Your browser doesn’t support HTML5
ထိုင်းနိုင်ငံ လိပ်ကျွန်းသူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦး က ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားမရှိဘဲနဲ့ ထိုင်းတရားရုံးက သူတို့ကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ယူဆကြသူတွေထဲမှာ အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေဦးမင်းလွင်ဦးလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများစုနည်းတူပဲ ထိုင်းနိုင်ငံဟာလည်း၊ တရားစီရင်ရေးစနစ် ယိုယွင်းတဲ့နိုင်ငံတခု ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ အသေးစိတ်ကို ဦးမင်းလွင်ဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီကနေ့ ကျနော်ဆွေးနွေးချင်တာက ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ထားခြင်း ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ ပတ်သက်ပါတယ်။ ဗြိတိန်နိုင်ငံက ခရီးသွားနှစ်ဦးကို ဒီမြန်မာလူငယ်နှစ်ဦး သတ်ခဲ့တယ်ဆိုပြီးတော့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သက်သေပြဖို့တာဝန် Burden of Proof ဥပဒေကြောင်းအရ ဘယ်သူဘက်မှာ ရှိပါသလဲ။
ဖြေ ။ ။ Burden of Proof သက်သေပြဖို့တာဝန်က အမြဲတမ်း တရားလိုဘက်မှာပဲ ကျရောက်ပါတယ်။ ဒါကတော့ နိုင်ငံတကာက လက်ခံထားတာပါ။ တရားလိုဘက်ကနေ တရားခံတွေ ပြစ်မှုကျူးလွန်တယ်၊ မကျူးလွန်ဘူး။ ဘာကြောင့် ဘာအထောက်အထားတွေနဲ့ စွဲဆိုတယ်ဆိုတာကို စဉ်ဆက်မပြတ် သက်သေခံပြဖို့အတွက် တရားလိုဘက်မှာ အဓိကတာဝန်ရှိပါတယ်။
မေး ။ ။ ဒီအမှုမှာ သူတို့ကို တရားစွဲဆိုတင်ပြတာ ထိုင်းရဲတပ်ဖွဲ့ ထင်ပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။
မေး ။ ။ ဆိုတော့ သူတို့တွေဟာ တရားရေးရာအကြောင်းအရ ဘယ်လောက်ခိုင်ခိုင်လုံလုံ သက်သေပြနိုင်ခဲ့တယ်လို ရှေ့နေတယောက်အနေနဲ့ သုံးသပ်မိပါလား။ သူတို့သက်သေပြမှုဟာ ဒီလူငယ်တွေ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ ထင်ရှားတဲ့အထောက်အထားတွေနဲ့ ပီပြင်အောင် ပြသနိုင်ခဲ့ပါသလား။
ဖြေ ။ ။ ကျနော်တို့ လေ့လာတွေ့ရှိသလောက် တရားလိုဘက်ကနေ တင်ပြတဲ့ သက်သေခံအချက် အထောက်အထား၊ ခိုင်ခိုင်လုံလုံ ကျနော်တို့ မတွေ့ရပါဘူး။ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုပြစ်ဒဏ်ကြီးလေးတဲ့ လူသတ်မှုလိုမှမျိုးမှာ အဓိကအရေးပါတယ့်ု။ အဓိကအရေးပါတဲ့ ရန်တွေ၊ သက်သေခံချက်တွေ စတာတွေကအစ လွဲမှားနေတယ်ဆိုတာတွေကို တွေ့ရှိရမယ်။
