ရွေးကောက်ပွဲအလွန် ပြုပြင်ပြောင်းလဲရေး အလားအလာ

Your browser doesn’t support HTML5

ရွေးကောက်ပွဲအလွန် ပြုပြင်ပြောင်းလဲရေး အလားအလာ

၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အနိုင်ရနိုင်ခြေ ရှိပေမယ့် ပြုပြင်ပြောငးလဲရေး မှာ အခက်အခဲတွေ ရှိနိုင်သေးတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးတင်မောင်သန်း က ဆိုပါတယ်။ အသေးစိတ်ကို ဦးတင်မာင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပတော့မယ်ဆိုတော့ ဘယ်ပါတီနိုင်မယ်။ ဘယ်သူခေါင်းဆောင်ဖြစ်မယ်ဆိုတာ သိပ်အရေးကြီးပါသလား။ သို့တည်းမဟုတ် ဖွဲ့စည်းပုံပြင်ဖို့က အရေးကြီးပါသလား။ သို့တည်းမဟုတ် ဒီဟာထက် ပိုအရေးကြီးတာ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုက ပိုအရေးကြီးတယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဆိုတော့ ဒီဟာကို ပထမဦးဆုံး ဦးတင်မောင်သန်းအနေနဲ့ ဘယ်လိုဖြေချင်ပါလဲ။

ဖြေ ။ ။ ဒီမိုကရေစီကို ရှေ့ရှုတဲ့နိုင်ငံတွင်းမှာ (၁) ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့၊ ပြည်သူလူထုလိုလာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးမယ့် ခေါင်းဆောင်ဖြစ်ဖို့ အရေးကြီးပါတယ်။ မဟုတ်လို့ရှိရင် လမ်းကြောင်းတွေက အမျိုးမျိုးပြောင်းသွားနိုင်ပါတယ်။ ပြည်သူလူထုက လိုလားတဲ့ခေါင်းဆောင်ရပြီးမှ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကတော့ လုပ်လို့ရမယ်ထင်ပါတယ်။

မေး ။ ။ ခေါင်းဆောင်ပြောင်းသွားပေမယ့် ခေါင်းဆောင်အနေနဲ့ လုပ်ခွင့်မသာဘူးဆိုရင်ကော…

ဖြေ ။ ။ အတိုင်းအဆတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်တွေ အားနည်းပါတယ်။ ဘယ်သူပဲခေါင်းဆောင်ဖြစ်ဖြစ် လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ မသွေဖယ်ရေးက ပိုပြီးတော့ အဓိကကျပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံ အတွေ့အကြုံအရ အာဏာရှင်စနစ်၊ အာဏာရှင်ဝါဒ ထွန်းကားလာလို့ရှိရင် အုပ်ချုပ်ရေးက ပျက်သွားပါတယ်။ ဒါကြောင့်မို့ အဲဒီအာဏာပိုင်ဝါဒနဲ့ ကြီးလာခဲ့တဲ့ အလေ့အထများလာခဲ့တဲ့ လူတွေနဲ့ အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲတယ်ဆိုလို့ရှိရင် နောက်မှာ အာဏာပိုင်ဝါဒထဲ ပြန်ပြီးဝင်သွားဖို့ အလားအလာများ ရှိလေမလားလို့ ကျနော်က စိုးရိမ်ပါတယ်။ ဒါကြောင့် ပြောတာပါ။

