Your browser doesn’t support HTML5
မြန်မာနိုင်ငံ မှာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်စွမ်းရှိတဲ့သူ တပ်မတော်ထဲမှာ မမြင်သေးဘူးလို့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက ပုလဲမြို့နယ် NLD ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ရာမှာ အခုလက်ရှိတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေးရည်မှန်းချက် ရှိနေတယ်ထင်သလားဆိုတဲ့ မေးခွန်းကို ဒေါက်တာတင့်ဆွေက အခုလိုစဖြေပါတယ်။
ဖြေ ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြည့်လို့ရှိရင်တော့ သူ နိုင်ငံရေးထဲကို ဝင်လာမလားဆိုတဲ့ မေးခွန်းကတော့ အင်မတန်မှ ဆီလျော်တဲ့ မေးခွန်းဖြစ်ပြီးတော့ စူးစမ်းလေ့လာထိုက်တဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဝင်မဝင်ကတော့ သူကိုယ်တိုင်ပဲ သိမှာပေါ့။ သို့သော်လဲ သူလုပ်နေတာတွေကို မြင်နေရတဲ့ခြေလှမ်းတွေအရတော့ တစုံတခုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာလို့တော့ မြင်ပါတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ကိစ္စကိုကြည့်ရင်တော့ နိုင်ငံရေးခြေလှမ်းလို့ မမြင်ဘဲနဲ့ နိုင်ငံတကာကနေ ICT လို ခုံရုံးကိစ္စတွေ။ နောက်တခါ Sanction လို့ခေါ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို သက်သာရာသက်သာအောင် လုပ်နေသလားလို့ ကျနော်က ထင်ပါတယ်။ နိုင်ငံရေးထဲ ဝင်မယ်မဝင်ဘူးကတော့ အတိအကျ ပြောလို့တော့မရဘူး။ သို့သော် မဖြစ်ဘူးလို့တော့ ကျနော်က မမြင်ဘူး။
မေး ။ ။ ဆိုတော့ သူနိုင်ငံရေးထဲ ဝင်လာပြီလို့ ကျနော်တို့ မှတ်ယူပြီး ဆွေးနွေးကြည့်မယ်ဆိုရင် တကယ်လို့သာ သူဝင်လာခဲ့ရင်၊ သူ့ဘက်က အားသာချက်တွေ ဘာတွေရှိနိုင်သလဲ။ ဒီအချိန်မှာ တိုင်းရင်းသားတချို့က သူ့လိုလူ၊ တနည်းအားဖြင့် တပ်မတော်ဘက်က ပြန်ပြီးတော့ အုပ်ချုပ်တာ ပိုကောင်းမယ်လို့ ထင်ကြမလား။ ဘာဖြစ်လို့လဲဆိုတော့ တချို့တိုင်းရင်းသားဒေသတွေမှာ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာထက် တိုင်းရင်းသားအခွင့်အရေးကို ပိုလိုချင်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဥပမာ ရခိုင်နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ တချို့လူတွေက တပ်မတော်ရဲ့ သဘောထားက ပိုပြီးကောင်းတယ်လို့ ယူဆတဲ့လူတွေ ရှိပါတယ်။ အဲဒါတွေကိုကြည့်ရင် သူ့ဘက်က အားသာချက်တွေ ဘာတွေများရှိမယ်လို့ ထင်ပါသလဲ။ တကယ်လို့ သူနိုင်ငံရေးထဲ ဝင်လာခဲ့ရင်။
