ဝန်ထမ်းလောက ထိရောက်ရေး ဘယ်သူ့တာဝန်လဲ

Your browser doesn’t support HTML5

ဝန်ထမ်းလောက ထိရောက်ရေး ဘယ်သူ့တာဝန်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ ဝန်ထမ်းလောကဟာက ယခင်အတိုင်း ခေါက်ရိုးကျိုးနေတဲ့အတွက် ထိရောက်မှုမရှိဘူး။ အရည်အချင်း မပြည့်မီဘူးလို့ ပြောဆိုညည်းတွားသံတွေ ကြားနေရပါတယ်။ ဘာကြောင့်ပါလဲ။ တကယ်ပဲ အဲဒီအတိုင်း ဖြစ်နေတယ်ဆိုရင် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘယ်လို ပြုပြင်သင့်ပြီလဲဆိုတာ မြန်မာနိုင်ငံမှာ VOA ရုံးခွဲကို တာဝန်ယူကြီးကြပ်ပြီး ပြန်လည်ရောက်လာတဲ့ အယ်ဒီတာဒေါ်ခင်စိုးဝင်း၊ မြန်မာပြည်အခြေစိုက် မူဝါဒလေ့လာရေးလုပ်ငန်းတွေမှာ မကြာခဏသွားရောက် ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ ကိုဝင်းမင်းတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းပြည်တခု တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်မှုပေါ်မှာကြီး မူတည်တာ မဟုတ်ဘဲနဲ့ ဗျူရိုကရေစီ ယန္တရားလို့ခေါ်တဲ့ ဝန်ထမ်းလောပေါ်မှာ အများကြီးမူတည်တယ်လို့ ပြောကြပါတယ်။ တချို့နိုင်ငံတွေမှာ အစိုးရဘယ်လိုပဲ ပြောင်းနေပြောင်းနေ၊ တိုင်းပြည်ရဲ့ တိုးတက်မှုတွေ အဆမတန် ကျဆင်းသွားမှုတွေ မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေးယန္တရားတွေ ထိန်းထားတာတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်လို့ ဒီနေ့အထိ ညည်းတွားသံတွေကို သိပ်ကြားရပါတယ်။ ဒေါ်ခင်စိုးဝင်းရဲ့ အတွေ့အကြုံကိုလည်း ပြောပါအုံး။

ဒေါ်ခင်စိုးဝင်း ။ ။ ဗျူရိုကရေစီ ယန္တရားလို့ ပြောတဲ့နေရာမှာ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းလို့ ပြောရမယ့် ပြည်သူ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အရင်အစိုးရလက်ထက်တုန်းက ထားသွားတဲ့ အမြဲတမ်း အတွင်းဝန်ဆိုသူတွေ ရှိပါတယ်။ အမြဲတမ်း အတွင်းဝန်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဝန်ကြီးနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဒီအမြဲတမ်း အတွင်းဝန်တွေဆိုတာကလည်း မိုးကျရွှေကိုယ်လို့ ခေါ်ကြတဲ့ တပ်မတော်ကနေ အငြိမ်စားယူလာတဲ့ အရာရှိတွေ များပါတယ်။ အဲဒီအခါကြတော့ သူတို့တွေရဲ့ Mindset ရှိနေတဲ့ Mindset က အရင်တုန်းက ရှိနေတဲ့အတိုင်း ပြောင်းလဲမှု တစုံတရာ မတွေ့ရသေးတဲ့အတွက်ကြောင့်မို့ အများပြည်သူနဲ့ ဆက်ဆံရတဲ့ဌာနတွေမှာ အားမလို၊ အားမရ ဖြစ်တာတွေ၊ ခရီးရောက်သင့်သလောက် မရောက်တာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း ဘယ်လိုသဘောရပါလဲ .. အဲဒီအမြဲတမ်း အတွင်းဝန်တွေ ခန့်သွားတဲ့ကိစ္စဟာ နောင်တက်လာမယ့် ဒီမိုကရေစီအစိုးရအတွက် အဓိက အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အခက်အခဲ ဖြစ်နေတယ်၊ အတားအဆီး ဖြစ်နေတယ်လို့ ဒေါ်ခင်စိုးဝင်းက ဆိုပါတယ်။ ကိုဝင်းမင်းရဲ့ အမြင်လည်း သိချင်ပါတယ်။