မေး ။ ။ DNA စစ်ဆေးတဲ့လူတွေတောင်မှ DNA မတူဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုကြတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ တရားလိုဘက်ကနေပြီးတော့ မှုခင်းဆရာဝန်တွေကို တင်ပြတယ်။ တရားခံဘက်ကလည်း တကယ်ကျွမ်းကျင်တဲ့ forensic ပါရဂူတွေကို တင်ပြတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ DNA သက်သေချက်တွေက လွဲမှားနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ ရဲကတင်ပြတဲ့ သက်သေခံတင်ပြချက်အရ ဝင်းနဲ့ဇော်တို့ရဲ့ DNA တွေ့တယ်ဆိုပေမယ့်လဲ တကယ်တမ်း ပြင်ပ Third Party တတိယပုဂ္ဂိုလ် ထွက်ဆိုချက်အရတော့ ဒီ DNA က ဝင်းနဲ့ဇော်တို့ရဲ့ DNA မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလးင်းလင်း သိရပါတယ်။
မေး ။ ။ ဆိုတော့ ဒီအမှုမှာ သက်သေအထောက်အထားလည်း မခိုင်လုံဘူးဆိုတော့ ယုတ်စွအဆုံး ဒီလူငယ်နှစ်ယောက်ဟာ benefit of doubt သံသယအကျိုးကို ခံစားရပြီးတော့ လွတ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီအမှုကို ကျနော်တို့ စကြည့်မယ်ဆိုရင် တရားခံနှစ်ဦးကို ဖမ်းဆီးပြီးတော့ ရဲကနေ ခေါ်ယူစစ်ဆေးတယ်။ ရဲစခန်းမှာပဲ နှိပ်စက်ညဉ်းဆဲတာတွေ ရှိတယ်။ ခြိမ်းခြောက်တာတွေရှိတယ်။ မင်းတို့ ဒီအမှုကို ဝန်မခံဘူးဆိုရင် မင်းတို့ကို သတ်ပြစ်လိုက်လို့ရတယ်။ ပြီးတော့ ချောင်းထဲမျှောပစ်လိုက်လို့ရတယ်ဆိုပြီး ပြောခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်ပြီးတော့ ဒီအမှုမှာ အဓိကအရေးကြီးတာကတော့ ဝင်းနဲ့ဇော်က ထိုင်းနိုင်ငံရဲ့ ဥပဒေအသုံးအနှုန်းတွေကို နားမလည်ဘူး။ အဲဒီအချိန်မှာ ခေါ်ယူအသုံးပြုတဲ့ စကားပြန်ကလည်း ရဲနဲ့ပင်ပြီးတော့ ဒီအမှုမှာ သက်သေအထောက်အထား ခိုင်လုံတဲ့ ဖြောင့်ချက်မျိုးရအောင် ထွက်ဆိုသွားတယ်လို့ ကျနော်တို့ သိရပါတယ်။
ဒါကြောင့် ကျနော်တို့က ဒီအမှုမှာ ဝင်းနဲ့ဇော်က အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်း မရှိဘဲနဲ့ အခုလိုမျိုး အပြစ်ပေးအရေးယူခြင်း ခံထားရတယ်ဆိုတာကို သိရပါတယ်။
မေး ။ ။ ဒီနေရာမှာ ကျနော် မေးချင်တဲ့မေးခွန်း နှစ်ခု ရှိပါတယ်။ ဘာဖြစ်လို့ ဒီလူငယ်နှစ်ယောက်ကို ပြစ်မှုမကျူးလွန်ဘဲနဲ့ အတင်းအဓမ္မ သေဒဏ်ချမှတ်ရသလဲ။ ဒါဟာ တစုံတခုအကျိုးစီးပွားလား။ ဘယ်လိုကြောင့်လဲ။ သေဆုံးခဲ့ရတဲ့ူလူတွေဘက်က တရားမျှတမှုကို လိုချင်လို့ဆိုပြီးတော့ အတင်းအဓမ္မ ဖိအားပေးပြီးတော့ လုပ်ခိုင်းတယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ဘူးလို့ ကျနော်ကြားရပါတယ်။ သူတို့ကိုယ်တိုင်က ဒီကိစ္စမှာ ဒီလူငယ်နှစ်ယောက် သတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိတယ်လို့ ကြားသိရပါတယ်။ ဘာဖြစ်လို့ ထိုင်းတရားရုံးက ဒီလူငယ်နှစ်ဦးကို အငြိုးထားပြီးတော့ သေဒဏ်ပေးသလို ဖြစ်နေတယ်။
