Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံဗဟိုအစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေ ငြိမ်းချမ်းရေးကိစ္စမှာ တရုတ်နိုင်ငံက ထိထိရောက်ရောက် ကြားဝင်ဆောင်ရွက်ပါရဲ့လား။ တရုတ်တို့ဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချလောက်သော စီးပွာဘက် ဟုတ်ပါရဲ့လား ဆိုတာတွေနဲ့ ပတ်သက်ပြီး သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖြေ ။ ။ တရုတ်ပြည်ရဲ့ အရင်က ရှိခဲ့တဲ့ သဘောထားက သူတို့နိုင်ငံက မြန်မာလေ့လာသုံးသပ်ရေး Institution ရဲ့ ပါမောက္ခ လီရှာယန်ရဲ့ သုံးသပ်တဲ့စာတမ်းထဲမှာလည်း ပါပါတယ်။ သူတို့ရဲ့ ဒေသဆိုင်ရာအစိုးရလို့ခေါ်တဲ့ ယူနန်အစိုးရကိုယ်တိုင်က ဒီနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို မွေးထားပြီးတော့ မြန်မာနဲ့ကြားမှာ အပေးအယူလုပ်ဖို့ တိုင်းရင်းသားမီးကိုမွေး၊ ကချင်ကျားကို လက်သပ်မွေးဆိုတဲ့ ဒီလိုအဆိုတွေတောင် သူတို့ရှိတယ်။ ဆိုတော့ ပြီးခဲ့တဲ့ကာလမှာတော့ သိပ်သိသာတဲ့ကိစ္စက ဦးသိန်းစိန် ကြိုးစားခဲ့တော့ အောက်ပိုင်းကအဖွဲ့တွေနဲ့ အဆင်ပြေပြီးတော့ တရုတ်နယ်စပ်က အဖွဲ့တွေနဲ့တော့ အဆင်မပြေရတဲ့ အကြောင်းရင်းထဲမှာ မြစ်ဆုံစီမံကိန်းကို တဘက်ကရပ်လိုက်တဲ့ကိစ္စက တော်တော်လေး အဓိကကျပါတယ်။ အဲဒီကိစ္စ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကိုးကန့်က ဖုန်ကျားရှင်အဖွဲ့ကလည်း တိုက်ပွဲတွေခေါ်လာတယ်။ KIA ကလည်း UNFC တို့နဲ့ မပူးပေါင်းဘဲနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပေါင်းပြီးတော့ ဟိုဘက်ကနေ တိုက်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တရုတ်ပြည်ဘက်နေ ဖိအားပေးတယ်လို့ ယူဆရပါတယ်။
မေး ။ ။ အဲဒီတော့ မြစ်ဆုံကိစ္စကို လက်မခံ၊ ငြင်းပယ်လိုက်တဲ့အတွက် ဒါကို တရုတ်က လက်စားချေလိုက်တဲ့သဘော။
ဖြေ ။ ။ မှန်ပါတယ်။ ဖိအားပေးတာပေါ့။ သဲလွန်စတခုအနေနဲ့ ဒါက KIA ဥက္ကဋ္ဌကနေ UNFC အစည်းအဝေးတခုမှာ သူက နုတ်ထွက်ရတဲ့အကြောင်းရင်းကို ပြောတဲ့အခါမှာ အဲဒီစကားလေးတခွန် ထွက်တာရှိပါတယ်။ တချို့ကိစ္စတွေ ပြောလို့မကောင်းလို့ ကျနော် မပြောပါရစေနဲ့။ ကျနော်တို့ UNFC ကနေ ဘာကြောင့်ထွက်ရတယ်ဆိုတာ မပြောလိုတော့ပါဘူးလို့ ပြောတာ ရှိပါတယ်။ သို့သော်လဲ အဲဒီနောက်ပိုင်း ကျနော်တို့နိုင်ငံကလည်း အစိုးရအပြောင်းအလဲ ဖြစ်သွားတယ်။ တရုတ်နိုင်ငံကလည်း ပေါ်လစီအပြောင်းအလဲ ဖြစ်လာတယ်။ ဖြစ်လာတဲ့အတွက်ကြောင့်မို့ တရုတ်ပြည်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ ပိုမိုပြီးတော့ ရင်းနှီးစွာဆက်ဆံပြီးတဲ့အခါကြတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အနေအထားကို အရင်သူတို့ ထောက်ခံနေကြအတိုင်း ထောက်ခံပြီးတော့ မြန်မာကို ပိုပြီးတော့ ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံလာတာ တွေ့ရတယ်။