မေး ။ ။ ဆိုတော့ ခေါင်းဆောင်ပိုင်းဆိုတာထက် အုပ်ချုပ်ပိုင်းယန္တရားဗျူရိုကရေစီကိုလည်း လူသစ်တွေနဲ့ အစားထိုးပြောင်းလဲရမယ်ဆိုတဲ့ သဘောလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။ များသောအားဖြင့် နိုင်ငံတွေဟာ ခေါင်းဆောင်တွေ ပြောင်းပြီးတဲ့အခါမှာ ဗျူရိုကရေစီရဲ့ အရည်အသွေးတက်ဖို့ အစိုးရထိရောက်မှုအတွက် ကြိုးစားကြရပါတယ်။ ၂၀၀၉ ခုနှစ်အထိ လေ့လာထားတဲ့ လေ့လာချက်တခုမှာဆိုရင် အစိုးရထိရောက်ဖို့ဆိုတာ သူတို့သတ်မှတ်ထားတဲ့စံတွေ အဲဒီထဲကိုဖြတ်သွားတဲ့ နိုင်ငံ (၂၀) အဲဒီနိုင်ငံတွေရဲ့ ပျမ်းမျှကိုက (၃၆) နှစ် ကြာပါတယ်။ ဗျူရိုကရေစီရဲ့ အရည်အသွေးမြင့်မားလာဖို့ဆိုတာကိုက နှစ်ပေါင်း (၂၀) ကြာပါတယ်။ ဒါကနိုင်ငံ (၂၀) ရဲ့ ပျမ်းမျှကိုပြောတာ။ အဲဒီ (၂၀) ထဲ မဝင်တဲ့နိုင်ငံတွေ အများကြီးရှိပါတယ်။ သို့သော် မြန်မာ့သမိုင်းကြောင်းအရ ပြောလို့ရှိရင် ဗျူရိုကရေစီအခြေခံကောင်းတွေကို ဖျက်ဆီးခဲ့တာက တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နဲ့ တပ်မတော်အစိုးရလက်ထက်မှာ ပိုပြီးပျက်ဆီးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီကို ရှေ့ရှုတဲ့ခေါင်းဆောင်ကောင်းတယောက်ကို တင်မြှောက်ဖို့ ဒါမှမဟုတ် အဲဒီပါတီ အာဏာရဖို့က တော်တော်လေးအရေးကြီးပါတယ်။

မေး ။ ။ ကျနော် တခုမေးချင်တာက စောစောကပြောတဲ့ နိုင်ငံ (၂၀) ထဲမှာ အဲဒီနိုင်ငံ (၂၀) ရဲ့ နိုင်ငံရေးအခြေအနေ၊ ဖွဲ့စည်းပုံအရ အရပ်သားအစိုးရ လုပ်ပိုင်ခွင့်ရရှိတဲ့ အခြေအနေ စတာတွေဟာ အခုမြန်မာနိုင်ငံအခြေအနေနဲ့ အကြုံဝင်နေပြီလား။ သို့တည်းမဟုတ် ဒီဟာထက်ပိုပြီး လွတ်လပ်မှုရှိတဲ့ နိုင်ငံတွေလား။ ဖွဲ့စည်းပုံအရ စသဖြင့် အရပ်သားလုပ်ပိုင်ခွင့် ရှိတဲ့နိုင်ငံတွေလားဆိုတာကို နည်းနည်းရှင်းပြပါ။

ဖြေ ။ ။ ကျနော် အဲဒီအစီရင်ခံစာကိုတော့ မဖတ်ဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအစီရင်ခံစာက ပိုက်ဆံတွေအများကြီးပေးပြီး ဝယ်ဖတ်ရပါတယ်။ ဒါက နိုင်ငံတွေမှာ သွားရောက်ရင်းနှီးမြုပ်နံှမယ်ဆိုတဲ့ ကုမ္ပဏီကြီးတွေက ဝယ်ယူပြီးတော့ ပြောကြတာပါ။ အဲဒီတော့ အခုနပြောနေတဲ့ အခြေအနေတွေ ကိုက်လား၊ မကိုက်လား။ တူလား၊ မတူလား ဆိုတာထက် အမျိုးမျိုးကွဲကြမှာပါ။ ဒါပေမဲ့ ဒီနိုင်ငံအသီးသီးရဲ့ ပျမ်းမျှကိုယ်က နှစ်ပေါင်း (၂၀) ကျော်၊ (၃၆) နှစ်လောက် ကြာတယ်ဆိုလို့ရှိရင် အနည်းဆုံး ကျနော်တို့က အဲဒီနိုင်ငံ (၂၀) လောက် ဖြည့်ပြီးလုပ်မှ အုပ်ချုပ်မှုကောင်းလေးတခုလောက် ရနိုင်မယ်လို့ ယူဆရမှာပေါ့။

ဆိုတော့ ကိုယ်က သူထက်ပိုပြီးလုပ်နိုင်မယ်ဆိုရင်တော့ နှစ်တွေဒါထက်နည်းပြီး ရောက်သွားမှာပါ။

