်။ (၁၇) ရက်နေ့ ညမှာပဲ နေပြည်တော်ကနေ စစ်တွေကို ရောက်ပါတယ်။ အဲဒီနောက်မှာမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ ဒီ Statement ကို ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ တွေ့ဆုံတဲ့အခါမှာ ANP က ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေကို လုံးဝခေါ်ယူတွေ့ဆုံခြင်း မရှိခဲ့ဘူးလား။

ဦးအေးမောင် ။ ။ အဲဒီကာလတုန်းက ကျနော်တို့ ဥက္ကဋ္ဌအဖွဲ့မှာ ဦးခိုင်ပြည့်စိုး၊ ဒေါ်အေးနုစိန်၊ ဦးဖိုးမင်းတို့ ရှိပါတယ်။ ဦးဖိုးမင်ကတော့ UPDPC ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးညီလာခံကို ရောက်နေပါတယ်။ ဦးခိုင်ပြည့်စိုး ဆီကတော့ ဖုန်းဆက်ပါတယ်။ ပါတီအနေနဲ့ ဖိတ်ပါတယ်။ သူတို့ ဆုံးဖြတ်ချက်အရ ပွင့်ပွင့်လင်းလင်းပြောရင် NLD နဲ့ ANP ဟာ တွေ့ဆုံပြီးမှ လာမယ့် အခင်းအကျင်းမှာ ရခိုင်ပြည်နယ်အစိုးရကို ဘယ်လို ဖွဲ့စည်းမယ်။ တည်ငြိမ်တဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့ပြီးတဲ့နောက်မှာ ပြည်ထောင်စုအစိုးရကို ဘယ်လို ပံ့ပိုးကူညီမယ်ဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးက လုပ်သင့်ပါရဲ့နဲ့ ရခိုင်အမျိုးသားပါတီရဲ့ အခုနလို ပြည်နယ်တခုလုံးမှာ အနိုင်ရထားတဲ့ အခြေအနေကို မျက်ကွယ်ပြုပြီးမှ လူမှု့ကွန်ရက်တွေ၊ တခြားနိုင်ငံရေးပါတီများနဲ့ ဖိတ်ကြားတဲ့ အနေအထားဖြစ်တဲ့အခါမှာ ဖိတ်ကြားသူတွေလဲ တက်ရောက်လိုခြင်း ရှိမရှိကို ကျနော်တို့ အပြန်အလှန် သုံးသပ်ခဲ့ကြပါတယ်။ အဲဒီသဘောနဲ့ ကျနော်တို့ကို ဖုန်းဆက်ပါတယ်။ မတက်သင့်ဘူးဆိုတဲ့ သဘောနဲ့ ရွှေစေတီကျောင်း ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော် နေပြည်တော်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှင်းပါတယ်။ နောက်တခုက ရခိုင်အမျိုးသားပါတီဘက်က ကြည့်ရင် ကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တဘက်က ALD ဘက်က သူတို့ကို ညှိနှိုင်းတိုင်းပင်ခြင်း မရှိခဲ့ဘူးလို့ ပြောတဲ့ကိစ္စတခု ရှိပါတယ်။ ဒါက ပါတီတွင်းနဲ့ ပတ်သက်လာပြီ။ အဲဒီကိစ္စ ဘယ်လို ဖြစ်သလဲဆိုတာကို နည်းနည်းရှင်းပြပါလား။

ဦးအေးမောင် ။ ။ ကျနော်တို့က ညီလာခံ ပြီးတဲ့နောက်မှာ ကျနော်ဆိုရင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဥက္ကဋ္ဌအဖွဲ့ အားလုံးပေါင်း (၄) ယောက် ရှိပါတယ်။ ဒုတိယ ဥက္ကဋ္ဌ (၃) ဦး ရှိပါတယ်။ ကျနော် နေပြည်တော်မှာနေတဲ့ ကာလတလျှောက်လုံး ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရားအားလုံးကို ဒုတိယဥက္ကဋ္ဌအားလုံးကို တာဝန်လွှဲပြောင်းပေးထားပါတယ်။ ဒီလိုပဲ အထွေထွေအတွင်းရေးမှူးကလည်း အတွင်းရေးမှူး (၄) ဦး ရှိပါတယ်။ အဲဒီ (၄) ဦးကို အထွေထွေအတွင်းရေးမှူး တာဝန်ကို လွှဲပေးရပါတယ်။ ဌာနချုပ်မှာ စီမံကွပ်ကဲနိုင်အောင် ကျနော်တို့က လုပ်ငန်းအရ လုပ်ပိုင်ခွင့်ကို လွှဲအပ်ထားရတဲ့ အခြေအနေ ကျနော်တို့ပါတီမှာ ရှိပါတယ်။ (၁၉) ရက်နေ့ ကြေညာချက် မတိုင်ခင်လေးမှာ ကြေညာချက် (၂) ခု ထွက်ပါတယ်။ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်အမျိုးသားပါတီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းပြီးမှ ထုတ်ပြန်ချက်ကို ထုတ်ပြန်ပါတယ်။ အဲဒီလိုပဲ ကျောက်ဖြူ .. ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒါလည်း ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ ထုတ်ပြန်ပါတယ်။ ကျနော်တို့အားလုံးဟာ နေပြည်တော်မှာပဲ ရှိပါတယ်။ အခု (၁၉) ရက်နေ့ ထုတ်ပြန်ချက်ဟာလဲ (၁၅) ရက်နေ့မှာ ဦးညီပု နဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့အတွက် အပူတပြင်း လူမှု့အဖွဲ့အစည်းများကို ချဉ်းကပ်လာပြီးတဲ့နောက်မှာမှ ကျနော်တို့ရဲ့ သဘောထားလေးတွေ၊ တွေ့ဆုံဆွေးနွေးပြီးမှ အဖြေရှာလိုတဲ့ သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို သိရှိပြီးမှ တွေ့ဆုံဆွေးနွေးပြီး အဖြေတခု ရနိုင်အောင်ဆိုတဲ့ သဘောနဲ့ ထုတ်ပြန်ခြင်းသာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကျနော် ဒီမှာ မေးချင်တာက အဲဒီ Statement ကြောင့် ကျနော် ပထမဦးဆုံး ပြောခဲ့သလိုပဲ ANP ပါတီအတွင်းမှာ မပြေလည်မှုတွေရှိတယ်။ လူတွေက ပါတီ ကွဲလေမလားလို့ စိုးရိမ်မှုတွေ ရှိနေတယ်။ အဲဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားပါလဲ။

ဦးအေးမောင် ။ ။ ကျနော်တို့ Statement ကို ပြန်ကြည့်ရင် (၁၉) ရက်နေ့မှာ ထုတ်ပြန်တာပါ။ (၂၀) ရက်နေ့ ညလောက်မှာပဲ ဦးဉာဏ်ဝင်း ဘက်က အင်တာဗျူးလေးတခု လုပ်တယ်လို့ ကြားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီလာမယ့် အခင်းအကျင်းနဲ့ ပတ်သက်တဲ့ ကဏ္ဍအားလုံးဟာ သိုသိုသိပ်သိပ်နဲ့ပဲ ရှိပါတယ်။ ကျနော်တို့ သူတို့ရဲ့ အတွင်းစီးကို မသိရှိပါဘူး။ ကျနော်တို့ ဦးညီပုရဲ့ (၁၅) ရက်နေ့ ချဉ်းကပ်မှုနောက်မှာသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိရှိအောင် ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်လိုမှုကို ပြတဲ့အနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ဆရာဦးအေးသာအောင် ကို အခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုတယ်။ ကျနော်တို့ ဝမ်းသာပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ဂုဏ်ယူစွာဖြင့် လက်ကမ်းကြရမှာ ဖြစ်ပါတယ်။ သို့သော် ဦးအေးသာအောင် သည်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်းကောင်း ကျနော်တို့ ရခိုင်အမျိုးသားပါတီကိုလည်း ရခိုင်ပြည်သူလူထု ထောက်ခံမှုအများဆုံး ရတဲ့ ပါတီတခုကို ဆက်ဆံမှု၊ ပါတီတခုနဲ့တခု လိုက်နာကျင့်ကြံသင့်တဲ့ ethics ကို ဒါလေးတွေကို အလေးအနက် ထားစေဖို့ပါ။ ပါတီကြီးခြင်း၊ ပါတီသေးခြင်း level တန်းတူ ဆက်ဆံတယ်ဆိုတဲ့ အစဉ်အလာလေးတခု ဖြစ်ထွန်းစေချင်ပါတယ်။ ဦးအေးသာအောင်ဘက်ကလဲ ပါတီဌာနချုပ်ကို အကြောင်းမကြားသေးဘူး။ ဒီလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရခိုင်အမျိုးသားပါတီရဲ့ CEC တဦးကို အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုတယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ကို ချဉ်းကပ်မှု မရှိတဲ့အခါမှာ ဒီအခင်းအကျင်းလေးက လူကြားထဲမှာ မေးစရာမြန်းစရာတွေ ဖြစ်လာပါတယ်။ သို့သော် ကျနော်တို့ရဲ့ (၁၉) ရက်နေ့ ကြေညာချက် ပြီးတဲ့နောက်မှာမှ ဒီအခင်းအကျင်း ဖြစ်တယ်ဆိုတဲ့ သဘောကြောင့် ကျနော်တို့သည် ဒီအခင်းအကျင်း ဖြစ်လာမယ်ဆိုတာကို ကြိုမသိသေးပါဘူး။ အဲဒါကြောင့် ကျနော်တို့ ညှိနှိုင်းပြီးမှ အကောင်းဆုံး ဖြေရှင်းနိုင်မယ်။ အမျိုးသားရင်ကြားစေ့ရေး၊ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးပေါင်းပြီးမှ ဖယ်ဒရယ်ပြည်ထောင်စုကို ဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ ဦးတည်ချက် အခုထိ ခိုင်ခိုင်မာမာ ရှိပါတယ်။ ဒီလိုပဲ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု၊ ရခိုင်ပြည်နယ်အစိုးရကို ပူးပေါင်းဖွဲ့စည်းရေး ဒီလိုပဲ ပြည်ထောင်စုအစိုးရမှာ ပူးပေါင်းပါဝင်ရေးကဏ္ဍဟာ အခုထိ ခိုင်ခိုင်မာမာ ရှိနေသေး ဖြစ်တယ်ဆိုတာကို ကျနော် သဘောပေါက်ပါတယ်။ ဒီလိုပဲ ရခိုင်အမျိုးသားပါတီ မပြိုကွဲသေးပါဘူး။ ဘက်ပေါင်းစုံကို လွန်ဆွဲနေတာပဲ ရှိပါတယ်။ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ဦးတည်ချက်နဲ့ ဖွဲ့စည်းထားသည့် ရခိုင်အမျိုးသားပါတီသည် ရခိုင်လူထုအတွက် ဘယ်လောက် အကျိုးရှိသလဲ၊ ရခိုင်တွေရဲ့ အနာဂတ် အကျိုးစီးပွားကို ဘယ်လောက် ကာကွယ်နိုင်မလဲဆိုတဲ့ ကျနော်တို့ အမိမြေ လုံခြုံမှုနဲ့ အမိမြေရဲ့ ပေးထားတဲ့ သင်ခန်းစာပေါ်မှာ ပြန်လည်သုံးသပ်ပြီးမှ ရင်ကြားစေ့ဖို့၊ ညီညွှတ်ဖို့ ကျနော်တို့အားလုံး ဆန္ဒရှိသင့်တယ်၊ ရှိအပ်တယ်ဆိုတာကို နိုင်ငံရေးသိက္ခာ၊ သမာရှိကြတဲ့ ပုဂ္ဂိုလ်တိုင်း ရင်ထဲမှာ ရှိကြရင် ကျနော်တို့ရဲ့ အနာဂတ်ဟာ လက်တကမ်းမှာ ရှိပါတယ်။