နောက် ဒီနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေကိုလည်း NCA ကို လက်ခံဖို့၊ လက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ တိုက်တွန်းတယ်ဆိုတာကို ကျနော်တို့ ကြားရပါတယ်။
မေး ။ ။ တိုက်တွန်းရုံပဲလား။ တိုက်တွန်းပေမယ့် မရွေ့ပါလား။ မြောက်ပိုင်းအဖွဲ့တွေက…
ဖြေ ။ ။ မှန်ပါတယ်။ တရုတ်ပြည်အနေနဲ့ အရင်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီတုန်းကလည်း ဒီလိုပါပဲ။ ယေဘုယျအားဖြင့်တော့ သဘောထားကွဲပြပြီးတော့ ဖြစ်စေချင်တဲ့ဥစ္စာကို မလုပ်မနေရပုံစံမျိုး အတင်းအကျပ်တော့ ပြောလေ့သိပ်မရှိဘူး။ သို့သော် နားမထောင်ဘူး၊ ဆန့်ကျင်ဘက်လုပ်လာတယ်၊ ကလန်ကဆန်လုပ်လာတယ် အနေအထားမျိုး ဖြစ်တယ်ဆိုရင်တော့ သူက တနည်းနည်းနဲ့ ပညာပေးတတ်ပါတယ်။
ဥပမာ မြန်မာပြည်ကွန်မြူနစ်ပါတီဆိုရင်လည်း သူက ဆန့်ကျင်ပြီးတဲ့အခါကြတော့ ဗမာပြည်ကွန်မြူနစ်ပါတီ သခင်ဘသိန်းတင်က တိန်ရှောင်ဖိန်နဲ့ ရန်တွေဘာတွေဖြစ်၊ ဟူးယောင်ဘန်နဲ့ ရန်တွေဘာတွေဖြစ် - အဲဒီလို ဖြစ်လာတဲ့အခါမျိုးမှာ သူ့အဖွဲ့တွင်းကနေ ပုန်ကန်မှုတွေ ပေါ်လာတဲ့အခါမှာ တရုတ်က မျက်စိမှိတ်နေလိုက်တာမျိုး။
မေး ။ ။ ဒီနေရာမှာ ကြားဖြတ်မေးချင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ငြိမ်းချမ်းရေးစေ့စပ်ဖို့ ပြောခဲ့လို့လား။ အဲဒါကို လက်မခံလို့ တိုင်းရင်းသား ပုန်ကန်မှုတွေ ဖြစ်တဲ့အခါ ပစ်ထားလိုက်တဲ့သဘောလား။
ဖြေ ။ ။ မှန်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ရေးတဲ့ စာအုပ်တအုပ် ထွက်လာပါတယ်။ အသေးစိတ်တွေ ရေးထားတာရှိပါတယ်။ အဲဒီမှာ တိန်ရှောင်ဖိန်က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းတဲ့အခါမှာ သခင်ဘသိန်းတင်က ဒေါသတကြီးနဲ့ ခင်များတို့သာ ပြန်လည်ပြင်ဆင်ရေးဝါဒလမ်း လိုက်ကြ၊ ကျုပ်တို့တော့ မလိုက်ဘူးဆိုတဲ့ဟာမျိုးအထိ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ အစည်းအဝေးတန်းလန်းနဲ့ပဲ တိန်ရှောင်ဖိန်က အစည်းအဝေးကနေ ထွက်သွားတာမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည် ဆက်ဆံရေးက မကောင်းတော့ဘူး။
မေး ။ ။ အဲဒါ ဆွေမျိုးပေါက်ဖော်ဆိုတဲ့ဟာက ဘယ်ဟုတ်မလဲ။ ဆွေမျိုးပေါက်ဖော်ဆိုတာ ကိုယ့်အမြတ်ကို မကြည့်ဘဲနဲ့ ကူညီချင်တဲ့ စေတနာမျိုးတောင် မထားနိုင်ဘူးပေါ့။ တကယ်တော့ နိုင်ငံတိုင်းမှာ သူ့အမျိုးသား အကျိုးစီးပွားနဲ့ လုပ်မှာပဲ။ အခုလောလောဆယ်မှာကော တရုတ်က အဲဒီသဘောထားမျိုး ထားနေတုန်းပဲလား။
