မြန်မာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဘယ်လိုလဲ

ထိပ်သီးအစည်းဝေး ဘာကြောင့် ကျင်းပရသလဲ

Your browser doesn’t support HTML5

မြန်မာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဘယ်လိုလဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ တပ်မတော် နဲ့ NLD အစိုးရအကြား သဘောထားကွဲလွဲမှု ကြီးထွားနေပြီး စစ်တပ် အဏာသိမ်းနိုင်တဲ့ အခြေအနေတောင် ရောက်သွားခဲ့တယ် မြန်မာ့အရေး သုံးသပ်နေကျ သတင်းစာဆရာကြီးတဦးက ဒီရက်ပိုင်းအတွင်း သုံးသပ်လိုက်ပါတယ်။ ဆိုတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေဟာ တကယ်ပဲ အဲဒီလောက် တင်းမာနေပါသလား။ မြန်မာနိုင်ငံကို အမြဲလိုလို သွားရောက်ပြီး မြန်မာ့အရေး ထဲထဲဝင်ဝင် ထိတွေသုံးသပ်နေသူ ဦးဝင်းမင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေကို ဦးဝင်းမင်း က အခုလို စပြောပါတယ်။

ဦးဝင်းမင်း။ ။ အခြေအနေကတော့ ဆိုးလိုက်၊ ကောင်းလိုက်၊ တက်လိုက်ကျလိုက် ဖြစ်နေတဲ့သဘော ရှိတာပေါ့။ ဖြစ်လာတဲ့ကိစ္စရပ်တွေပေါ် မူတည်ပြီးတော့ ဆက်ဆံရေးကလည်း အပြောင်းအလဲ ဖြစ်နေတာပေါ့။ ဥပမာ ရခိုင်ကိစ္စတွေ စဖြစ်တဲ့အချိန်မှာ တပ်မတော်နဲ့ အစိုးရသဘောထားက မတူဘူး။ အဲဒီတုန်းက အခုလိုမျိုး အစည်းအဝေး တစ်ခါ ခေါ်ခဲ့တယ်။ အခုလိုတော့ လူမစုံဘူး။ အဲဒီအစည်းအဝေးမှာတုန်းက ကာကွယ်ရေးဦးစီးချုပ်က အခန်းထဲကနေ အရင်ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က နောက်မှထွက်လာတယ်။ အဲဒီတုန်းက ဆက်ဆံရေးအခြေအနေက တော်တော်ဆိုးခဲ့တယ်လို့ အများက သုံးသပ်ကြတယ်။ အခုထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခုတခေါက် လွန်ခဲ့တဲ့ နှစ်ပတ်အစည်းအဝေးမှာတော့ စကားပြောပြီးတော့ အတူတူထွက်လာတဲ့ အနေအထားမျိုးကို သတင်းတွေမှာ တွေ့ရတယ်။ အဲဒီအခါမှာတော့ ဟိုးအရင်ကထက်စာရင်တော့ နည်းနည်းတော့ အနုသဘောဆက်ဆံရေး ပြန်ဖြစ်လာသလားလို့ အဲဒီလို ယူဆကြည့်လို့ရပါတယ်။ စင်လုံးချောကြီးတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုလည်း သဘောထားကွဲနိုင်တဲ့ ကိစ္စတွေ ရှိနေတဲ့အခါကြတော့။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီမှာကြားဖြတ်ပြီး တစ်ခုမေးချင်တယ်။ ဘယ်လိုကြောင့် ကာလုံ မဟုတ်ဘဲနဲ့ ပုံစံတမျိုးနဲ့ ဖြစ်နေရလဲ။

ဦးဝင်းမင်း။ ။ အဲဒါတော့ အဓိက အစိုးရဘက်ပေါ် မူတည်မယ်ထင်တယ်။ အစိုးရအနေနဲ့ ဘာကြောင့် ကာလုံ မခေါ်ချင်လဲဆိုတာတော့ အစိုးရပဲ အဓိက သိနိုင်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ ကာလုံမှာ တပ်မတော်ဘက်က လူပိုများတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပြောအားပိုရှိမယ်။ အဲဒီလိုမျိုး ယူဆမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တပ်မတော်ဘက်ကတော့ ကာလုံမှာ မဲခွဲဆုံးဖြတ်လေ့ မရှိဘူးဆိုပြီး တရားဝင်ပြောထားတာတွေလည်း ကျနော်တို့ တွေ့ရတော့ ဘာကြောင့် မခေါ်ဖြစ်သလဲဆိုတာတော့ အစိုးရပေါ် အဓိက မူတည်မယ်ထင်တယ်။ တပ်မတော်ဘက်ကတော့ ခေါ်စေချင်တဲ့ သဘောမျိုးရှိပုံရပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ကာလုံမဟုတ်ဘဲနဲ့ အစိုးရဘက်က လိုချင်တဲ့ပုံစံအတိုင်း ခေါ်လိုက်တယ်ဆိုကတည်းက တပ်မတော်ဘက်က လိုက်လျောတဲ့ အရိပ်အရောင်လို အကြမ်းမျဉ်းသုံးသပ်ရင် ရနိုင်မလား။