ဦးဝင်းမင်း ။ ။ ကျနော့်အမြင်ကတော့ ပြည်သူ့ဝန်ထမ်းတခုလုံးရဲ့ အားနည်းချက်လို့ ပြောရမယ်ထင်တယ်။ အတွင်းဝန်တွေ ခန့်တာထက်စာရင် - အတွင်းဝန်တွေခန့််တဲ့ ရည်ရွယ်ချက်ကတော့ ကောင်းခဲ့တာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ၊ ဒါမှမဟုတ် ဒီမိုကရေစီခေတ်မှာ အောက်ကနေ တာဝန်ယူအကောင်အထည်ဖော်ပေးတဲ့ ပြည်သူ့ဝန်ထမ်း အုပ်ချုပ်ရေးရာ တည်ငြိမ်နေလို့ရှိရင်၊ အားကောင်းနေလို့ရှိရင် မူဝါဒတွေ ရှေ့ဆက်သွားနိုင်ဖို့ ပြုပြင်ပြောင်းလဲဖို့ အထောက်အကူ ပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ခဲ့တာဖြစ်ပေမယ့် သူတို့က CEO လိုမျိုး တကယ့်ဌာနတခုကို ထိပ်ဆုံးကနေ ဝန်ကြီးအောက်မှာ Run ကတော့ သူတို့မှာ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ပေးဖို့ မပြည်စုံနိုင်ခဲ့ဘူး။ တခုလုံးရဲ့ အနေအထားမှာ သွားဆက်ပါတယ်။ ဒီရာထူး အနေအထားတခုတည်းနဲ့တော့ မဟုတ်ဘူး။ ကျနော်ဆိုလိုချင်တာက ဒီလူတွေမှာရှိရမယ့် အရည်အချင်းက စီမံခန့်ခွဲမှုလည်းကောင်းရမယ်။ အချင်းချင်းဆက်ဆံရေး၊ သတင်းမီဒီယာနဲ့ ဆက်ဆံရေးကောင်းရမယ်။ ဗဟုသုတကို ပြည့်ဝပြီးတော့ ထိုးဖောက်စဉ်းစားတတ်ပြီးတော့ တီထွင်ဖန်တီးတတ်တဲ့ ဉာဏ်မျိုးရှိဖို့လိုတယ်။ နောက်တခါ အဖွဲ့နဲ့ လုပ်နိုင်တဲ့လူဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ အဲဒီအရည်အချင်းတွေ သွင်းပေးတာထက်စာလို့ရှိရင် အခုနက အတွင်းဝန်သင်တန်းတွေမှာ တော်တော်များများက နိုင်ငံ့ရဲ့ ရှိထားပြီသား ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အဲဒါတွေကို ပြန်သင်တာ များခဲ့တဲ့အတွက် ဒါကလဲ အရပ်ဖက်ဝန်ထမ်းတွေမှာ ဒါတွေပဲ သင်နေတာ။ အခုနက တကယ့် လိုအပ်တဲ့ Skills တွေ အဲဒါတွေ မသင်ထားနိုင်တဲ့အတွက် ကျနော်အမြင်မှာ အရည်အချင်းပိုင်းမှာ အားနည်းနေတယ်လို့ ဆိုရမှာပါ။

