Your browser doesn’t support HTML5
=====ZawGyi====
ဒီရက်တွေအတွင်း ပေါ်ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ လက်တွေ့အကောင်အထည်ပေါ်လာဖို့ ဘယ်အဆင့်တွေကို ကျော်ဖြတ်ရမလဲ။ တကယ်ကော ကျော်ဖြတ်နိုင်ပါ့မလား။ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုဆိုတဲ့ နာမည်နဲ့အညီ ဒီမိုကရေစီရေး ပြည်ထောင်စုရေးကို ဘယ်လောက် ရုပ်လုံးဖေါ်နိုင်မလဲ ဆိုတာတွေကို မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ထွက်လာတာကို တွေ့ရပါတယ်။ ဒီမူကြမ်းရေးဆွဲတဲ့နေရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမူလဲပါသလား။ သူတို့လဲ သဘောတူထားတယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ကျနော်လေ့လာမိသလောက်တော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကနေ နောက်ဆုံးထွက်လာတဲ့ မူကြမ်းနှစ်ရပ်မှာပါတဲ့ အချက်အလက်တွေပေါ်မှာ သဘောတူညီတယ်လို့ တရားဝင်ပြောတာမျိုး၊ ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။
မေး ။ ။ နောက်တဆင့်က ဒီဟာကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ အတည်ပြုဖို့ဆိုရင် ဆက်ပြီးတော့ ဘယ်လိုလုပ်ဖို့လိုပါသလဲ။ လွှတ်တော်မှာ အရင်လိုပဲ (၇၅) ရာခိုင်နှုန်း အတည်ပြုမှ ဒီဟာ အတည်ဖြစ်လာမလား စသဖြင့် အဲဒီအလားအလာကိုလဲ ကြိုပြောပေးပါ။
ဖြေ ။ ။ ဥပဒေကြမ်းကော်မတီကနေ ပြုစုပြီးရင် ပြည်ထောင်စုလွှတ်တော်ကို တင်ရပါတယ်။ ဒီဥပဒေကြမ်းမှာပါတဲ့ ပုဒ်မတစ်ခုချင်းအလိုက်ကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူရပါတယ်။ အဲဒီလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူတဲ့နေရာမှာ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) အရ ပထမအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုအပ်ပါတယ်။ (၇၅) ရာခိုင်နှုန်းအပေါင်း (၁) ထောက်ခံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ လက်ရှိပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါနေတဲ့အခါကြတော့ တပ်မတော်သား လွှတ်တာ်ကိုယ်စားလှယ်တွေက မထောက်ခံရင် ဘယ်ပုဒ်မကိုမှ ပြင်လို့မရနိုင်တဲ့ အကျပ်အတည်းကြီးကတော့ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။
မေး ။ ။ အဲဒီတော့ ကျနော်တို့က သူတို့ရဲ့ မူကြမ်းထဲမှာပါတဲ့ အချက်အလက်တွေကို မဆွေးနွေးခင်ကတည်းက ဒီဇာတ်လမ်းဟာ ဘယ်လောက်ဖြစ်လာနိုင်သလဲ။ ရှေ့ဆက်နိုင်မလဲဆိုတာကို စဉ်းစားမိရင်တော့ ရှေ့ခရီးက မှုန်းမှိုင်းနေတယ်လို့ပဲ ကျနော်က စဉ်းစားမိပါတယ်။ နောက်တခုက ဒီလိုအခြေအနေမျိုးမှာ ဒီဟာထွက်လာတာနဲ့ ပတ်သက်ပြီးတော့လဲ အချိန်အခါကိုလဲ နည်းနည်းစဉ်းစားချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲနဲ့ တက်လာပြီးကတည်းက ဖွဲ့စည်းပုံပြင်ရေးဟာ သူတို့ရဲ့ထိပ်တန်းဦးစားပေးရေးထဲမှာပါတယ်။ ဆိုတော့ အခု ၂၀၂၀ ရွေးကောက်ပွဲ နီးလာလို့ ဒါဟာ သူတို့ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်ဆိုပြီး လုပ်ပြပါတယ်ဆိုပြီးတော့ ဝေဖန်လာစရာလဲ ရှိနေပါတယ်။ အဲဒါကို ဆရာ ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အဓိကကြွေးကြော်သံမှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါပါတယ်။ အဲဒီအတွက်ကြောင့်မို့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကို ဖော်ဆောင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ခြေလှမ်းကိုလှမ်းလာတယ်ဆိုတာတော့ မငြင်းနိုင်တဲ့အချက်ပါ။ တကယ်တမ်းကြတော့ ဖွဲ့စည်းပုံဥပဒေ အကျပ်အတည်းကို ကျနော်တို့ အဖြေမရှာနိုင်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးဟာ သမင်မွေးရင် ကျားစားရင်ပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ရှေ့မတိုးနောက်မဆုတ်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီဖွဲ့စည်းပုံဥပဒေ အကျပ်အတည်းကို ကျော်လွှာနိုင်ဖို့ စဉ်းစားတဲ့နေရာမှာ အဓိကအားဖြင့် အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ဟာ အင်မတန်မှအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအစုအဖွဲ့နှစ်ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကိုရှေ့တန်းတင်ပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ လွှတ်တော်ထဲမှာ အဖြေရှာနိုင်မယ်၊ သဘောတူညီချက်တွေရအောင် လုပ်နိုင်မယ်ဆိုရင်တော့ အလားအလာကောင်းတွေ ရှိလာနိုင်မယ်လို့ မြင်ပါတယ်။