ဖြေ ။ ။ အခုကတော့ သူက အရှုပ်ထဲမှာ ဝင်ပါမိရက်သား ဖြစ်နေတော့ စားလည်းရူး၊ ဆုပ်လည်းစူး ပုံစံမျိုးပေါ့။ ထားတဲ့သဘောထားကလည်း နည်းနည်းမှားနေတဲ့ သဘောမျိုးဆိုတော့ အခုမှ ပြင်ရတာပေါ့။ အခုန ကျနော်ပြောတဲ့ ပါမောက္ခလီရှန်ယန်ရဲ့ စာတမ်းထဲမှာကတော့ တရုတ်အစိုးရက …
တရုတ်အစိုးရက ဒီသဘောထားကို ပြင်ဆင်ဖို့၊ ဗမာပြည်ကို ရိုးရိုးသားသားနဲ့ ကူညီဖို့ ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခတွေမှာလည်း အပြုသဘောနဲ့ ပါဝင်ပြီးတော့ စေ့စပ်ဆွေးနွေးပေးဖို့ စာတမ်းမှာရေးသားဖော်ပြထားတာကို တွေ့ရတယ်။
မေး ။ ။ ဒါပေမဲ့ ယူနန်ပြည်နယ်က အဖွဲ့တဖွဲ့ပြုစုတဲ့ စာတမ်းဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီမှာ အင်မတန် သြဇာကြီးပြီးတော့ အာဏာရှင်ယန္တရားနဲ့ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတခုကို လွှမ်းမိုးနိုင်ပါ့မလားဆိုတာကို ကျနော်က အကြီးအကျယ် သံသယ ဖြစ်မိပါတယ်။ တကယ်ကော အဲဒီမူဝါဒမျိုး မြန်မာပြည်အပေါ် ဖြစ်လာနိုင်ပါ့မလား။
ဖြေ ။ ။ ဒီဟာကတော့ ယူနန်တက္ကသိုလ်က မြန်မာလေ့လာရေး Institute ဆိုပေမယ့် တကယ်ကတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ မြန်မာနိုင်ငံလေ့လာရေး Institute ကို ပီကင်းမှာထားတာထက် ယူနန်နယ်မှာထားတာက ပိုပြီးတော့ လက်တွေ့ကျတဲ့အတွက်ကြောင့် လာထားတယ်လို့ ကျနော်က အဲဒီလိုမြင်ပါတယ်။
မေး ။ ။ ဒီနေရာမှာ ကျနော် တခုစဉ်းစားမိတာက တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရသွားတယ်။ တရုတ်ဘက်က ဘာများနစ်နာစရာ ရှိလို့လဲ။ သူတို့ ဈေးဆစ်နိုင်မယ့် Bargining Chip တခု ဆုံးရှုံးသွားတယ်လို့ ယူဆလိုက်ရအောင် အခုအခါမှာ နိုင်ငံတကာအခင်းအကျင်းအရ ကြည့်ရင်လည်း တရုတ်က မြန်မာနိုင်ငံကို အများကြီး ကူညီပေးပြီးတော့ တဘက်သတ် ထင်သလို စီးပွားရေးအားဖြင့် ဆိုကြပါစို့ လုပ်လို့ရတဲ့ အခြေအနေလို့ ပြောရင်တောင် မှားမယ်မထင်ပါဘူး။ ဆိုတော့ တရုတ်က ဘာများ တိုင်းရင်းသားတွေကို မြှောက်ပေးအုံးမယ်။ ဒီလူတွေကို ငါတို့ ဆက်ကိုင်ထားအုံးမယ်ဆိုပြီးတော့ ဘယ်လိုများ အသုံးချနိုင်အုံးမယ်လို့ ထင်ပါလဲ။
ဖြေ ။ ။ မှန်ပါတယ် ဦးကျော်ဇံသာ သုံးသပ်သလိုမျိုးပဲ ဒီလို မီးစတဘက်၊ ရေမှုတ်ဘက် လုပ်လာခဲ့တဲ့ ပေါ်လစီက ရေရှည်အတွက် မကောင်းဘူး။ ကျနော်တို့ ကြားရတဲ့သတင်းတွေအရဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်အထူးအရာရှိက ဝအဖွဲ့ကို မကြာခဏ လှမ်းလှမ်းပြီးတော့ ဖုန်းဆက်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ကို ဖိအားပေးတယ်လို့ ကြားရပါတယ်။ ဆိုတော့ သူတို့အနေနဲ့ ဇွတ်အတင်းအဓမ္မ၊ အမိန့်ပေးတဲ့ဟာမျိုးကတော့ သူတို့ရဲ့ သဘောသဘာဝအတိုင်း အဲဒီလိုတော့ လုပ်လေ့မရှိဘူး။ ဒါပေမဲ့ ဖိအားပေးနေတာတော့ သေချာပါတယ်။