ဖြေ ။ ။ ပထမဦးဆုံးက ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေကနေ အဓိကဝင်ငွေရနေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ ဒီလိုမျိုး လူသတ်မှုဖြစ်တဲ့အခါမှာ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် ဖိအားပေးမှုတွေ ရှိတဲ့အခါမှာ အစောက ပြောသလို တာဝန်ရှိတဲ့ ရဲအရာရှိတွေ၊ ဥပဒေအရာရှိတွေ၊ စတာတွေပူးပေါင်းပြီးတော့ ဒီလိုမျိုး အမှုကို တည်ဆောက်ပြီးတော့ ဆွဲဆိုတယ်လို့ ကျနော်တို့ ပထမဦးဆုံး ပြောလို့ရပါတယ်။ နောက်ပြီးတော့ ဒီအမှုမှာ တကယ်တမ်းပါဝင်ပတ်သက်နေတဲ့ လူတွေကလည်း ငွေကြေးအရှိန်အဝါ ကြီးမားတဲ့လူတွေ ဖြစ်တယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ကလည်း ဒီထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမှာက အစောကပြောသလို၊ ငွေကြေးအရှိန်အဝါ ကြီးမားတဲ့လူတွေ၊ အာဏာရှိတဲ့လူတွေ လွှမ်းမိုးချယ်လှယ်နေတာ တော်တော်များများ ရှိနေပါသေးတယ်။ အဲဒါကြောင့် အစောကပြောသလိုမျိုး ဝင်းနဲ့ဇော်ကို တကယ်တမ်းကျူးလွန်ခြင်း အထောက်အထား မတွေ့ရသော်လဲ နိုင်ငံခြားသားလည်းဖြစ်တယ်။ နောက်ပိုင်းမှာ ကူညီနိုင်တဲ့လူလည်း ရှိမှာမဟုတ်ဘူး။ ဒီလိုမျိုးအမှုကို ငါတို့မြန်မြန်ဆွဲတင်ပြီး ပြစ်ဒဏ်ပေးလိုက်မယ်ဆိုရင် ငါတို့ရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားသားတွေ ယုံကြည်မှု ရှိလာမယ်ဆိုတဲ့ အချက်အလက်တွေလည်း ပါလိမ့်မယ်လို့ ကျနော်တို့က ယူဆပါတယ်။
မေး ။ ။ ဆိုတော့ တရားခံအစစ်ကိုကော ဖော်ထုတ်နိုင်တဲ့ အခြေအနေ ဘာကြောင့် မရှိရသလဲ။
ဖြေ ။ ။ ကျနော်တို့ သိရသလောက်က တရားခံအစစ် ဖြစ်တဲ့လူက ငွေကြေးအရှိန်အဝါရှိတဲ့ သူတွေရဲ့ လက်ကိုင်တုတ်လို ဖြစ်နေတဲ့ ပုံစံမျိုးကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့တခါ ဒီငွေကြေးတတ်နိုင်တဲ့ ဟိုတယ်ပိုင်ရှင်ကပဲ ဒီအမှုမှာ သက်သေခံအထောက်အထားတွေ အကုန်လုံးကို ဖျောက်ဖျက်နိုင်ဖို့အတွက် ရဲနဲ့ပေါင်းပြီးတော့ ဆောင်ရွက်တယ်လို့ ကြားသိရပါတယ်။