ဖြေ ။ ။ ကျနော်လည်း အဲဒီအချက်ကို နှစ်အတော်ကြာကတည်းက စဉ်းစားခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကြီး ပျက်နေ။ နယ်ခြားကို ကယ်တင်နိုင်မယ့် တနည်းအားဖြင့် ပိုကောင်းအောင် လုပ်နိုင်မယ့် ခေါင်းဆောင်မှု ဘာရှိသလဲလို့ ကျနော်က အများကြီး နှစ်ပေါင်းမြောက်မြားစွာ စဉ်းစားပါတယ်။ တပ်မတော်ထဲက ပုဂ္ဂိုလ်က တိုင်းပြည်ကောင်းလာအောင်၊ အမှားတွေကို ပြင်လာနိုင်စွမ်း ရှိရင်တော့ ကျနော်က အဲဒီလူမျိုး ဟုတ်တယ်ဆိုရင်တော့ ထောက်ခံချင်ပါတယ်။ သို့သော် တပ်မတော်ထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းကစပြီးတော့ ဗိုလ်ချုပ်မှူးကြီးတွေ ကြည့်လိုက်လို့ရှိရင် သူတို့က တိုင်းပြည်ကောင်းစားရေးကို ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ကြဘူးလို့ ကျနော်အနေနဲ့ ရိုးရိုးသားသား၊ အားနာနာနဲ့ပဲ ပြောလို့ပါတယ်။ ကဲ ဒါဖြင့်ရင် အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လိုမျိုး တက်လာတယ်။ သူ့ရဲ့ လုပ်ရပ်တွေကို ကြည့်လို့ရှိရင် ကျနော့်အနေနဲ့ အတော်လေးကို အားမရဘူး။ အရင်ဗိုလ်ချုပ်မှူးကြီးတွေထက်ကို ညံ့တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ပြောတာဆိုတာ၊ လုပ်တာကိုင်တာ၊ ဆောင်ရွက်တာတွေကို ကြည့်လို့ရှိရင် အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်တယောက်လို့ ကျနော်က မမြင်ဘူး။ ဒါဒက ပုဂ္ဂိုလ်ရေးပါ။ နောက် တပ်မတော်ဘက်က ပိုပြီးတော့ အရပ်သားထက် တိုင်းပြည်ကို ငြိမ်းချမ်းရေးကိစ္စဖြစ်ဖြစ်၊ တိုင်းရင်းသားအရေးဖြစ်ဖြစ်၊ တိုင်းပြည်ကောင်းစားရေး လုပ်နိုင်မလားဆိုရင် အခုထက်ထိ တဦးတယောက်မှ မမြင်သေးဘူး။
မေး ။ ။ ကျနော် တခု စဉ်းစားမိတာက တချို့ကစဉ်းစားကြတယ်။ လက်ရှိ ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ရဲ့အခန်းကဏ္ဍက သိပ်များနေတယ်။ တပ်မတော်ဟာ သမ္မတရဲ့အမိန့် အရပ်သားရဲ့အမိန့်ကိုလည်း နာခံဖို့အတွက် တဖြည်းဖြည်း တပ်မတော်ကို ကိုင်တွယ်နိုင်မယ့်၊ သြဇာညောင်းနိုင်မယ့် လူတယောက်ရှိထားရင် ဒီမြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံနဲ့ဆို ပိုကောင်းမယ်။ အုပ်ချုပ်ရေး ပိုချောမွေ့မယ်လို့ တွက်တဲ့လူလည်း ရှိပါတယ်။ နမူနာအားဖြင့် ဦးသိန်းစိန်လက်ထက်ကဆိုရင် ပိုပြီးတော့ အဆင်ပြေခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒီတုန်းကကြည့်ရင်ကော ဘယ်လိုသုံးသပ်မလဲ။