မေး ။ ။ ကျနော် နောက်တခု သိချင်တာက မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ တရုတ်က မြစ်ဆုံကို ပြန်လုပ်နိုင်ဖို့ မျှော်လင့်နေသေးသလား။ သို့တည်းမဟုတ် လျော်ကြေးတွေ အများကြီးပေးရမယ်လို့ တောင်းထားတယ်။ ဒီကိစ္စ ဘယ်လိုအဆုံးသတ်မယ်လို့ ထင်ပါသလဲ။ ပြန်စလာမလား။ ဗမာပြည်က လျော်ကြေး တနင့်တပိုး ပေးပြီးတော့ ကျေအေးသွားမယ် ထင်သလား။
ဖြေ ။ ။ ကျနော်တို့ သိရသလောက် သူတို့အဖွဲ့အစည်းတွေကတော့ ပြန်ပြီးတော့ ဒီစီမံကိန်းကို လုပ်ချင်တဲ့သဘော ရှိပါတယ်။ သို့သော်လဲ မြန်မာနိုင်ငံဘက်က အခက်အခဲ ရှိတယ်ဆိုလို့ရှိရင်တော့ သင့်တင့်တဲ့လျော်ကြေး ရရှိချင်တာပေါ့။ အဓိက စဉ်းစားရမှာက ကျနော်တို့နိုင်ငံဘက်က ဖြစ်တယ်။ တကယ်လို့ မလုပ်ရဘူးဆိုရင်လဲ တခြားဘယ်ကိစ္စကို ပေးလုပ်မလဲပေါ့။ နောက်တခါ ပြည်သူလူထု နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ရင် NLD အစိုးရအနေနဲ့ အခက်အခဲ ရှိပါတယ်။ ဒါကိုလဲ တရုတ်ပြည်က နားလည်ပုံ ရပါတယ်။ ဒါကြောင့် သူက ဇွတ်အတင်းကြီးတော့ ဖိအားတော့ မပေးဘူး။ သို့သော် အချိန်ကြာလာလို့ရှိရင် ဆုံးရှုံးမှုကလည်း များလာမယ်။ လျော်ကြေးပမာဏလည်း တက်လာမယ်ဆိုတဲ့အခါကြတော့ ဒါကိုတော့ တတ်နိုင်လို့ရှိရင် ဗမာဘက်ကလည်း ကြိုးစားစေချင်တဲ့သဘော ရှိပါတယ်။
မေး ။ ။ ကျောက်ဖြူဘက်မှာလုပ်မယ့် အထူးစီးပွားရေးဇုန်ဆိုတာ ပိုက်ဆံက သိပ်ပြီးတော့ များလွန်တယ်။ သူတို့ရည်ရွယ်ထားတာ နောက်ဆုံးတနေ့မှာ သီဟိုမှာ ဖြစ်တဲ့အတိုင်း သူတို့ဆီက အကြွေးတွေ ယူရမယ်။ ဖဲဝိုင်းမှာ ဒိုင်ရှိက ပိုက်ဆံချေးပြီးတော့ ပြန်ထိုးရတဲ့သဘောမျိုး ဖြစ်မယ်ဆိုပြီးတော့ ပညာရှင်တွေက အများကြီး ထောက်ပြနေကြတယ်။ အဲဒီကိစ္စကို တရုတ်က ဘယ်လောက်စေတနာထားပြီးတော့ လုပ်ပေးဖို့ရှိလဲ။
ဖြေ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အတိအကျ ဖတ်လိုက်ရတဲ့ သတင်းတခုကတော့ ကျောက်ဖြူရေနက် စီမံကိန်းက ၇.၅ ဘီလီယန်လောက် ကုန်ကျမယ်။ အဲဒီမှာ ကျနော်တို့ အစိုးရဘက်ကို ပေးတာက ၁၅ ရာခိုင်နှုန်း။ ၁၅ ရာခိုင်နှုန်းပဲ ယူမယ်ဆိုရင် ကျနော်တို့က ငွေထပ်မစိုက်ရဘဲနဲ့ မြေစိုက်တယ်ဆိုတဲ့ အနေမျိုးနဲ့ ဒီဟာကို Free Share ရမယ်ပေါ့။ တကယ်လို့ ကျနော်တို့က ၃၀ ရာခိုင်နှုန်း ယူမယ်ဆိုရင်တော့ အဲဒီယူမယ့် ၁၅ ရာခိုင်နှုန်းအတွက် ငွေစိုက်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အဲဒါက ၁.