မေး ။ ။ ဆိုတော့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစနစ်ကို နည်းနည်းမေးခွန်းထုတ်ချင်ပါတယ်။ ထိုင်းက အစောတုန်းက ဒီမိုကရေစီ ဖြစ်လာခဲ့တယ်။ အခုတော့ ဒီမိုကရေစီတပိုင်း ဖြစ်နေတယ်။ များသောအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ တရားစီရင်ရေးက လွတ်လပ်တယ်။ တရားစီရင်ရေးက မျှတမှု ရှိတယ်လို့ လူတိုင်းက ခံယူထားကြတယ်။ ထိုင်းနိုင်ငံ တရားဥပဒေစနစ်က ဒီမိုကရေစီ ဖြစ်ရဲ့သားနဲ့ ဘယ်နေရာမှာ သွားမှားနေလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က ကျနော်တို့ အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံနဲ့ သိပ်တော့ထူးခြားလှတယ်လို့တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ (၄) ရက်နေ့ကပဲ ဖြစ်သွားတာရှိတယ်။ တရားသူကြီးတယောက်က ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ပြီးတော့ အဆုံးစီရင်တဲ့ကိစ္စ ဖြစ်သွားတယ်။ စစ်တပ်က စွဲဆိုတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ (၃) ယောက်ကို သေဒဏ်ပေးခိုင်းတယ်။ နှစ်ယောက်ကို တသက်တကျွန်း ချမှတ်ဖို့အတွက် ဖိအားပေးတယ်။ တကယ်တမ်း အမှုကို စစ်ဆေးတဲ့အခါမှာ အဲဒါတွေ မပေါ်ပေါက်တဲ့အတွက် တရားသူကြီးကိုယ်တိုင်ကိုယ်က တရားခံတွေကို လွှတ်ပေးပြီးတော့ မိမိကိုယ်ကိုယ် မိမိအဆုံးစီရင်သွားတဲ့ သာဓကမျိုးလည်း ရှိပါတယ်။
အဲဒီတော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမှာက အာဏာပိုင်တွေရယ်၊ ငွေကြေးတတ်နိုင်တဲ့ လူတွေက တော်တော်များများ လွှမ်းမိုးချယ်လှယ်နေဆဲ ရှိနေသေးတယ်လို့ တွေ့ရပါတယ်။
မေး ။ ။ အခုန တရားသူကြီး ကိုယ့်ကိုယ်ကို လုပ်ကြံသွားတာ ထိုင်းနိုင်ငံမှာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ ရလာဒီခရိုင် တရားသူကြီးပါ။ (၄) ရက်နေ့က ဖြစ်သွားတာပါ။
မေး ။ ။ တရားသူကြီးကိုယ်တိုင်က တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ကျင့်သုံးနိုင်တဲ့ တိုင်းပြည်ဖြစ်နေတာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ နယ်စပ်ဒေသတလျှောက်မှာ တိုင်းရင်းသားဒေသတွေက လာရောက်ပြီးတော့ အလုပ်လုပ်ကိုင်တဲ့လူတွေ၊ မသိနားမလည်တဲ့ လူတွေတော်တော်များများ ဥပဒေမဲ့ ဖမ်းဆီးအပြစ်ပေးခံနေရတယ်ဆိုတာကို ကျနော်တို့ နယ်စပ်ဒေသတလျှောက်မှာ နေကတည်းက အတွေ့အကြုံတွေရ တွေ့ရပြီးဖြစ်ပါတယ်။
မေး ။ ။ ဦးမင်းလွင်ဦးတို့ရဲ့ အာရှလူ့အခွင့်အရေးကောင်စီအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သုတေသနပြုတာ၊ တစုံတခုအရ ဖော်ထုတ်ပြောဆိုတာတွေ ရှိပါသလား။
