Your browser doesn’t support HTML5
မြန်မာနိုင်ငံတိုင်းရင်းသားပြဿနာ ပြေလည်ရေးဟာ လာမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးမယ့် အဓိက အကြောင်းအရာတရပ် ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ AA နဲ့ တိုက်ပွဲပြင်းထန်လတဲ့ကိစ္စ ဖွဲ့စည့်ပုံအရ တိုင်းရင်းသားများ ရပိုင်ခွင့်ပိုပေးရေးကိစ္စတို့ဟာ ဘယ်လောက် အရေးကြီးပါသလဲ၊ ရွေးကောက်ပွဲကို ဘယ်လို ရိုက်ခတ်နိုင်သလဲဆိုတာ မြန်မာပြည်မှာအခြေစိုက် တာဝန်ထမ်းဆောင်ပြီး အခုမှ ဝါရှင်တန်ဒီစီ ကို ပြန်လည်ရောက်ရှိလာတဲ့ VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ကိုကျော်ကျော်သိန်း ဒီတကြိမ် မြန်မာပြည်ကိုသွားခဲ့တဲ့အချိန်က မြန်မာနိုင်ငံမှာ တော်တော်အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်နေတယ်လို့ပြောရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ ပထမဦးဆုံးတချက်က AA တိုက်ခိုက်မှုဖြစ်ပြီးတော့ ရခိုင်ဘက်မှာ AA နဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာတာကို တွေ့ရတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်မှုရှိလာနိုင်တယ်လို့ ထင်ပါလဲ။ လူတွေရဲ့သဘောထားကော ဘယ်လိုဖြစ်လာလဲ။ တပ်မတော်ကို ပိုပြီးအားကိုးလာကြလား။ သို့တည်းမဟုတ် ဒေသခံတွေက AA ဘက်ကိုများ ယိမ်းကြလား။
ဖြေ ။ ။ AA က နယ်ခြားစောင့်ရဲကင်းစခန်းတွေကို တိုက်ခိုက်တဲ့ကိစ္စက အတော်လေးရိုက်ခတ်တယ်လို့တော့ သေချာပေါက်ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမတိုင်ခင်မှာ အခြားပြည်နယ်တွေမှာ၊ အခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ရှိနေခဲ့ပြီးတော့ ရခိုင်ဘက်က နှစ်ပေါင်းများစွာ အခုလောက်ကြီးတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ရိုက်ခတ်မှုမရှိခဲ့တာ ကြာပါပြီဆိုတော့ AA က ရဲစခန်းတွေကို တိုက်ခိုက်လိုက်တဲ့အတွက် ရခိုင်ဘက်က လှုပ်ခတ်သွားတာဆိုရင် ဒီနေ့စကားပြောနေတဲ့ အချိန်အထိပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လူထုရဲ့အမြင်၊ ဒေသခံတွေရဲ့အမြင်ဆိုရင်တော့ နည်းနည်းလေး ကွဲတယ်လို့ ပြောရမှာပါ။ ကျနော်သိခဲ့ရသလောက်၊ တွေ့ဆုံမေးမြန်းခဲ့ရသလောက်၊ စကားပြောခဲ့ရသလောက် ရခိုင်ဘက်က ဒေသခံတွေကတော့ ဒီလိုမျိုး ရဲကင်းစခန်းတွေ တိုက်ခိုက်တာ၊ စစ်ဖြစ်တာ၊ လူတွေသေကြကြေကြ ဖြစ်ကြတာကို လက်မခံဘူးဆိုရင်တောင်မှ AA အဖွဲ့ကို အပြင်းအထန်ဆန့်ကျင်တဲ့ စကားမျိုး၊ လေသံမျိုး ကျနော် မကြားခဲ့ရပါဘူး။