ဖြေ ။ ။ ဒါ ဆီလျော်တဲ့ မေးခွန်းတခုပါ။ သို့သော်လဲ ကျနော်မြင်တာက ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဦးသိန်းစိန် ဖြစ်လာပြီးတော့ သမ္မတလုပ်တဲ့ (၅) နှစ်ဟာ အကူအပြောင်းကာလတခုပါ။ တကယ့်ကို သက်ဦးစံပိုင်စနစ်လို့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ တစိတ်တပိုင်း၊ တစုံတရာအထိရှိတဲ့ ကာလမှာ ဦးဆောင်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့ သူ့ကို အမှတ်တွေအများကြီးပေးပြီး တချို့က တက်ခါစက နိုဘယ်ဆုတောင်ပေးဖို့ ပြောကြလို့ ရယ်စရာကောင်းအောင် ပြောကြလုပ်ကြတယ်။ အဲဒီတော့ သူ့လက်ထက်မှာ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျနော်တို့လို အမည်မဲစာရင်းတွေ အဖြူဖြစ်တဲ့ကိစ္စအပါအဝင် တော်တော်များများကိစ္စတွေ၊ အပြောင်းအလဲတွေ လုပ်ပါတယ်။ လုပ်တာတွေက ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်တာပါ။ ဒီအတွက် ကျနော်က ဦးသိန်းစိန်ကို တပ်မတော်အရာရှိကြီးဟောင်းဆိုပြီး အမှတ်ပိုပေးနိုင်ခြင်း မရှိဘူး။ နောက်တခါ ဦးသိန်းစိန်ရဲ့ လုပ်ပုံလုပ်နည်းက ဦးသန်းရွှေနဲ့လည်း မတူဘူး။ ဦးစောမောင်နဲ့လည်း မတူဘူး။ လက်ရှိ ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်နဲ့ မတူပေမယ့် သူက တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး လူကြီးတယောက်လို ရှိတာပေါ့။ သူ့ပါတီတွင်းကိစ္စကလွဲရင် လုပ်ခဲ့တာတွေမှာ ပြဿနာနည်းတဲ့အတွက် တပ်မတော်အရာရှိဖြစ်လို့ ဒီလိုဖြစ်သလားဆိုတာကိုတော့ ကျနော်က အဲဒီလို မယူဆပါဘူး။
မေး ။ ။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ ဒီပုံစံအတိုင်း ရှေ့ကိုရွေ့ကြမယ်ဆိုရင် တပ်မတော်ကို ကိုင်တွယ်နိုင်မယ့်၊ တပ်မတော်နဲ့ သဟဇာတဖြစ်အောင် ညှိနှိုင်းပြီးတော့ တိုင်းပြည်ဒီမိုကရေစီအရွေ့ ပိုပြီးတော့ အရှိန်မြန်လာအောင် လုပ်နိုင်မယ့်အလားအလာကော ရှိပါ့ရဲ့လား။
ဖြေ ။ ။ အဲဒါကိုလဲ အားနာနာနဲ့ ဖြေရမှာပေါ့။ ဒီနေ့ တပ်မတော်နဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့ဆိုတာထက်၊ လက်တွဲပြီးတော့ ဆောင်ရွက်နိုင်စွမ်း ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျနော်ကတော့ အခုထက်ထိ မမြင်ဘူး။ နောက်ဘယ်လိုပြောင်းပြောင်း လူ ပုဂ္ဂိုလ်တွေထဲကတော့ ရှားပါတယ်။ နောက်တခုက အခုခက်ခဲတယ်လို့ ပြောရမယ့်အစား တပ်မတော်ကို ကိုင်တွယ်ဖို့လို့ ကျနော်က မယူဆဘူး။ တပ်မတော်ကလဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပေးထားတဲ့ အခွင့်အာဏာတွေ အကုန်လုံးကို အပြည့်အဝ၊ အပြည့်အဝတောင် ကျော်သေးတယ်။ သူက ယူပြီးတော့ ဆောင်ရွက်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးကို တော်လှန်ရေးလို့ အသုံးအနှုန်းနဲ့ ပြောင်းလဲတာ မဟုတ်ဘဲနဲ့ သူကလဲ ပျော့ပျောင်းညင်သာတဲ့နည်းကို