ခေါင်ဆောင်မှု ဘေးကျပ်နံကျပ် ဖြစ်စေတဲ့ မြန်မာ့ပြဿနာ

Your browser doesn’t support HTML5

ခေါင်ဆောင်မှု ဘေးကျပ်နံကျပ် ဖြစ်စေတဲ့ မြန်မာ့ပြဿနာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ စစ်တပ်မပါဝင်ရင် အရပ်သားအစိုးရ ဘာမှမလုပ်နိုင်အောင် ဖန်တီးထားတဲ့ စနစ်အောက်မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ဒေါ်အောင်ဆန်းစုကြည်အဖို့ ကိုင်တွယ်ရ အင်မတန်ခက်ခဲစေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကဆိုပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ခန်းမှာ အမေရိကန်ပြည်ထောင်စု Georgetownတက္ကသိုလ် ပါမောက္ခ Steinberg က မြန်မာနိုင်ငံအခြေအနေ ကို အခုလို စတင်သုံးသပ်ပါတယ်။

Prof. Steinberg ။ ။ စီးပွားရေးက လူပုဂ္ဂိုလ်တဦးချင်းဆီအတွက် သိပ်မကောင်းလှပေမယ့် တမျိုးသားလုံးနဲ့ဆိုင်တဲ့ စီးပွားရေး GDP ပြည်တွင်းအသားတင်ထုတ်ကုန်တန်းဖိုး မြင့်တက်နေပါတယ်။ ဒါဟာ ကောင်းတဲ့အချက်တချက်ဆိုတာ သေချာပါတယ်။ ပြည်သူတွေက အလုံအလောက် အကျိုးအမြတ် မရရှိပါဘူး။ မကျေနပ်မှုတွေ အများကြီးရှိနေတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ နိုင်ငံရေးအခြေအနေကတော့ မကောင်းပါဘူး။ အခြေအနေ တိုးတက်လာတာ မတွေ့ရပါဘူး။ တိုင်းရင်းသားလူနည်းစုတွေ အခြေအနေ မကောင်းပါဘူး။ နိုင်ငံတကာဆက်ဆံရေးလည်း မကောင်းပါဘူး။ ကျနော်က ဒါဟာ အဆိုးမြင်စရာ ဖြစ်နေတယ်လို့ မပြောချင်ပေမယ့် လောလောဆယ်မှာ အကောင်းမြင်စရာ အခြေအနေ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ GDP တိုးတက်လာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်ပိတ်စို့မှုတို့ဘာတို့ လုပ်နေကြတော့ ဒါဟာ မြန်မာ့စီးပွားရေးကို ခြိမ်းခြောက်နေတာနဲ့ မတူဘူးလား။

Prof. Steinberg ။ ။ ဟုတ်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတခုလုံးက မြန်မာ့စီးပွားရေးကို ထိခိုက်စရာ ဖြစ်နေပါတယ်။ ဒါက ရှင်းပါတယ်။ ဒါကို မြန်မာအစိုးရက ကောင်းကောင်းသိပါတယ်။ တချိန်တည်းမှာ ရခိုင်မှာ သူတို့လုပ်နေတာ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအခြေအနေအရ လိုအပ်လို့ လုပ်နေကြတယ်လို့ ယူဆကြပါတယ်။ ဒါကို ကျနော် သဘောမတူပါဘူး။ နောက်ထပ်စီးပွားရေးကို ထိခိုက်စေမယ့်ကိစ္စတခုကတော့ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်မှု ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နံှမှုကလည်း ကျဆင်းနေတယ်ဆိုတော့ စီးပွားရေးပြဿနာတွေကလည်း အများကြီးပါ။

ဦးကျော်ဇံသာ ။ ။ ရခိုင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရက ဘယ်လောက်တာဝန်ရှိတယ်လို့ ထင်ပါသလဲ။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ရက်စက်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က Moral Authority မသုံးဘူးဆိုပြီး နိုင်ငံတကာက ရှုတ်ချနေတာကို တွေ့ရပါတယ်။