ဒါပေမဲ့ ရခိုင်ပြည်မဟုတ်တဲ့ တခြားဒေသတွေကတော့ ကျနော် ရောက်တဲ့နေရာအပိုင်းကို ပြောတာပါ။ တခြားဒေသဆိုလို့ မြန်မာပြည်အနံှအပြားလည်း ရောက်ခဲ့တာ မဟုတ်ပါဘူး။ တခြားဒေသတွေမှာတော့ ဒီလို AA တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ဘဝင်မကျတဲ့ လေသံမျိုးတွေ ကြားခဲ့ရတာ ရှိပါတယ်။ အဲဒီအပေါ်မှာ တပ်မတော်အပေါ်မှာ ထောက်ခံမှု ပိုများလားသလားဆိုတာကတော့ လက်ရှိအခြေအနေမှာ သေချာပေါက် ပြောနိုင်သေးတဲ့ အနေအထားမရှိဘူးလို့ ဆိုရမှာပါ။
မေး ။ ။ ဒါက ပြည်သူတွေရဲ့ သဘောထား။ နောက်တခါ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအချင်းချင်းကြားမှာ သဘောထား ဘယ်လိုရိုက်ခတ်မှု ရှိလာနိုင်ပါလဲ။ အထူးသဖြင့် AA က စပြီးတော့ ပြောလိုက်သလို ဆိုရမှာပဲ - ဖယ်ဒရယ်ပြည်ထောင်စုမှု မဟုတ်ဘူး။ ကွန်ဖယ်ဒရိတ် ဖြစ်ချင်တယ်။ ပိုပြီးလျော့ရဲတဲ့ ပြည်ထောင်စု၊ ဗဟိုချုပ်ကိုင်မှု ပိုမိုလျော့ရဲတဲ့ ပြည်ထောင်စုသဘောမျိုး လုပ်မယ်လို့ ပြောလာတယ်။ တကယ်တော့ ဝကိုပေးထားတဲ့ ပုံစံဖြစ်တယ်။ သူတို့ တရားဝင်တာ မဖော်ပြထားပေးမယ့် အဲဒီပုံစံ ဖြစ်တယ်။ အဲဒီလို ပြောတာနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားအင်အားစုတချို့ကတော့ ဒါကိုဆန့်ကျင်ပြီး မပြောဘူး။ အဲဒီအတိုင်း လိုက်ပြောချင်တဲ့ တိုင်းရင်းသားအင်အားစုတချို့ကိုလည်း ကြားရပါတယ်။ ကိုကျော်ကျော်သိန်း တွေ့ကြုံသိရှိခဲ့ရတာကိုလည်း ပြောပြပါ။
ဖြေ ။ ။ ကျနော် စစ်တွေရောက်တုန်းက ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်ကြီးတယောက်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မှတ်တမ်းတင်အသံကူးယူခြင်း မဟုတ်ဘဲနဲ့ Off-the-record စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီလို စကားပြောခွင့်ရတဲ့အတွက်လဲပဲ အမြင်သဘောထားတွေကို တော်တော်လေး ပွင့်ပွင့်လင်းလင်း ကြားခဲ့ရပါတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးက ဘာပြောသလဲဆိုတော့ နိုင်ငံရေးမှာ တောင်းချင်သလို တောင်းလို့ရတာပဲ ဒါအမြင့်ဆုံးပြောတာပဲ။ ဒီအတိုင်းဖြစ်လိမ့်မယ်လို့၊ ဖြစ်ကိုဖြစ်ရမယ်လို့ ပြောတာမှမဟုတ်ဘဲ။ အမြင့်ဆုံးတောင်းတာ ဘာမှမမှားဘူး။ နိုင်ငံရေးမှာ ဒီလိုပဲတောင်းမှာပဲ၊ ဒီလိုပဲ ပြောမှာပဲ။ သူ့ရဲ့ပြောပုံဆိုပုံကနေ အရိပ်ဖမ်းအသံဖမ်း သိရတာက ဒီ Confederate ဆိုတဲ့ တောင်းဆိုချက်အပြောပေါ်မှာ အများစုက သေချာပေါက်ကြီး သဘောတူလှတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ သို့သော် AA အဖွဲ့ဘက်က ဒီလောက်အထိ တင်ထားပြီးတော့ ပြောတာကတော့ နိုင်ငံရေးမှာ နိုင်ငံရေးအကွက်အရ ရွှေ့ပြီးလုပ်တဲ့ဆိုတဲ့ သုံးသပ်ချက်မျိုးကို ကြားသိခဲ့ရပါတယ်။
မေး ။ ။ ဟုတ်တယ်။ ကြွေးကြော်သံဟာ ရည်မှန်းချက်ပန်းတိုင်မဟုတ်ဘူးဆိုတဲ့အတိုင်းပေါ့။ ဆိုတော့ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ သဘောထား - AA ရဲ့ တိုက်ခိုက်မှု၊ AA ရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရှိလဲ။