မေး ။ ။ တချို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲသွားတဲ့ အာဏာရှင်စနစ်က ကူပြောင်းသွားတဲ့ နိုင်ငံတွေ ထိုင်ဝမ်၊ တောင်ကိုးရီးယား စသဖြင့် အဲဒီနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာက လူမျိုးရေး၊ တိုင်းရင်းသား ပဋိပက္ခတွေ၊ နယ်စပ်ဒေသ ပြဿနာတွေ၊ အခုအခါမှာ အနောက်ဘက်နယ်စပ်ပြဿနာတွေ ဖြစ်နေလေတော့ ပြည်သူတွေရဲ့ သဘောထားကလည်း ဒီမိုကရေစီအရေးထက် လူမျိုးဘာသာရေးကို သိပ်ပြီးတော့ အားသွန်ခွန်စိုက် အလေးထားနေကြသလား။ ဒီအချက်ကကော အခုန ပြုပြင်ပြောင်းလဲမှုတွေအတွက် အဟန့််အတား ဖြစ်နိုင်မယ်လို့ စဉ်းစားစရာ မရှိဘူးလား။

ဖြေ ။ ။ နိုင်ငံတွေမှာ အလေးထားတဲ့ကိစ္စရပ်တွေ ရှိပါတယ်။ သော့ချက်ကတော့ ဟန်ချက်ပါ။ ကျနော်တို့လို တိုင်းရင်းသားလူမျိုးတွေ၊ လူမျိုးအရ ဝါဒအရ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံတွေရဲ့ အရေးကြီးဆုံးအချက်ကတော့ တမျိုးသားလုံး စည်းလုံးညီညွှတ်ရေးပါ။ အဲဒီအကြောင်းအချက်က လွတ်လပ်ခွင့်တွေထက် ပိုပြီးတော့ အဓိကကျတယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြဿနာက မရိုးစင်လှပါဘူး။ ခက်ခဲပါတယ်။ အချိန်ယူကောင်း ယူရပါလိမ့်မယ်။ အဲဒီအထဲမှာ အတက်အကျ၊ အနိမ့်အမြင့်တွေလည်း အများကြီး ကြုံရနိုင်ပါတယ်။

မေး ။ ။ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နည်းနည်းကြိုပြီးတော့ ခန့်မှန်းကြည့်ရင်- ဗေဒင်ဆရာတွေ မဟုတ်ကြပေမယ့်လဲ အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ လာမယ့် ရွေးကောက်ပွဲပြီးတဲ့အခါမှာ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ရင်တော့ ပြည်သူလူထု ထောက်ခံမှုရတဲ့ နိုင်ငံအကြီးအကဲ ဖြစ်လာမယ်။ အစိုးရဖွဲ့လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ရွေ့တဲ့အရွေ့က အခုပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ အထိ ရွေ့ခဲ့တဲ့ အရွေ့ထက် ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါသလား။

ဖြေ ။ ။ လေ့လာချက်တခုအရတော့ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ပေါ် ထောက်ခံမှုက (၆၀) ရာခိုင်နှုန်းအထက် (၇၀) ရာခိုင်နှုန်းလောက်နီးနီးကို ရှိနေပါတယ်။ မပြောင်းလဲပါဘူး။ လူထုက ယုံကြည်တဲ့ခေါင်းဆောင်မျိုး မြန်မာနိုင်ငံမှာ တော်တော်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရှားရှားပါးပါးပါ။ သူကို လူထုကချစ်ကြတယ်။ အဲဒီလိုချစ်တာထက်မကဘူး၊ ယုံကြည်ကိုးကွယ်တဲ့အထိ ရှိပါတယ်။ မြန်မာနိုင်ငံ မဲပေးပုံကိုလည်း လေ့လာကြည့်မယ်ဆိုရင် အထူးသဖြင့် ပုဂ္ဂိုလ်ရေးပေါ် အခြေခံပြီး ပေးကြတာဖြစ်ပါတယ်။ ကျနော်တို့ သတင်းစာသမားတွေရဲ့ သုံးသပ်မှုကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ချိန်းထိုးကြည့်တတ်ပါတယ်။ ဒါပေမဲ့ လူထုက မဲပေးတဲ့အခါမှာ အဲဒါတွေ အဓိကကျမယ်လို့ ကျနော်မထင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီကပဲ အနိုင်ရဖို့ အလားအလာများပါတယ်။