မေး ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ချင်လို့ အချိန်ကိုက်လုပ်လာသလားဆိုတဲ့အမြင် တဘက်ကရှိနေလို့။ နောက်တဘက်က စဉ်းစားပြန်ရင်လဲ အခု ICJ ကိစ္စမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ရှေ့တန်းက မားမားမတ်မတ် ရပ်ပြီးတော့ တပ်မတော်ကို ကာကွယ်ခဲ့တယ်လို့ လူတချို့က သုံးသပ်ကြပါတယ်။ ဆိုတော့ အဲဒီလို ကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်လဲ တဘက်မှာ တပ်မတော်က သူတို့အပေါ်မှာ တိမ့်ညွှတ်တဲ့သဘော ရှိလာလိမ့်မယ်။ နားလည်မှုပေးတဲ့သဘော ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီဟာကို ဒီအချိန်မှာ တင်လာတယ်လို့ ဆိုတဲ့လူတွေလဲ ဆိုကောင်းဆိုမှာပါ။ စဉ်းစားကောင်း စဉ်းစားမိကြမှာပါ။ ဆရာ အဲဒီကိစ္စကို ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ကျနော်ကတော့ ဆရာဦးကျော်ဇံသာပြောတဲ့ စဉ်းစားချက်က သိပ်ပြီးတော့ လက်တွေ့မကျဘူးလို့ မြင်ပါတယ်။ တကယ်တမ်း ဒါကတော့ အကောင်းဘက်ကို မျှော်တွေးပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကနေ သုံးသပ်နိုင်ပါတယ်။ သို့သော် လက်တွေ့အခြေအနေမှာ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ တင်းမာမှုတွေက မြင့်မာနေဆဲပဲဆိုတာကတော့ ဖုံးကွယ်လို့မရတဲ့ အနေအထားပါ။ တကယ် ခရီးပေါက်ဖို့ မျှော်လင့်နိုင်မယ့် အခင်းအကျင်းဟာ ကျနော့်အမြင်ကတော့ အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရအောင်လုပ်ဖို့။ အဲဒီသဘောတူညီချက်တွေကို ထပ်ဆင့်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ ညှိနှိုင်းဆွေးနွေးပြီးတော့ ပိုမိုခိုင်မာအောင် လုပ်ဖို့က လက်တလောအခြေအနေမှာ အရေးကြီးတယ်လို့ မြင်ပါတယ်။
မေး ။ ။ အဲဒီမူကြမ်းထဲမှာ တွေ့တဲ့အချက်တွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေမျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ - သူတို့လည်းပဲ ဒီမိုကရေစီဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ဒီထဲမှာ တွေ့ရပါတယ်။ အဲဒီ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့အတိုင်း ဒီမိုကရေစီလမ်းကို ဘယ်လောက်ဦးတည်သွားနိုင်သလဲ။ ဖယ်ဒရယ်ဖြစ်ဖို့ကို ဘယ်လောက်ထိ ဦးတည်သွားနိုင်သလဲဆိုတာကို နည်းနည်းလေး မေးချင်ပါတယ်။ အသေးစိတ်ပြောမယ်ဆိုရင်တော့ အချက်အလက်တွေက အများကြီး ကျနော် ပထမတစ်ခုမေးချင်တာက ဒီအထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ထားတယ်။ အရပ်သားအစိုးရကို အာဏာပိုပေးဖို့ လုပ်ထားတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီတစ်ချက်ကတော့ ပြည်သူတွေ မျှော်မှန်းထားတဲ့ ပိုပြီးဒီမိုကရေစီဆန်တဲ့သဘောကို တွေ့ရပါတယ်။ ဒါပေမဲ့ ဖယ်ဒရယ်ဖြစ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ အရင်တုန်းကလဲ ၄၇ ဖွဲ့စည်းပုံကတည်းက ပြဿနာဖြစ်ခဲ့တာ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပုံစံမျိုး လုပ်ထားတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ ဇယားတွေခွဲပြီးတော့ အာဏာခွဲဝေထားတယ်။ သို့သော်လဲပဲ ပြည်နယ်အစိုးရတွေရဲ့ အကြီးအကဲဝန်ကြီးချုပ်ကို ဗဟိုအစိုးရအာဏာပိုင် သမ္မတက ခန့်အပ်ခဲ့တယ်ဆိုတဲ့ကိစ္စက အဓိက ဖြစ်ခဲ့ပါတယ်။ အဲဒီကိစ္စကိုပဲ တိုင်းရင်းသားတွေက ဖယ်ဒရယ်မပီသခဲ့ဘူးလို့ ပြောခဲ့ကြတာ ရှိပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။ ဆိုတော့ ဒီအထဲမှာ အဲဒီကိစ္စကို ပြင်ဆင်ထားတာ မတွေ့ရဘူးဆိုတော့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ကို ဒီဖွဲ့စည်းပုံမူကြမ်းက ဘယ်လောက်ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ကျနော့်ရဲ့အမြင်ကတော့ အခြေခံမူတွေထဲမှာ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကို ပီပြင်စေဖို့ အဆိုပြုတာကတော့ ကျနော်တို့တိုင်းပြည်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက်တာ့ မဖြစ်မနေ ပြင်ရမယ့် ပုဒ်မတစ်ခုလို့ မြင်ပါတယ်။ သို့သော်လဲ ဒီဖယ်ဒရယ် ယဉ်ကျေးမှုစစ်စစ်ကို ဖော်ဆောင်ဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေကို ဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတဲ့အပိုင်း။ အဲဒီအာမခံနိုင်တဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့ အဆိုပြုတဲ့အပိုင်းမှာတော့ အတော်လေးကို အားနည်းတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် အခုန ဆရာပြောတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်တဲ့ကိစ္စ။ အထူးသဖြင့် ပုဒ်မ (၂၆၁) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ ပါဝင်တယ်လို့ အသံမကြားရသေးပါဘူး။
ဒါပေမဲ့ အခုနောက်ဆုံးဖွဲ့တဲ့ ကော်မရှင်ရဲ့ အပြီးသတ် ဥပဒေမူကြမ်း ထွက်လာတဲ့အခါကြရင်တော့ ပါလာနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ အဲဒီအခါကြတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တွေကို အာမခံချက် ပေးနိုင်တဲ့ ပြင်ဆင်ချက်တွေကိုလည်း အလေးထားပြီးတော့ အဆိုပြုုဖို့၊ နေ့တိုင်းဆွေးနွေးဖို့၊ သဘောတူညီချက်ရအောင်လုပ်ဖို့ အဆုံးအဖြတ် အပီဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တဘက်က ဆရာ အခုနပြောသလိုပါပဲ တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်တဲ့ အခန်းကဏ္ဍကို လျှော့ချဖို့၊ ပြင်ဆင်မယ့်ပုဒ်မတွေ တော်တော်များများကိုလည်း တွေ့ရပါတယ်။ သို့သော်လဲ လက်ရှိအခြေအနေမှာ ခဲယဉ်းနေတာက အဲဒီတပ်မတော်ကို နိုင်ငံရေးထဲကနေ လျှော့ချဖို့နဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကို ပြင်ဖို့ဆိုရင် လွှတ်တော်ထဲမှာ (၇၅) ရာခိုင်နှုန်း၊ အပေါင်း (၁) ရဲ့ ထောက်ခံမှုရဖို့ လိုအပ်သလို။ နောက်တဆင့်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး လုပ်ပြီးတော့ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်ဆိုတဲ့ ပြဌာန်းချက်ကြီးက ရှိနေပါတယ်။ အဲဒီတော့ မဲပေးနိုင်ခွင့်ရှိသူ စုစုပေါင်းဆိုတာက မဲလာပေးသူ စုစုပေါင်းမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့်မို့ ဒီသတ်မှတ်ချက်ဟာ အင်မတန်မှ မြင့်မားတဲ့ သတ်မှတ်ချက်တစ်ခုလို့ ပြောရင်လဲရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ သို့သော်လဲပဲ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းမှာပါတဲ့ တပ်မတော်ကို နိုင်ငံရေးက လျှော့ချမယ့် ပြင်ဆင်ချက်တွေဟာ လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ မဲခွဲဆုံးဖြတ်ခဲ့ရင် အောင်မြင်မှုရဖို့ အလားအလာ မရှိသလောက်ကိုနည်းတယ်လို့ ကျနော်က သုံးသပ်ပါတယ်။
မေး ။ ။ ဒီဟာကို နည်းနည်းလေး ဘောင်ကျော်ပြီးတော့ နောက်ဆုံးတစ်ခွန်းမေးချင်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးက လျှော့ချသွားဖို့ သူမျှော်မှန်းတယ်။ သို့သော်လဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆူပူသောင်းကျန်းမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ငြိမ်းအေးသွားမှ ဒါမျိုးလုပ်မယ်လို့ သူက ပြောထားဖူးတယ် တင်ပါတယ်။ ဆိုတော့ အဲဒီလို သူပြောထားတဲ့ အခြေအနေ Condition စစ်ပွဲတွေ ငြိမ်းအေးပြီးတော့ ငြိမ်းချမ်းရေးရဖို့ အလားအလာအထိဆိုရင်တော့ ဘယ်လောက်စောင့်ရအုံးမယ် ထင်ပါလဲ။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့လမ်းကြောင်း၊ နောက် လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးအခြေအနေ။ နောက်ပြီးတော့ အစိုးရတွေ လွှတ်တော်တွေရဲ့ စွမ်းဆောင်ရေးဘက်ကနေ သုံးသပ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ မြေးမြစ်တို့ခေတ်မှာပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ သုံးသပ်လိုပါတယ်။