ဖြေ ။ ။ AA ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က တရားဝင်ထုတ်ပြောကြတာတွေ၊ ကျနော်တို့ ဆက်သွယ်မေးမြန်းချက်တွေမှာ Off-the-record ပြောတာတွေအရ အများစုက အပြင်းအထန်ပြစ်တင် ရှုတ်ချတာမျိုး မတွေ့ရပါဘူး။ တပ်မတော်ဘက်ကနေ နေပြီးတော့ AA ကို ပြန်ပြီးတော့ နှိမ်နှင်းဖို့အတွက် ကြိုးစားတဲ့အခါမျိုးမှာ၊ လုပ်တဲ့အခါမျိုးမှာ ဒီဟာကို တွေ့ဆုံဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အဖြေရှာဖို့ဆိုပြီး ပြောတာမျိုးတွေ တွေ့ရပါတယ်။ ဆိုတဲ့အခါကြတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဆိုတာတော့ တဖွဲ့နဲ့တဖွဲ့ ရိုင်းပင်းအားပေးပြီးတော့ သွားရမယ်ဆိုတဲ့ အခြေခံသဘောထား ရှိကြပုံရပါတယ်။ AA က တိုက်ခိုက်လာတဲ့အပေါ်မှာ ဒါကတော့ ပြဿနာကို ပိုဆိုးသွားစေမယ်။ ဒီလိုတော့ မလုပ်ကြနဲ့ဆိုတဲ့ ဟန့်တာမျိုးတွေ မကြားရပါဘူး။ တိုက်ပွဲတွေပြင်းထန်လာတဲ့အပေါ်မှာတော့ နှစ်ဘက်တွေ့ဆုံပြီးတော့ စကားပြောကြပါဆိုပြီးတော့ တိုက်တွန်းတာမျိုးတွေတော့ တွေ့ရပါတယ်။
မေး ။ ။ နောက်တခုက AA ကို နှိမ်နှင်းတဲ့နေရာမှာ ရဟတ်ယာဉ်သုံးပြီးတော့၊ လေတပ်အင်အားသုံးပြီးတော့ နှိမ်နှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမိန့်ပေးတယ်ဆိုပြီးတော့ ပြောတာဟာ ကျနော်တို့ကတော့ ဒီမှာ တဆင့်စကားကြားတော့၊ အတွင်းစကားကော ကြားမိပါလား။ တကယ်ကော ဟုတ်နေသလား။ သို့တည်းမဟုတ် သူကို အသုံးပြုလေသလား။ ဘယ်လိုသုံးသပ်ကြပါလဲ။
ဖြေ ။ ။ အဲဒါက အတော်လေး အခြေအတင်ဖြစ်ဖွယ်ရာ ရှိတယ်လို့ ဆိုရမှာပါ။ တပ်မတော်ဘက်က အဲဒီလိုပြောပြီး နောက်ပိုင်းမှာ သိတဲ့အတိုင်းပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ကနေ ဒီပြောဆိုဆွေးနွေးမှုဟာ ခေါင်းဆောင်တွေကြား ပြောဆိုဆွေးနွေးမှုဖြစ်တဲ့အတွက် ဒါကိုထုတ်ပြောလို့ မရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို တကယ်ပဲ ခွင့်ပေးလိုက်သလား၊ မပေးဘူးလားဆိုတာကို တရားဝင်ငြင်းဆိုသွားတာမျိုး မရှိပါဘူး။ တပ်မတော်ဘက်ကလဲ လူသိရှင်ကြား ဒီလို လိုအပ်ရင်သုံးပါဆိုပြီ ခွင့်ပြုတယ်ဆိုတာ လူသိရှင်ကြား ပြောခဲ့တယ်။ အဲဒီလိုပြောတော့ ကျနော်တို့က ကျိုးကြောင်းဆီလျော်စွာ စဉ်းစားကြည့်မယ်ဆိုရင် တကယ်ပဲ သမ္မတဦးဝင်းမြင့်ကဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကဖြစ်ဖြစ် ဒါမှမဟုတ် သူတို့အားလုံးကဖြစ်ဖြစ် လိုလိုလားလား သဘောတူညီချက်နဲ့ လိုအပ်ရင် ရဟတ်ယာဉ်ကို သုံးပါလို့ မပြောဘဲနဲ့ တပ်မတော်က လူသိရှင်ကြား ဗြောင်ကြီးပြောပါ့မလားလို့ စဉ်းစားစရာ ရှိပါတယ်။ တဘက်ကလဲ ဒါနဲ့ပတ်သက်ပြီးတော့ မဟုတ်ပါဘူးလို့ တစုံတရာငြင်းတာ တစွန်းတစ နောက်ကွယ်မှာလဲ မကြားရပါဘူး။ လူသိရှင်ကြားလည်း မကြားသိခဲ့ရပါဘူး။