မေး ။ ။ ယုံကြည်တယ်ဆိုတာထက် ကိုးကွယ်ဆည်းကပ်တဲ့သဘော personality cult မြန်မာ့နိုင်ငံရေးမှာ အဲဒီဓလေ့မျိုး ရှိနေတဲ့အတွက်ကြောင့် ကိုယ်တိုင်ဆုံးဖြတ်ရဲတာထက် အဲဒီခေါင်းဆောင် တဦးတယောက်ပေါ်မှာပဲ မှီခိုလွန်တယ်။ သူပြောတာမှပဲ အကုန်လုံးဖြစ်တယ်ဆိုတဲ့ သဘောမျိုး။ သူမပြောရင် ဘာမှမလုပ်ရဲတဲ့အတွက်ကြောင့်လဲ တိုးတက်မှုနှောင့်နှေးရတယ်ဆိုပြီး ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ကျနော်နာမည်တော့ မပြောလိုတော့ပါဘူး။ အဲဒီအခြေအနေမျိုးများ မြန်မာနိုင်ငံမှာ ဖြစ်နေလေသလားလို့ မေးလာမယ်ဆိုရင် ဘာပြောမလဲ။

ဖြေ ။ ။ ဒါက မရှောင်မလွှဲသာတဲ့ အကြောင်းအချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အင်မတန်အားကောင်းတဲ့ ခေါင်းဆောင်ကြီးတွေပေါ့ - ဥပမာ မြန်မာနိုင်ငံမှာ အာဏာရသွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာဆိုရင် ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခု ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြောလို့ရတယ်။ ဆိုတော့ အဲဒီလို အားကောင်းခဲ့တာကြောင့်မို့လို့လဲ တွဲလိုက်လာတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ တုန့်ဆိုင်းမှုတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံ ကြုံနေရတာလဲ အဲဒီ အခက်အခဲမျိုးတွေ ဖြစ်ကောင်းဖြစ်မှာပါ။ ဆရာဦးဝင်းတင်နဲ့ တခါ စကားပြောဖူးတဲ့အခါမှာ ဆရာဦးဝင်းတင်က ကြိုပြီးပြောခဲ့တာ ရှိပါတယ်။ ကျနော်တို့မြန်မာနိုင်ငံရေးမှာ အဓိကကြုံရတဲ့ ပြဿနာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ခေါင်းဆောင်တွေကြား ကွာဟတဲ့ အကွာအဟ ကြီးမားနေတာပဲ ဖြစ်ပါတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားခေါင်းဆောင်တွေကြား ကွာဟတဲ့ အကွာအဟထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအခြားခေါင်းဆောင်တွေကြား ကွာဟတဲ့ အကွာအဟက အင်မတန်ကို ကြီးမားပါတယ်။ ဒါကြောင့်မို့ အဲဒီလို ခေါင်းဆောင်မှုမျိုးတွေနဲ့ ယှဉ်တွဲလာတဲ့ အခက်အခဲတွေ ကြုံရမှာပါ။ ဘာကြောင့်လဲဆိုတော့ တည်ဆဲစနစ်ကိုက အဲဒီလို ခေါင်းဆောင်တွေကို ပြန်ပြီးဟန်ချက်ထိန်းနိုင်တဲ့ သူ့သဘောနဲ့သူ စနစ်ကပြောင်းပြီး သွားနိုင်တဲ့ စနစ်မျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒါတွေဟာ ခေါင်းဆောင်ရဲ့ ပြဿနာထက် တည်ဆဲအုပ်ချုပ်ရေးစနစ်ရဲ့ ပြဿနာလို့ပဲ ရှုမြင်လို့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကာလမှာ အားနည်းခဲ့တယ်လို့ ပြောလို့ရတာကတော့ သဘာဝကျစွာပဲ စစ်တပ်ကျောထောက်နောက်ခံ မဟုတ်တဲ့ ပါတီတခုက အစိုးရလုပ်ရတဲ့အခါမှာ တည်ငြိမ်ရေးကို ဦးစားပေးရပါတယ်။ အပြောင်းအလဲဆိုင်ရာ စာပေတွေကို ကြည့်မယ်ဆိုရင် တည်ငြိမ်ရေးနဲ့ အပြောင်းအလဲဆိုတာ အပြိုင်ဆွဲနေကြတဲ့ အကြောင်းပြိုင်တွေဖြစ်တယ်။ အဲဒါကြောင့် အဲဒီအကြောင်းပြိုင်ဇယားမှာဆိုရင် ပထမသက်တမ်းကာလကတော့ မလွှဲမရှောင်သာ တည်ငြိမ်ရေးကို ဦးစားပေးကြတယ်။ ဒါကလဲ သူ့အကြောင်းနဲ့သူ လုံလောက်တယ်လို့ ယူဆပါတယ်။ ဒုတိယသက်တမ်းမှာတော့ ပြောင်းလဲရေးဘက်ကို လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မေး ။ ။ တည်ငြိမ်မှုလည်း ပိုကောင်းလာမယ်ပေါ့။