ဦးဝင်းမင်း။ ။ ဒီနေရာမှာတော့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် အဓိက မူတည်တာပေါ့။ အခုနောက်ဆုံးခေါ်တဲ့ အစည်းအဝေးကို ကြည့်မယ်ဆိုရင်တော့ အရင်အခေါက်နဲ့ ယှဉ်လိုက်ရင် အစိုးရဘက်ကနေ လုပ်ထားတာတွေကို ရှင်းပြတဲ့သဘောမျိုး၊ အဲဒီလို သဘောမျိုးကို ဒီတခေါက်မှာ ပိုတွေ့ရတယ်။ ကာလုံအစည်းအဝေးနဲ့ ယှဉ်လိုက်ရင်။ နောက် ကာလုံအစည်းအဝေးမှာ ဖြစ်လေ့ရှိတာက ငြိမ်းချမ်းရေးကိစ္စတွေပါ အားလုံး .. ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ အားလုံးပြောပေမယ့် ဒီတခေါက်မှာတော့ ရခိုင်ကိစ္စကို အဓိကပြောသွားတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ။ ။ နောက်တခုက ဒီတခေါက် အစည်းအဝေးမှာ ကျနော်တို့ရဲ့ မိတ်ဆွေကြီး Larry Jagen ရေးထားတဲ့ ဆောင်းပါးထဲမှာ တွေ့ရပါတယ်။ တပ်မတော်အရာရှိဟောင်းတွေ ပြောတဲ့စကားတွေကို ကိုးကားပြီး ရေးထားတာက ဒီတခေါက် အစည်းအဝေးမှာ ရခိုင်ကော်မရှင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားခဲ့တဲ့အတွက်ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Swiss သံတမန် Christine Schraner Burgener က စေ့စပ်ပေးခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မထိန်းနိုင်ဘူးဆိုရင် ကျနော်တို့ ပြန်သိမ်းရလိမ့်မယ်လို့ ပြောတဲ့အထိကို ဖြစ်ခဲ့ဆိုပြီးတော့ သူက ရေးထားတာကို တွေ့ရတယ်။ ဘယ်လောက် ဖြစ်နိုင်ပါသလဲ။

ဦးဝင်းမင်း။ ။ အဲဒီအနေအထားတွေတော့ အတိအကျ မသိပါဘူး။ ဘာလို့လဲဆိုတော့ ဒီဆွေးနွေးပွဲတွေက တော်တော်များများ သတင်းအပြင် ပေါက်ကြားလေ့ နည်းတယ်။ ဒါပေမဲ့ ကျနော် ယုံကြည်တာကတော့ အခုအခြေအနေမှာ လုံခြုံရေးကောင်စီကလည်း ပါလာပြီဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဘက်စလုံးမှာ ဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရမယ့်ဆိုတဲ့ အနေအထားကိုတော့ နားလည်လာတယ်လို့ ကျနော် ယူဆတယ်။ ဖြစ်နိုင်လို့ရှိရင် စုံစမ်းရေးကော်မရှင်မှာ နိုင်ငံခြားသား ထည့်တာမျိုးကို တပ်မတော်အနေနဲ့ အစဉ်တစိုက်တော့ ကန့်ကွက်တယ်။ လွှတ်တော်ထဲမှာလည်း တရားဝင်ကန့်ကွက်ထားတယ်။ ဒါပေမဲ့လဲ နိုင်ငံတကာ ယုံကြည်မှုရအောင် လုပ်ရတာ ဖြစ်တဲ့အတွက် လိုအပ်ချက်ကိုတော့ တပ်မတော်ဘက်က နားလည်လာတယ်လို့တော့ ကျနော် ယူဆတဲ့အတွက် သူတို့နှစ်ယောက် အဖြေတခုကိုရဖို့အတွက် ပူးပေါင်းဆောင်ရွက်မယ့် အလားအလာကတော့ ပိုများမယ်ထင်တယ်။ ခြိမ်းခြောက်ပြီးတော့ အာဏာသိမ်းမယ် ပြောတာမျိုးထက်။