မေး ။ ။ အခုဒီအချိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာကတည်းက ထိပ်တန်းဦးစားပေး လုပ်ငန်းတခုဖြစ်တဲ့ တိုင်းရင်းသားပြဿနာ ပြေလည်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဲဒီအတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီလိုအပြောအဆိုတွေ၊ ဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာတော့ အဲဒီကိစ္စကို ထိခိုက်မယ်လို့ ထင်ပါတယ်။ အဲဒီအရာရဲ့ အလားအလာကော။
ဖြေ ။ ။ ဒီ AA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ၊ တခြားလူမျိုးစုလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ဟာတွေ၊ သဘောထားတွေ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အခြေအနေတစုံလုံးသည်၊ အခုကြွေးကြော်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ဦးတည်တဲ့ စစ်မှန်တဲ့ အလားအလာမျိုးတော့ မဟုတ်ဘူး။ အခက်အခဲ အများကြီး ဖြစ်လာစေတယ်။ နောက်ပြန်ဆွဲတာတွေ အများကြီး ဖြစ်လာနိုင်စေတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလို့ ပြောနေတဲ့ကိစ္စက သိပ်မကြာခင်အတွင်းမှာ ရမယ်ဆိုတဲ့ အလားအလာမျိုးကတော့ အတော်နည်းတယ်လို့ ပြောရလိမ့်မယ်။
မေး ။ ။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မရသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပြည်သူလူထု ထောက်ခံမှု၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာတော့ အစကတည်းက သိပ်အားမကောင်းလှဘူးလို့ ပြောရမှာပေါ့။ တချို့နေရာတွေမှာဆိုရင် သူတို့ရှုံးတယ်။ အရေးနှိမ့်တယ်ဆိုတော့ ဒီလို ဖြစ်ရပ်တွေ ဖြစ်ပြီးတော့ နောက်လာမယ့် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအင်အား ဘယ်လိုဖြစ်လာနိုင်ပါလဲ။ နောက်တခု ဒီဟာနဲ့ ဆက်စပ်ပြီးတော့ တပေါင်းတည်းပြောဆိုချင်တာက ပါတီသစ်တွေ ပေါ်လာတယ်။ ပြည်သူ့ပါတီတို့ ဘာတို့စသဖြင့်ပေါ့ - အဲဒီပါတီတွေ ပေါ်လာတာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မချိုးနှိမ်နိုင်ရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲကို ခွဲယူသွားနိုင်တဲ့ အင်အားစုတွေဖြစ်တယ်လို့ တချို့က သုံးသပ်ရေးသားကြတာကို တွေ့ရပါတယ်။ ကိုကျော်ကျော်သိန်း ဘယ်လိုတွေ့ခဲ့ပါလဲ။
ဖြေ ။ ။ တိုင်းရင်းသားဒေသတွေမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အလားအလာနဲ့ ပတ်သက်လို့တော့ ကျနော် အလွတ်သဘော ပြောဆိုခဲ့သမျှ၊ တရားဝင်တွေ့ဆုံမေးမြန်းခဲ့သမျှ အဲဒီလူတွေအားလုံးရဲ့ အမြင်ကတော့ ၉၅၊ ၉၆၊ ၉၇ ရာခိုင်နှုန်းလောက် ထပ်တူကျတယ်လို့ ပြောရမှာပါ။ ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရင် ၂၀၁၅ ရွေးကောက်ပွဲလောက် အလားအလာ ကောင်းလိမ့်မယ် မဟုတ်ဘူးလို့ တထပ်တည်း သုံးသပ်ကြပါတယ်။ ဘယ်လောက်အထိ အလားအလာ မကောင်းဘူးလဲ၊ ဘယ်လောက်အထိ ဆိုးသွားနိုင်သလဲ ဆိုတာကတော့ အခုလာမယ့် တနှစ်ကာလအတွင်းမှာ NLD ဘက်က ဘယ်လောက်အထိ လှုပ်ရှားလာအုံးမလဲ။ အပြောင်းအလဲတွေ လုပ်လာအုံးမလဲဆိုတဲ့ အခြေအနေပေါ် မူတည်ပါလိမ့်မယ်။