ဦးကျော်ဇံသာ ။ ။ အတွင်းဝန်တွေခန့်တာ များသောအားဖြင့် စစ်ဗိုလ်ဟောင်းတွေ မဟုတ်လား။

ဦးဝင်းမင်း ။ ။ အများစုကတော့ စစ်ဗိုလ်ဟောင်းတွေ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် ဟိုတလောက ပြောသွားတာလည်း ကြားမိပါတယ်။ သူက NLD အစိုးရကို ပြည်သူ့ဝန်ထမ်းတွေက ပညာပြနေတယ်လို့ သူ့စိတ်ထဲမှာ ခံစားရတယ်တဲ့။ အဲဒီအခါကြတော့ ဥပမာဆိုလို့ရှိရင် NLD အစိုးရ တက်လာတဲ့အခါမှာ ဝန်ကြီး၊ ဒု့ဝန်ကြီးအသစ်တွေ ပြောင်းသွားတယ်။ ဒါပေမဲ့ အမြဲတမ်း အတွင်းဝန်ကတော့ မိုးကျရွှေကိုယ်တွေ ဖြစ်နေတယ်။ အဲဒီအခါမှာ အမြဲတမ်းအတွင်းဝန်က ပံ့ပိုးရမယ့်အစား၊ လုပ်ငန်းတွေ အထမြောက်ရမယ့်အစား၊ ပိုပြီးကသိကအောက်ဖြစ်အောင် လုပ်ငန်းနှောင့်နှေးအောင် အဲဒီလို ကပျက်ကရက် လုပ်နေတယ်လို့ မြင်တဲ့လူတွေလည်း ရှိတာပေါ့။ အဲဒီအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားတယ်။ အစိုးရဝန်ထမ်းတွေက NLD အစိုးရကို ပညာပြနေတယ်လို့ ပြောသွားတာရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း အဲဒီသတင်းကို ကြားမိလား။

ဦးဝင်းမင်း ။ ။ ဒီနေရာမှာ နှစ်ပိုင်းပေါ့ - NLD အစိုးရဘက်ကတော့ အဲဒီလို ခံစားနိုင်ပါတယ်။ ဒါပေမဲ့လဲ ဝန်ထမ်းတွေဘက်မှာလည်း ကျနော်တို့ ပြန်ကြားတာတွေကတော့ လက်တွေ့မကျတဲ့ အနေအထားမျိုးတွေနဲ့ သူတို့ လုပ်နေရတယ်။ အမိန့်ပေးစီစစ်မှုတွေမှာ ရှင်းရှင်းလင်းလင်း မရှိဘူး။ နောက် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေက လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ အမိန့်ပေးတာ အစိုးရအဖွဲ့က အမိန့်ပေးတာ။

ဦးဝင်းမင်း ။ ။ ဟုတ်ပါတယ်။ အဲဒီလိုအနေအထားမှာ သူတို့က ဘာကိုအဓိက လုပ်ဆောင်ရမလဲဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း မရှိတာရယ်။ ပြီးတော့ သူတို့မှာ ရှိထားပြီသား လုပ်ထုံးလုပ်နည်းတွေအရ လုပ်လို့မရတဲ့ အနေအထားတွေ ရှိနေတာရယ်။ အရေးကြီးတာက အဲဒီလုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့လိုတယ်။ အဲဒါတွေ သူတို့ပြန်ပြီးတော့ ငြိ့လေ့ရှိပါတယ်။ အခုမှ NLD အစိုးရနဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြန်ဆက်ဆံရတော့ တစုံတရ စိမ်းနေပြီးတော့ နားလည်မှု တဘက်နဲ့တဘက် အားနည်းနေတဲ့ အနေအထားလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းအများစုကတော့ အထက်ကပေးတဲ့ အမိန့်အတိုင်းတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှု့စွမ်းရည်ကတော့ ကျနော် အခုနပြောသလိုပဲ နိုင်ငံတကာနဲ့ ယှဉ်လိုက်လို့ရှိရင်တော့ အားနည်းမှုတော့ ရှိနေသေးပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ NLD အစိုးရမတက်ခင်တုန်းက ဝန်ထမ်းလောကနဲ့ အခု NLD အစိုးရ တက်လာပြီးနောက် ဝန်ထမ်းလောကတို့ ဘာများကွာသွားပါသလဲ။ အရင် အစိုးရဝန်ထမ်းတွေက ဒီဟာထက်ပိုပြီးတော့ Efficient ဖြစ်ခဲ့သလား။