၁ ဘီလီယန်လောက် ရှိလိမ့်မယ်။ အဲဒီအတွက်ကို ကျနော်တို့ အစိုးရက ငွေမရှိဘူး၊ တရုတ်ဘဏ်တွေက ချေးရမယ်ဆိုရင်တော့ ဘဏ်တိုးက ကမ္ဘာ့ဘဏ်တို့ထက် များတဲ့အတွက် အဲဒါကို မဆပ်နိုင်လို့ရှိရင် အစိုးရအနေနဲ့ ဒုက္ခရောက်နိုင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့တော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ထည့်လို့ရပါတယ်။ အဲဒီ ၁၅ ရာခိုင်နှုန်းအတွက်။ အဲဒီလို သုံးသပ်ထားတာတခုကို ဖတ်လိုက်ရပါတယ်။
မေး ။ ။ ဒါပေမဲ့ အဲဒီငွေ မစိုက်နိုင်ရင် အဲဒီဟာကို မြန်မာနိုင်ငံအတွက် ဘယ်တော့မှ သုံးနိုင်မှာ မဟုတ်တော့ဘူးလေ။ နှစ်ပေါင်း ရာနဲ့ချီ ပေးရတော့မှာ။ တရုတ်ကို မင်းတို့ကြိုက်သလိုလုပ်ဆိုပြီး ပေးရတော့မှာ။ အဲဒီအချက်လည်း ရှိသေးတယ် မဟုတ်လား။
ဖြေ ။ ။ သီဟိုနိုင်ငံနဲ့ မတူတာ တခုကတော့ ဒီဟာလုပ်ပြီးလို့ရှိရင် ကျနော်တို့အနေနဲ့ တရုတ်ပြည် ယူနန်ပြည်နယ်နဲ့ အမြန်ရထားလမ်း၊ ကားလမ်းကိုပါ ဆက်ပြီးတော့ ခွင့်ပြုမှ ဒီသင်္ဘောဆိပ်က အလုပ်ဖြစ်လာမယ်။ အမြတ်အစွန်းတွေ ရလာမယ့်သဘော ရှိပါတယ်။ အဲဒီဟာကို ဆက်ပြီးတော့ ကျနော်တို့က သဘောမတူနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီသင်္ဘောဆိပ်ကမ်းက အခုန ဦးကျော်ဇံသာ ပြောသလို အလုပ်မဖြစ်ဘဲနဲ့ အကြွေးတွေပဲ တင်နေတာမျိုးနဲ့ အဆုံးသတ်နိုင်တယ်။
မေး ။ ။ စီးပွားရေးနှောင်းကြိုးတွေက တခုပြီးတခု ရစ်ပတ်နေတဲ့ သဘော။ ရုန်းမရနိုင်တဲ့ သဘောမျိုး - ရထားလမ်း၊ ကားလမ်း ဖောက်ရမှာလဲ မြန်မာပြည် အကျိုးစီးပွားထက် သူတို့ရဲ့ Strategy အကျိုးစီးပွား၊ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွား ပိုများတယ်ဆိုပြီး တွက်ကြတာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့က အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ လက်မှတ်တွေ မထိုးရသေးဘူးဆိုရင် ကျနော်တို့က အတိုးကိစ္စတခု ညှိနှိုင်းဖို့ လိုလိမ့်မယ်။ နောက်တခါ ကျနော်တို့က မြေအသုံးချခွင့် ပေးတဲ့အတွက် ရပိုင်ခွင့် Percentage ကို တိုးတောင်းဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ စာချုပ်တွေ လက်မှတ်မထိုးရသေးဘူး ဆိုရင်တော့ ကိုယ်မနစ်နာအောင် လုပ်ဖို့လိုတယ်။ ထိုးပြီးတောင်မှ ဒီစာချုပ်တွေကို တဘက်သတ် ရပ်တာမျိုး၊ ဖျက်တာမျိုး လုပ်ရင်တော့ ဦးသိန်းစိန်လက်ထက်က မြစ်ဆုံစီမံကိန်းကို တဘက်သတ် ရပ်တာမျိုး ဖြစ်နေရင်၊ သူကို ဒေါသဖြစ်အောင် ဆွပေးသလို ဖြစ်မယ့်အပြင်၊ နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုနဲ့ တခြားနိုင်ငံက ကုမ္ပဏီတွေပေါ်ကိုလည်း ရိုက်ခတ်မှုမကောင်းတော့ ကျနော်တို့နိုင်ငံကို လက်ရှောင်သွားနိုင်တာပေါ့။