ဦးကျော်ဇံသာ ။ ။ ဒီအချိန်မှာ ဖြစ်နေတဲ့ပြဿနာက အာဏာမက်တဲ့သဘောထားထက်- တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့ကိစ္စမှာပဲ ဒီလိုသဘောထား ကွဲစရာ၊ ညှိနှိုင်းစရာ ရှိလိမ့်မယ်။ ငါ အာဏာမက်လို့ အာဏာသိမ်းမယ်။ သမ္မတ လုပ်ချင်လို့ အာဏာလိုချင်လို့ဆိုတဲ့ သဘောမျိုးတော့ မတွေ့ရဘူးလို့ ကျနော်လည်း ထင်မိတယ်။

ဦးဝင်းမင်း ။ ။ လောလောဆယ်မှာတော့ တပ်မတော်အနေနဲ့ အာဏာသိမ်းရလောက်တဲ့အဆင့်တော့ မမြင်သေးဘူး။ အလွန်ဆုံး တပ်မတော်အနေနဲ့ လိုအပ်လို့ရှိရင်တော့ အရင်လဲလုပ်ခဲ့ဖူးတဲ့ ရခိုင်ဒေသမှာ မထိန်းနိုင်တော့ဘူးဆိုရင် အရေးပေါ်အခြေအနေ ကြေညာပေးဖို့ တောင်းဆိုခဲ့တာတွေ ရှိကောင်းရှိနိုင်ခဲ့တယ်။ အစိုးရဘက်ကတော့ ဦးသိန်းစိန်လက်ထက်နဲ့ ကွာတာကတော့ အရေးပေါ်အခြေအနေကို မပေးခဲ့တဲ့ အနေအထားမျိုး ဖြစ်ခဲ့တာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ တိုင်းပြည်တခုလုံး အာဏာသိမ်းမယ့် အနေအထားမျိုးကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဲဒီလောက်အထိတော့ စဉ်းစားမယ်လို့ ကျနော်တော့ မထင်ဘူး။

ဦးကျော်ဇံသာ။ ။ ဆိုတော့ တပ်မတော်ထဲမှာကော အထူးသဖြင့် ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ အကြမ်းမျဉ်းကြည့်လိုက်ရင် သူတို့တွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တယောက်ထဲကို နားခံကြသလား။ သို့တည်းမဟုတ် သူ့ရဲ့နောက်ကွယ်ကလူ အပြင်ထွက်သွားတဲ့ လူတွေကရော ဘယ်လိုသဘောထားမျိုးနဲ့ သူကို တိုက်တွန်းနိုင်သလဲဆိုတာကို ကိုဝင်းမင်း သိသလောက် နည်းနည်းသုံးသပ်ပါအုံး။

ဦးဝင်းမင်း ။ ။ အဓိကတော့ တပ်မတော်မှာ လက်ရှိတာဝန်ရှိနေတဲ့ ထိပ်ဆုံးကလူပဲ အာဏာရှိတယ်။ ဆွေးနွေးပွဲတွေ ရှိသော်လဲ အဓိကတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကိုပဲ သူတို့တွေ ထင်ဟပ်တာများလေ့ရှိတယ်။ ဘေးက၊ နောက်က၊ အပြင်ကတို့ ဘယ်လောက်ပဲပြောပြော ဆုံးဖြတ်ချက်ကတော့ ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာပဲ အဓိကရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကောလာဟလ ကြားရတာက အခု NLD ပါတီရဲ့ ညီလာခံမှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တပ်မတော်ကိုလည်း ပူးပေါင်းပါဝင်စေချင်တယ်။ ကောလာဟလ သတင်းကြားတာက ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ကို သွားတိုင်ပင်တယ်။ ဦးသန်းရွှေကလည်း သဘောတူချင်သလို၊ သူ့သဘောထားက ပြောကြည့်ကြလေဆိုပြီး ပြောလိုက်တယ်လို့ ကောလာဟလ ကြားရပါတယ်။ ဆိုတော့ အဲဒီလိုပြောကြေး ဖြစ်နေပြီလား။ ပြောရင်ကော ဒီကိစ္စကို သူလက်ခံမယ် ထင်ပါသလား။