ဒေါ်ခင်စိုးဝင်း ။ ။ တခုရှိတာကတော့ NLD အစိုးရကို အများပြည်သူလူထုက မျှော်လင့်ချက်တွေက အရမ်းများတယ်။ များတဲ့အခါကြတော့ NLD အစိုးရ လုပ်နိုင်စွမ်းရှိတဲ့ အင်အား၊ နောက်ပြီးတော့ NLD အစိုးရအနေနဲ့ တာဝန်ခွဲဝေမှုအပိုင်း။ ဥပမာ ဝန်ကြီးတွေ တာဝန်ပေးတဲ့အပိုင်း လူမှန်နေရာမှန် ဟုတ်ရဲ့လားပေါ့။ အဲဒါကို အများရဲ့စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတာတွေ အများကြီးရှိပါတယ်။ ဥပမာ တခုပြောရမယ်ဆိုရင် NLD အစိုးရ တက်လာတဲ့အခါမှာ သူတို့လုပ်ချင်ခဲ့တဲ့ ငြိမ်းချမ်းရေးကိစ္စ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဘယ်လောက်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မလဲဆိုတာကို သံသယတွေ အများကြီးရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အဲဒီလို လူမှန်နေရာမှန် ရွေးရလောက်အောင် အရည်အချင်း ပြည့်မီတဲ့လူတွေ ခေါင်းခေါက်ရွေးရလောက်အောင် များများစားစား ရှိနေပါလား။

ဦးဝင်းမင်း ။ ။ ကျနော့်အမြင်ကတော့ အရည်အချင်းရှိတဲ့လူတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့လူတွေက နောက်ပိုင်းမှာ ပြည်သူ့ဝန်ထမ်း ဖြစ်ဖို့အတွက် လျှောက်ထားကြရဲ့လားဆိုတာ အခုနပြောခဲ့သလို တော်တော်များများက ပြည်သူ့ဝန်ထမ်း လုပ်ဖို့ဆိုရင် သိပ်စိတ်မဝင်စားကြတော့ပါဘူး။ အဲဒီတော့ ဒီနေရာမှာ ပြဿနာကတော့ စနစ်ကြီးတခုလုံးနဲ့ ပတ်သက်နေမယ်လို့ ထင်ပါတယ်။ အခုနပြောခဲ့တဲ့ လူမှန်နေရာမှန်လို့ သုံးတဲ့စကား အနေအထားအရ ကျနော်တို့က လူကို အဓိကထားပြီး စဉ်းစားကြတာကို တွေ့ရပါတယ်။ အဲဒီအခါကြတော့ ဝန်ထမ်းရွေးချယ်မှုနဲ့ ရာထူးတိုးပေးမှုတွေက နီးစပ်ရာလူကိုပဲ အဓိက ဦးစားပေးခဲ့ပြီးတော့ လူရဲ့အရည်အချင်းကို အခုန meritocracy အခြားနိုင်ငံတွေမှာ တွင်တွင်သုံးနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်းလောကမှာတော့ meritocracy ကို ကြားရတာ အရမ်းနည်းပါတယ်။ နီးစပ်ရာ၊ လက်သင့်ရာပဲ ခန့်ကြတယ်၊ ရာထူးတိုးပေးကြတယ် စသဖြင့် ပြောနေကြတာများတယ်။

ဦးကျော်ဇံသာ ။ ။ လူမှန်နေရာမှန် ရွေးချယ်မှုနဲ့ ပတ်သက်လို့ ကိုဝင်းမင်းပြောတဲ့ အရည်အချင်းရှိတဲ့လူတွေ ရှိရက်သားနဲ့ သူတို့ကို မရွေးဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်ခင်စိုးဝင်း ပြောချင်တာ ရှိပါသေးလား။