ဖြေ ။ ။ တည်ငြိမ်မှုကတော့ - တည်ငြိမ်မှုကို ပြောတဲ့အခါမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လာတယ်။ တပ်မတော် ဆက်ဆံရေးနဲ့ ပတ်သက်လာတယ်။ ဒါတွေကတော့ နိုင်ငံရေးအရ တည်ငြိမ်မှုတခုလုံးနဲ့ အနှောင့်အယှက် အခက်အခဲအရေး ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုလို့ ပြောတဲ့အခါမှာ အုပ်ချုပ်ရေးယန္တရားအတွင်းက တည်ငြိမ်မှုသဘောအရ ပြောမယ်ဆိုရင်တော့ ထိန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ တချို့နိုင်ငံတွေမှာ နိုင်ငံရေးအပြောင်းအလဲ ဘယ်လိုပဲဖြစ်ဖြစ် အုပ်ချုပ်ရေးယန္တရား၊ ဗျူရိုကရေစီအရ ခိုင်မာနေရင် အဲဒါဆက်သွားနေတယ်။ ထိုင်းမှာလဲ ဒီလိုဟာတွေ အများကြီးရှိတယ်။ ဥရောပမှာလည်း - အီတလီတို့ဘာတို့ဆိုရင် အစိုးရက မကြာခဏ ပြောင်းနေခဲ့ပေမယ့် သူတို့ ဗျူရိုကရေစီကနေ စီမံခန့်ခွဲသွားကြတယ်လို့ လူတွေက ထောက်ပြကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာတော့ အဲဒီလို ဖြစ်နိုင်ဖို့ ဝေးသေးတယ်ပေါ့။ လောလောဆယ်မှာ…

ဖြေ ။ ။ အမှန်ပါပဲ။ ဒါကလဲ ကျနော့်မိတ်ဆွေ ပြည်သူ့လွှတ်တော်မှာ ပါတီတခုရဲ့ ဥက္ကဋ္ဌပေါ့။ နာမည်တော့ ထုတ်ဖော်မပြောချင်ပါဘူး။ ဥက္ကဋ္ဌ ပြောသလိုပါပဲ … ကျနော်တို့ရဲ့ ပြဿနာက ခိုင်းတာပဲ လုပ်တတ်တယ်။ ခိုင်းလည်း မခိုင်းတတ်တဲ့ ပြဿနာဆိုပြီး သူကြုံနေရတဲ့ ပြဿနာကိုချုပ်ပြီးပြောပါတယ်။ ဒါတွေအားလုံးက လက်ရှိအစိုးရရဲ့ လုပ်ခဲ့တာထက် အရင်အစိုးရအဆက်ဆက်ကြောင့် ကြုံရတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒါကို လက်ရှိအစိုးရက အမွေးဆက်ခံခဲ့ရတယ်။ အဲဒီအထဲက ထွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲတဲ့ အရှိန်ကို နှေးနေတာကလဲ ဒါကတော့ လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။