ဖြေ ။ ။ ရှိပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး ပတ်သက်ပြီးတော့ လူ့အခွင့်အရေးရှေ့နေ ဆုန်ချိုင်း ပျောက်ဆုံးသွားတဲ့ကိစ္စ။ အခုအချိန်အထိ ဘယ်သူသတ်သွားမှန်းမသိသေးတဲ့ ပျောက်ဆုံးသွားတဲ့ကိစ္စ။ နောက်ပြီးတော့ တက်ဆင်အစိုးရလက်ထက်မှာ ဥပဒေမဲ့ သတ်ဖြတ်တဲ့ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စဉ်ဆက်မပြတ် ထောက်ပြပြောဆိုမှုတွေ ရှိတယ်။ တောင်းဆိုမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတာတွေ ရှိပါတယ်။
မေး ။ ။ ထိုင်းနဲ့တဆက်တည်း အကျုံးဝင်မယ်ထင်လို့ မေးခွန်းတဆက်တည်း မေးချင်ပါတယ်။ ဖိလစ်ပိုင်မျာလဲ မူးယစ်ဆေးဝါး နှိမ်းနင်းတဲ့နေရာမှာ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိတယ်လို့ ပြောကြပါတယ်။ ဆိုတော့ အရှေ့တောင်အာရှတခုလုံး လွှမ်းခြုံပြီး ပြောရမယ်ဆိုရင် တရားဥပဒေစနစ်ဟာ ယိုးယွင်းနေတယ် ဘာညာဝေဖန်နေကြတာ မြန်မာတနိုင်ငံတည်း မဟုတ်ဘူးလို့ ဖြစ်နေတာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဥပမာပြောရရင် ကမ္ဘောဒီးယား၊ အတိုက်အခံပါတီကို ထောက်ခံတဲ့ ဂျာနယ်လစ်တွေကို ဖမ်းဆီးအရေးယူတဲ့ကိစ္စတွေ ရှိတယ်။ ထိုနည်းတူစွာပဲ ဗိယက်နမ်မှာလည်း ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ကိစ္စရပ်တွေမှာ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ဖို့အတွက် တရားရုံးတွေကို ဖိအားပေးခံရတယ်။ လားအိုနိုင်ငံမှာလည်း ဒီလိုပါပဲ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးနေတာတွေကို ကျနော်တို့ အမြဲတမ်း တွေ့နေရပါတယ်။ အရှေ့တောင်အာရှမှာ စံထားပြီးပြောလို့ရတဲ့နိုင်ငံဆိုလို့ စင်္ကာပူနိုင်ငံ ရှိတယ်။ ဒုတိယမဆိုးဘူးလို့ ပြောလို့ရတဲ့နိုင်ငံကတော့ မလေးရှားနိုင်ငံ ရှိတယ်။ ဒီနှစ်နိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာတော့ အာဏာပိုင်တွေနဲ့ ငွေကြေးတတ်နိုင်သူတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို တရားရုံးတွေက ငြင်းဆန်နိုင်စွမ်း မရှိသေးဘူးဆိုတာကို ကျနော်တို့ အမြဲတမ်းတွေ့နေရပါတယ်။
မေး ။ ။ နိဂုံးချုပ်ရရင်တော့ တရားဥပဒေစနစ် ချွတ်ခြုံကျနေတယ်ဆိုတာ နိုင်ငံတခုချင်းရဲ့ ပြဿနာ မဟုတ်ဘဲနဲ့ ဒေသတခုလုံးရဲ့ ပြဿနာ။ ဒေသတွင်းတခုလုံးရဲ့ ပြဿနာလို့ ပြောလို့ရတဲ့သဘော ဖြစ်နေမလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ နိုင်ငံတော်အာဏာပိုင်တွေရဲ့ အကျိုးစီးပွားလည်း ထိခိုက်လာမယ်။ နောက်ပြီးတော့ ငွေရှင်ကြေးရှင်တွေလည်း စီးပွားရေးတွေလည်း ထိခိုက်လာမယ်ဆိုလို့ရှိရင် တရားစီရင်ရေးစနစ်တွေက ကျနော်တို့ အရှေ့တောင်အာရှမှာ ခိုင်ခိုင်မာမာ ရှိနေသေးတဲ့ အခြေအနေ မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။