ဒေါ်ခင်စိုးဝင်း ။ ။ NLD အစိုးရအနေနဲ့ Power Delegate လုပ်တဲ့နေရာမှာ တာဝန်ခွဲဝေပြီးတော့ သေချာပေးတဲ့နေရာမှာ အားနည်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တာဝန်ခွဲဝေပေးလိုက်တဲ့လူက မလုပ်ရဲ မကိုင်ရဲ မပြောရဲ မဆိုရဲနဲ့ ဖြစ်နေတဲ့ လူတွေများနေတယ်။ ပြန်လည်မပြောရဲဘူး။ ခိုင်းသမျှကိုပဲ လုပ်တယ်။ ကိုယ့် own initiative လည်း မရှိကြတဲ့သဘောပေါ့။ အဲဒီတော့ သူတို့မှာ Capacity လို့ ခေါ်ရမယ့် စွမ်းဆောင်ရည်က အင်မတန်မှ အားနည်းနေတယ်။ အဲဒါကြောင့်ပဲ အားလုံးက အားမလိုအားမရ ဖြစ်ကြတာ။ ဥပမာဆိုလို့ရှိရင် ကျမနဲ့ ရင်းနှီးတဲ့သံတမန်တွေ ရှိပါတယ်။ မြန်မာသံတမန်တွေပါ။ သူတို့ဆိုရင် ဘယ်လိုပြောသလဲဆိုရင် နိုင်ငံတကာကနေ အကြီးအကျယ် ဖိအားတွေ ပေးနေတဲ့အချိန်မှာ သူတို့အတွက် အဲဒီဖိအားက Missile ဒုံးလက်နက်ကြီးလို့ ကြီးတဲ့ ဒုံးလက်နက်ကြီးတွေနဲ့ ပစ်ခံနေရတဲ့အချိန်မှာ သူတို့ကို ပေးထားတာလေးက ပစ္စတိုသေနတ်တလက် ပေးထားပြီးတော့ ကမ္ဘာ့အလယ်မှာ ခုခံနေရတဲ့သဘောတွေလည်း ဖြစ်နေတယ်။ အဲဒီလိုမျိုး စိန်ခေါ်ချက်တွေကတော့ အများကြီးပေါ့။

ဥပမာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုပါတော့။ အဲဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကလည်း ကော်မရှင်တခုတည်းနဲ့ တနိုင်ငံလုံး ခြစားနေတဲ့ နိုင်ငံကြီးကို ဘယ်လိုနည်းနဲ့မှ စိတ်ဆန္ဒရှိပေမယ့်လဲ သူတို့မှာ လုပ်ပိုင်ခွင့်ဘောင်က သိပ်ကျဉ်းတယ်။ အဲဒါမျိုးတွေ ရှိတဲ့အခါကြတော့ Power Delegate လုပ်တဲ့နေရာမှာ NLD အစိုးရရဲ့ အားနည်းမှုကို လူတိုင်းလူတိုင်းက ဘဝင်မကျပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို အားနည်းမှုကို ကျနော်တို့က ဘယ်လို Capacity လိုတယ်။ ဘယ်လို လုပ်ပိုင်ခွင့်လိုတဲ့ကိစ္စကိုလည်း ပြန်လည်တင်ပြတဲ့ကိစ္စမျိုးက မပြောရဲကြဘူး။ များသောအားဖြင့်။ အဲဒီကိစ္စဟာ မြန်မာလူမျိုးတွေရဲ့ စရိုက်။ အထက်ကလူကြီးခိုင်းတာကိုပဲ အရင်အစိုးရအဆက်ဆက်မှာလည်း ပြန်ပြောခဲ့တာ မရှိခဲ့ဘူးထင်ပါတယ် .. ဒီကိစ္စကို။

ဦးဝင်းမင်း ။ ။ အရင်လဲ တောက်လျှောက်က ပြန်ပြောရင် အမုန်းခံရမယ်။ ချောင်းထိုးခံရမယ်။ ရာထူးတက်ဖို့ခက်မယ်။ အဲဒီတော့ အလိုက်သင့်လေးပဲ နေသွားကြတဲ့လူတွေက များပါတယ်။ အပြင်မှာပဲ မကျေနပ်ချက်တွေကို ပြောလေ့ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက ဦးဝင်းမင်းပြောတာ ဝန်ထမ်းလုပ်ချင်တဲ့လူတွေ သိပ်မရှိကြတော့ဘူးဆိုတဲ့ကိစ္စ။ ဒီကိစ္စမှာလဲ တနည်းအားဖြင့် ဟိုတုန်းကတော့ ဝန်ထမ်းမှတပါး လုပ်စရာမရှိခဲ့ဘူး။ အခုတော့ လုပ်ငန်းတွေ အများကြီး ပွင့်လင်းလာတယ်။ အပြင်မှာလုပ်တော့ ပိုက်ဆံပိုရတာပေါ့။ အစိုးရဆီမှာ လုပ်လို့က ဘာမှမရတာ။ အဲဒီတော့ အဲဒီလိုထွက်သွားတာကို အများကြီးတွေ့ရပါတယ်။ ဆိုတော့ ဒါကိုကော ဘယ်လိုပြောကြမလဲ။ ဒါကို ဝန်ထမ်းလုပ်ချင်တဲ့လူ မရှိကြတော့ဘူးဆိုတာ မကောင်းတဲ့အချက်လို့ ပြောကြမှာလား။ ကောင်းတယ်လို့ သုံးသပ်ကြမလား။