နောက်တခု ပါတီသစ်တွေ ပေါ်လာတဲ့ကိစ္စ။ ပါတီသစ်တွေ ပေါ်လာတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ သူတို့က ဒါက အဖွဲ့အစည်းပေါင်းစုံ၊ ပါတီပေါင်းစုံ လှုပ်ရှားကြတာ ဒီမိုကရေစီရဲ့ သဘောသဘာဝ ဖြစ်တယ်လို့ ပြောပေမယ့် အနည်းနဲ့အများဆိုသလိုတော့ ကွဲမှာပါပဲ။ NLD အတွက် ဘယ်လောက်အထိ ထိခိုက်စေမလဲဆိုတာကတော့ ကျနော် အခုနပြောသလိုပါပဲ ကျန်တဲ့ တနှစ်တာကာလအတွင်းမှာ NLD အနေနဲ့ ဘယ်လောက်အထိ ရွေ့လာအုံးမလဲ။ ဘယ်လောက်အထိ သူတို့ဘက်က လှုပ်ရှားလာအုံးမလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်လိမ့်မယ်လို့ ကျနော်ကိုယ်တိုင်အနေနဲ့ အဲဒီလို သုံးသပ်ပါတယ်။
မေး ။ ။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အဓိက တိုင်းရင်းသားဒေသတွေမှာ မလိုက်လျောနိုင်တဲ့အချက် - ဥပမာ ရခိုင်ဒေသခံပါတီက မဲအပြတ်အသတ်နိုင်ခဲ့သားနဲ့ ဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့လူကို ခန့်လိုက်တယ်။ တိုင်းရင်းသားဒေသတွေရဲ့ ထောက်ခံမဲအတွက် တိုင်းရင်းသားပါတီတွေ မဲနိုင်ရင် တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီက ဝန်ကြီးချုပ်ကို ခန့််ခွင့်ပြုမယ်ဆိုတဲ့ ကိစ္စဟာ တိုင်းရင်းသားတွေ လိုချင်ကြတဲ့ကိစ္စ ဖြစ်မယ်ထင်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကာချုပ်က တလောက သတင်းစာထဲမှာ ဒီလိုပြောပေးမယ်ဆိုတဲ့ လေသံလေး နည်းနည်းလေး ပစ်သွားတာကို တွေ့ရတယ်။ ဘယ်လောက်ရိုက်ခတ်မယ် ထင်လဲ။
ဖြေ ။ ။ အဲဒီဟာက အဲဒီပုဒ်မကို ပြင်ဖို့အတွက် စပြီးတော့ တွန်းနေကြပါပြီ။ ပြည်ခိုင်ဖြိုးအပါအဝင် ကျန်တဲ့ပါတီတွေက ထောက်ခံတာတွေ ရှိပါတယ်။ တခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီအပေါ်မှာ ထောက်ခံတာတွေ ရှိပါတယ်။ အဲဒီကိစ္စကတော့ ဖြစ်လာနိုင်ခြေ အတော်လေးများတယ်လို့ ကျနော်တယောက်တည်းအမြင်နဲ့ မြင်မိတယ်။ နောက်တခုက ဒါကလဲ တိုင်းရင်းသားဒေသတွေမှာ ထောက်ခံမှု ဆက်ပြီးတော့ ရနေချင်သေးတယ်ဆိုရင် ရှေ့လျှောက်သွားရမယ့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွေအားလုံး အားကောင်းမောင်းသန် ဆက်လုပ်သွားဖို့ဆိုရင် NLD အနေနဲ့ အလွယ်ဆုံးနဲ့ လိုက်လျောသင့်တဲ့ ကိစ္စတခုပါပဲ။ ဖြစ်လဲဖြစ်သင့်ဆုံးကိစ္စတခုပါ။ အဲဒီကိစ္စကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း ဖြစ်လာနိုင်ချေ ရှိပါတယ်။ NLD အနေနဲ့လည်း ဒီဟာပေါ်မှာ လိုက်လျောနိုင်ခြေ ရှိတယ်လို့ ကျနော် အဲဒီလိုမျိုး သဘောရပါတယ်။