ရွေးနေတာ။ အဲဒီထက်ပိုကောင်းတဲ့ လမ်းကြောင်းကတော့ မရှိသေးဘူး ကျနော်တို့ မျှော်လင့်တာကတော့ ဒီနေ့ထက်ထိကို ထွန်းထွန်းပေါက်ပေါက် လုပ်မလာလို့ မျှော်လင့်နေတယ်။ သို့သော် ဒီနေ့အထိတော့ မရွေ့သေးဘူး။ ဒါက မရွေ့တဲ့လူဘက်က၊ တပ်မတော်ဘက်ကကြည့်ရင် တပ်မတော်ကတော့ သူ့ဖွဲ့စည်းပုံ အာဏာအောက်က ဘယ်သူတက်နေနေ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ ဗိုလ်ချုပ်မှူးကြီးဖြစ်ဖြစ် သူတို့ထဲက ဗိုလ်ချုပ် ဘယ်သူပြောင်းပြောင်း၊ သူတို့ဘက်က ပြောင်းလဲစရာ မရှိဘူး။ တပ်မတော်ကို မပြောင်းလဲနိုင်လို့၊ မစည်းရုံးနိုင်လို့ဆိုတဲ့ အချက်အလက်ကတော့ သိပ်ခိုင်လုံတယ်လို့ မထင်ပါဘူး။
မေး ။ ။ မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှတို့၊ အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်းဝမ်၊ တောင်ကိုရီးယားတို့ကို ကြည့်မယ်ဆိုရင် သူတို့ဆီမှာ အာဏာရှင် ဗိုလ်ချုပ်တွေပြီးတော့ အရပ်သားနဲ့ သဟဇာတဖြစ်အောင် လုပ်နိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာတဲ့အခါ နှစ်ဘက်ကို သူတို့ညှိသွားတာ တွေ့ရပါတယ်။ အထူးအားဖြင့် ချန်ဒူးဝမ်နောက် ဗိုလ်ချုပ်ကြီးနိုတေးဝူးက အဲဒီလို အရပ်သားထဲက ခေါင်းဆောင်တွေနဲ့ တပ်မတော်ထဲက ပြုပြင်ပြောင်းလဲဖို့ လိုလားတဲ့လူတွေနဲ့ ညှိပြီးတော့ ဖွဲ့စည်းပုံဆွဲပြီးတော့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းလာလိုက်တာ အခုဆိုရင် တောင်ကိုရီးယားက အောင်မြင်ထွန်းပေါက်တဲ့နိုင်ငံကြီး ဖြစ်လာပါပြီ။ ဆိုတော့ အဲဒီနမူနာတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာကော အဲဒီလို အစဉ်အလာမျိုး တစုံတရာ ဖြစ်လာနိုင်မယ့် မျှော်လင့်ချက် မထားနိုင်ဘူးလား။
ဖြေ ။ ။ ဒီမေးခွန်းကလဲ ပထမဦးဆုံးမေးခွန်းမှာ ဆွေးနွေးသလို - ကျနော်တို့ မျှော်လင့်ချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့အတွက် အရပ်သားဖြစ်ဖြစ်၊ တပ်မတော်ခေါင်းဆောင်ဖြစ်ဖြစ်၊ ခေါင်းဆောင်ကောင်းတယောက်ရှိဖို့ မျှော်လင့်ပါတယ်။ သို့သော် အခုန ကျနော်တို့ ဦးကျော်ဇံသာ ဆွေးနွေးသွားတဲ့ ဥပမာတွေလို ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိလာခဲ့ရင်တော့ ကောင်းတာပေါ့။ သို့သော် တင်ပြခဲ့သလို ကျနော်ကတော့ ရှိလာစရာအကြောင်း မမြင်ဘူး။ အခုနပြောခဲ့သလို သမ္မတဦးသိန်းစိန်က အဲဒီလိုလုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်သာ ဖြစ်ခဲ့ရင် တိုင်းပြည်တော်တော်လေးတောင် ကောင်းနေစရာရှိတယ်။ သို့သော် ဦးသိန်းစိန် လုပ်နိုင်စွမ်း မရှိခဲ့သလို၊ နောက်တက်မယ်လို့ ပြောတဲ့ အခုလက်ရှိ တပ်မတော်အကြီးဆုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဦးသိန်းစိန်လောက်တောင် လုပ်နိုင်စွမ်း ရှိလာဆို မလုပ်နိုင်ဘူးလို့ (၅) နှစ်တာ သက်တမ်းအတွင်းမှာ အဲဒီလို သုံးသပ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တပ်မတော်ထဲက အရာရှိဟောင်း မည်သူမဆို တိုင်းပြည်ကိုကောင်းအောင် လုပ်နိုင်စွမ်းရှိတဲ့ နှလုံးရည်၊ လက်ရုံးရည်၊ နိုင်ငံရေးအစွမ်းရှိတဲ့ တနည်းအားဖြင့် ကြီးကြီးမားမား သဘာရှိတဲ့ တပ်မတော်ခေါင်းဆောင်ကို ကျနော်ကတော့ အခုအချိန်အထိ မမြင်သေးဘူး။
မေး ။ ။ နောက်ဆုံး နည်းနည်းတွက်ကြည့်ရအောင်ပါ။ အဲဒီလိုဆိုတော့ အခုမြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပလာပြီးနောက် ခြေလှမ်းအခြေအနေ ဘယ်လို ဖြစ်သွားမလဲ။ ဒီအတိုင်းပဲ နေမလား ဘယ်လိုပုံစံမျိုးနဲ့ ဒီထက်ရွေ့အောင် လုပ်နိုင်ကြမလဲ။
ဖြေ ။ ။ ကျနော်က NLD ကို ကျော်နိုင်တဲ့ ပိုကောင်းအောင် လုပ်နိုင်ဖို့ဆိုတဲ့ နိုင်ငံရေးပါတီကတော့ အားနာနာနဲ့ပြောရင် မမြင်သေးဘူး။ အဲဒီတော့ NLD က ရတဲ့ မဲတွေတွေကို ရသလောက် ခွဲယူဖို့လောက်အဆင့်ပဲ ဖြစ်နေတယ်။ ဒါကို ကြံ့ခိုင်ရေးကို ဦးတည်ပြီး လုပ်ကြတာ၊ တပ်မတော်ကို ဦးတည်ပြီး လုပ်ကြတာ မဟုတ်ဘဲနဲ့ မဲရရေး လုပ်ကြတဲ့ နိုင်ငံရေးပါတီတွေက များနေတယ်။ တိုင်းရင်းသားဒေသတွေမှာလဲ တိုင်းရင်းသားတွေ အမည်ခံတဲ့ပါတီတွေ နိုင်ရမယ်။ ပြည်မလို့ခေါ်တဲ့ အလယ်မှာလဲ NLD က သွားပြီးတော့ အဲဒီမှာ ကြံ့ခိုင်ရေးက တချို့ဒေသတွေမှာ ဒီမိုကရေစီတွေအချင်းချင်း အဆင်မပြေရင် ကြားပေါက်ရမယ်။ သုံးသပ်ကတော့ နည်းနည်းတော့ စောသေးတာပေါ့။
မေး ။ ။ အဲဒီတော့ ၂၀၁၅ အပြီး အခုကုန်ဆုံးလာတဲ့ လေးငါးနှစ်အတွင်းမှာ ဒီမိုကရေစီဘက်ကို ရွေ့တဲ့အရွေ့ထက် ၂၀၂၀ နောက်ပိုင်း လေးငါးနှစ်ကလဲ ဘယ်လိုမှ ပြောင်းလဲစရာ မရှိသေးဘူးလား။ အဲဒီလိုဆိုရင်… ဘယ်အခြေအနေရောက်မှ ပြောင်းမလဲ။
မေး ။ ။ အဲဒါကတော့ နည်းနည်းလေးတော့ အောင်မြင်တယ်။ အခုဆိုရင် NLD က ဦးစီးပြီးလုပ်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက တစုံတရာ အတိုင်းအတာတခုအထိ ရလာနိုင်မယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒီတော့ ဒီဟာ ရလာပြီးနောက် ရပ်နေမှာမဟုတ်ဘဲ NLD က ဒီမိုကရေစီ လိုလားတဲ့ ဒီမိုကရေစီအင်အားစုတွေက ဖွံ့ဖြိုးမှုပြင်ဆင်ရေးကို နောက်ခြေလှမ်းတွေထပ်ပြီး လုပ်လာမှာဖြစ်တယ့်အတွက် နောက်(၅) နှစ်ဆိုရင်တော့ ကျနော်ထင်တယ် ဒီမိုကရေစီက အခ ၂၀၁၅ ထက်တော့ ပိုပြီးတော့ ရောက်လာမယ်လို့ ကျနာ်မြင်ပါတယ်။