ဒေါ်ခင်စိုးဝင်း ။ ။ ဘယ်သူမဆို ကိုယ့်အတွက် များတဲ့ဟာကိုပဲ သွားကြတာပေါ့။ အဲဒါကြောင့်မို့ အခုနောက်ပိုင်းမှာ ဝန်ထမ်းရွေးချယ်မှု လေ့ကျင့်ရေးအဖွဲ့အနေနဲ့ incentive တွေနဲ့ခေါ်ဖို့ လုပ်ဖို့ကောင်းတာပေါ့။ ကျမ ကြိုးစားပါတယ်။ PSD ဥက္ကဋ္ဌကြီးနဲ့ အင်တာဗျူးလုပ်ဖို့ဆိုပြီးတော့ ဒါပေမဲ့ သူကလဲ မိုးကျရွှေကိုယ်ကိစ္စကြောင့်လား မသိဘူး - ကျမကို အင်တာဗျူး မပေးပါဘူး။

ဦးကျော်ဇံသာ ။ ။ NLD အစိုးရရဲ့ ပထမသက်တမ်း တဝက်ကျိုးခဲ့ပါပြီ။ မကြာခင် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ကြရတော့မယ်ဆိုတော့ ဒီကြားမှာကော အလားအလာ မြင်ပါသလား။ ဝန်ထမ်းလောက တိုးတက်လာဖို့။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုလဲ နည်းနည်းဆက်ပြောပါအုံး။

ဒေါ်ခင်စိုးဝင်း ။ ။ ဘယ်လို လုပ်သင့်သလဲဆိုတော့ ဝန်ထမ်းတွေအချင်းချင်းကြားမှာလဲ သူများနိုင်ငံမှာဆိုရင်တော့ ဥပမာ စင်္ကာပူမှာ သွားလုပ်တယ်ဆိုပါတော့ - စင်္ကာပူမှာ သွားလုပ်ရင် တခါတည်း အလုပ်ကို ကြိုးစားပြီးတော့ စည်းကမ်းတကျ လိုက်နာပြီးတော့ ဖိဖိစီးစီး လုပ်ကြတာပေါ့။ ဗမာပြည် ပြန်ရောက်တဲ့အခါကြတော့ ဗမာပြည်ပုံစံအတိုင်းပဲ လဘက်ရည်ဆိုင် သွားကြမယ်။ အီရောအီရောနဲ့ အားကြိုးမာန်တက် မလုပ်ကြပါနဲ့ လူကြီးလာမှ ထလုပ်တဲ့ဟာမျိုးတွေ ရှိနေတယ်။ အဲဒီတော့ အားလုံးကိုယ်စီ ကိုယ့်တာဝန်ကျေပြွန်ပြီးတော့ ကိုယ့်ကိုပေးအပ်ထားတဲ့ တာဝန်အတိုင်းသိဖို့ - ဘာတွေလုပ်ရမလဲဆိုတဲ့ Job Description ပါတဲ့အတိုင်း တက်ညီလက်ညီ လုပ်ကြမယ်ဆိုရင်တော့ အခက်အခဲ ကျော်လွှာနိုင်မှာပါ။

ဦးဝင်းမင်း ။ ။ နောက်တခုကတော့ ဝန်ထမ်းစနစ်ထဲမှာပဲ သင်တန်းတွေ အများကြီးပေးဖို့ လိုပါတယ်။ လက်ရှိ ရှိပြီသား ဥပဒေတွေနဲ့ နိုင်ငံရေးစနစ်ကို ထောက်ခံဖို့လောက်ပဲ အဓိက သင်ခဲ့တာတွေ တွေ့နေရတော့ နိုင်ငံတကာမှာ ပြောင်းလဲနေတဲ့ အနေအထားတွေမှာ တကယ့်ကို အရည်အချင်းရှိတဲ့ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးသင်ဖို့ အရေးကြီးပါတယ်။