ဦးဝင်းမင်း။ ။ အဲဒါတော့ ကျနော် အတိအကျ မသိနိုင်ဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်စုကြည် ကြားထဲမှာ ဆွေးနွေးပွဲတွေ တစုံတရာရှိနေတယ်လို့ ကျနော်တို့ ကြားပါတယ်။ အလွတ်သဘော တွေ့ကြတာတွေလည်း ရှိနေတော့ အခုလို ကိစ္စမျိုးက ပြောကောင်းလည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအနေနဲ့ ဘယ်လိုပဲ ပြောသည်ဖြစ်စေ၊ လက်ရှိကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကို လျှော့ပေးမယ့် အနေအထားမျိုးကို ကျနော် မတွေ့သေးတဲ့အတွက် အဲဒီအနေအထားက ဖြစ်လာဖို့နည်းတယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အခုလောလောဆယ်မှာ အဓိက ရင်ဆိုင်နေရတဲ့ ကွဲလွဲမှု တပ်မတော်နဲ့ NLD အစိုးရကြားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြားမှာ အဓိက အခက်အခဲက ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ပဲလား။ ရခိုင်ကိစ္စ စုံစမ်းရေးကော်မရှင်မှာ နိုင်ငံခြားသား ထည့်ရေးမထည့်ရေး ကိစ္စလောက်ပဲ ဟုတ်သလား။ တခြားဘယ်ကိစ္စများ ရှိနေသေးလဲ။ အခုလောလောဆယ် Larry သုံးသပ်တာက နိုင်ငံခြားသား ထည့်မယ်ဆိုတဲ့ နေရာမှာလဲ အာဆီယံကိုယ်စားလှယ်တယောက်ကို ထည့်မယ်။ စစ်တပ်ကတော့ မူစလင် မဖြစ်စေချင်ဘူး။ အနောက်ဘက်က မဖြစ်စေချင်ဘူးလို့ သတင်းရတယ်လို့ သူက ရေးခဲ့တယ်။ အခုလောလောဆယ်မှာ အစိုးရက ရာထားတာကလဲ အာဆီယံကိုယ်စားလှယ်တယောက်ယောက်ကို ထည့်မယ်ဆိုတော့ စစ်တပ်ဘက်ကလည်း လက်ခံနိုင်မယ်လို့ သုံးသပ်ပါတယ်။ ဆိုတော့ ဒီကိစ္စကို သဘောတူညီမှုရမယ်လို့ ထင်သလား။ ဒါထက်အပြင် အရေးကြီးတဲ့ ကွဲလွဲမှု ဘာတွေများ ရှိနေသေးလဲ။

ဦးဝင်းမင်း။ ။ ရခိုင်ကိစ္စကတော့ နှစ်ဘက်သဘောထား ကြီးကြီးမားမား ကွာဟမှုတွေ ရှိနိုင်ပါတယ်။ ကော်မရှင်ကိစ္စမှာ နိုင်ငံခြားသား ထည့်တဲ့နေရာမှာလည်း ကွဲပြားမှု ရှိနိုင်သလို၊ တခြားကွဲပြားတဲ့ကိစ္စတွေလည်း အများကြီးတော့ ရှိနိုင်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲအပြီးကာလကတည်းက အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဖွဲ့စည်းပုံဥပဒေ ပြောင်းလဲရေးကို အဓိကထား မဲဆွယ်ခဲ့တယ်ဆိုတော့ တပ်မတော်ဘက်ကကြည့်ရင် ဖွဲ့စည်းပုံ ပြောင်းလဲရေးကို လုံးဝလက်မခံဘဲ။ ဖွဲ့စည်းပုံကို အသေအလဲ ကာကွယ်မယ်ဆိုပြီ ရှိတဲ့အခါကြတော့ ကျနော့်အမြင်က အဲဒီနှစ်ခုက ထိခိုက်တွေ့တာက အရင်းအမြစ် စပြီးတော့ အစိုးရပွဲဦးထွက်လာကတည်းက စဖြစ်လာတဲ့ တင်းမာမှုက ပိုကြီးတယ်လို့ ကျနော် ယူဆပါတယ်။ လက်ရှိ အခြေအနေမှာလည်း အဲဒီတင်းမာမှုက ကျနော်ထင်တယ် ဆက်ရှိကောင်း ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်က NLD ညီလာခံမှာလည်း ဒီကိစ္စကို ဦးစားပေးကိစ္စအနေနဲ့ ထည့်သွင်းထားတာကို တွေ့ရတယ်။

ဒါပေမဲ့ တချိန်တည်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတဆင့် ဖွဲ့စည်းပုံကို ပြောင်းမယ်ဆိုတဲ့ သဘောမျိုးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ပိုင်းပြောလာတဲ့ အနေအထားမှာတော့ တပ်မတော်နဲ့ တစုံတရာတော့ နီးစပ်မှု ရှိလာတဲ့သဘော။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စမှာကော သဘောတူညီမှု ရကြရဲ့လား။ အစိုးရနဲ့ တပ်မတော်နဲ့။

ဦးဝင်းမင်း။ ။ ဒီဖွဲ့စည်းပုံ ပြောင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး လုပ်နေပါလားဆိုတဲ့ စဉ်းစားချက်မျိုး တပ်မတော်က ဖြစ်လာလို့ရှိလာရင်တော့ ကျနော်ထင်တယ် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပိုအရေးကြီးတယ်လို့ အဆုံးသတ်တာကို။ အဲဒီအနေအထားမှာ နှစ်ဘက် ကွဲလွဲမှုတွေ၊ တင်းမာမှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ တပ်မတော်ဘက်က တင်းခံနေတဲ့ကိစ္စကို လျှော့ပေးပါ့မလား။ လက်နက်အရင်ချပြီးမှ အကြမ်းမျဉ်းပြောကြမယ်ဆိုရင်ပေါ့။

ဦးဝင်းမင်း။ ။ တပ်မတော်အနေနဲ့လဲ အဲဒီကိစ္စကို အပြောင်းအလဲ ဖြစ်စဉ်က တက်လိုက်ကျလိုက် ဖြစ်တတ်ပါတယ်။ တချို့အခြေအနေမှာ အရင်တုန်းကဆိုရင် DDR နောက်ဆုံးတော့ လက်နက်ဖျက်သိမ်းရေးဘက်ကို သွားတာပေါ့။ တိုင်းရင်းသားတွေဘက်ကတော့ SSR လုံခြုံရေးတခုလုံး ပြုပြင်ပြောင်းလဲရေးဆိုပြီး ပြောကြတာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စကို တပ်မတော်အနေနဲ့ အရင်ရှေ့တန်းတင်လာခဲ့ရာကနေ အခုနောက်ပိုင်း KNU က ဗိုလ်ချုပ်ကြီးမူးတူးနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ ပြင်းပြင်းထန်ထန် အဲဒီကိစ္စတွေကိုပြောတာ သိပ်မကြားရဘူး။ အခု ပင်လုံမှာလည်း ပြင်းပြင်းထန်ထန် အဲဒီကိစ္စတွေကို ပြောမယ့်အနေအထားမျိုး အရင်ရှိခဲ့ရာကနေ အခုလျော့သွားပြီ ရှိတဲ့အတွက် တင်းမာမှုတော့ တစုံတရာ လက်တလောတော့ ကျကောင်းကျနိုင်ပါတယ်။ ဒါပေမဲ့ မခွဲထွက်ရေးတို့၊ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ ရေးဆွဲရေးတို့ အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အဲဒီကိစ္စတွေကို ဆွေးနွေးမယ်ဆိုရင်တော့ တင်းမာမှုတွေ ပြန်ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒီတခေါက်မှာတော့ အဲဒီလိုမျိုး မဆွေးနွေးဘဲနဲ့ တင်းမာမှုတွေကို လျှော့ပြီးတော့ ရနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို အဓိကထားပြီးတော့ ဆွေးနွေးသွားကြမယ်လို့ ကျနော် ယူဆပါတယ်။

အရေးကြီးဆုံးကတော့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ချနိုင်ဖို့၊ ရပ်သွားနိုင်ဖို့နဲ့ ရှေ့မှာ ဒီအဖွဲ့တွေလည်း ပါလာနိုင်တဲ့ အလားအလာမျိုးကို ဒီတခေါက်မှာ ဖော်ဆောင်နိုင်တဲ့ အနေအထားမျိုး ကြိုးပမ်းကြမယ်ဆိုရင်တော့ ကျနော်ထင်တယ် ရှေ့မှာ အလားအလာ ကောင်းပါတယ်။ အဲဒီလုမှ မဟုတ်လို့ဆိုရင် သာမန်သဘောတူညီချက်ပဲ ရပြီးတော့ တကယ်တမ်း အရေးကြီးတဲ့အချက်တွေကို ကျနော်တို့ ဖြေရှင်းနိုင်မယ့် အလားအလာ၊ မျှော်လင့်ချက် နည်းကောင်းနည်းသွားနိုင်ပါတယ်။