Prof. Steinberg ။ ။ ပထမဦးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီမီးရှူးတဆောင်အဖြစ် မြှင့်တင်ခဲ့ကြတာဟာ ကမ္ဘာ့အနောက်ခြမ်းက ဖြစ်ပါတယ်။ သူကတော့ အဲဒီလို မဖြစ်ချင်ပါဘူး။ နိုင်ငံရေးသမားသာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ လက်တွေ့မှာတော့ သူဟာ နိုင်ငံရေးသမားကောင်းတယောက်လည်း မဟုတ်ပါဘူး။ ယုတ်စွအဆုံး ပြည်တွင်းနိုင်ငံရေးမှာပါ။ ဆိုတော့ အခုကိစ္စမှာပါ သူတို့ ပြည်ပက ဝေဖန်သူတွေ အဆမတန် များပြားပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိရတဲ့အတိုင်းပါပဲ သူ့မှာ ထိန်းချုပ်နိုင်မှုက အကန့်အသတ်နဲ့သာ ရှိတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကသာ ချုပ်ကိုင်ထားတာပါ။ သာမန်ကိစ္စတွေမှာ လျှော့ပေါ့မှုတွေ ရှိနိုင်ပါတယ်။ လူတွေရဲ့ဘဝ သက်သာမှုရအောင် လျှော့ပေါ့မှုတချို့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုက လျော့ကျသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးကိုလည်း စစ်တပ်က ထိန်းချုပ်ထားတာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသမားကောင်းတယောက် မဟုတ်ဘူးဆိုတော့ အခုဖွဲ့စည်းပုံအရ စစ်တပ်က ထိန်းချုပ်ထားတဲ့အချိန်မှာ သူက နိုင်ငံရေးသမားကောင်းတယောက် ဖြစ်လာအောင် ဘယ်လိုများ လုပ်နိုင်သလဲ။

Prof. Steinberg ။ ။ ဒါဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတခုပါ။ သူဘာလုပ်နိုင်သလဲဆိုတာ၂၀၁၅ ရွေးကောက်ပွဲပြီချိန်ကို ပြန်သွားရပါလိမ့်မယ်။ အဲဒီမှာ သူက ဘာကိုလုပ်ဖြစ်အောင် လုပ်ခဲ့သလဲ။ ဖွဲ့စည်းပုံကို မပြင်နိုင်လို့ သမ္မတမဖြစ်နိုင်တဲ့ဟာကို ဖြစ်အောင်အတင်းလုပ်တယ်။ ဒါကို စစ်တပ်က သဘောတူမှာ မဟုတ်ဘူးဆိုတာကို သူသိပါတယ်။ ဒါပေမယ့် သူက ဇွတ်လုပ်တယ်။ ဒါက စစ်တပ်နဲ့ သင့်မြတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်တော့ သူက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို ဖန်တီးယူတယ်။ အခြေခံအားဖြင့် ဝန်ကြီးချုပ်သဘောပါပဲ။ ဒါက သူက စစ်တပ်ရဲ့သဘောထားကို ကွေ့ပတ်ပြီး ကျော်သွားတာ ဖြစ်ပါတယ်။ စစ်တပ်ကို ပထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ သူနဲ့ စစ်တပ်ဆက်ဆံရေး ပိုကောင်းမလာတော့ပါဘူး။ သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်နဲ့ သင့်မြတ်ရေးအတွက် ညှိနှိုင်းခဲ့တာ မဟုတ်ပါဘူး။ ဒါ့အပြင် သူပိုကောင်းအောင် လုပ်နိုင်လေမလားဆိုတာတော့ ကျနော် မသိပါဘူး။

ဦးကျော်ဇံသာ ။ ။ လုပ်နိုင်မလားဆိုတာတော့ မသေချာဘူးပေါ့။ ဒါဟာ သူ့အတွက် ဘေးကျပ်နံကျပ် ဖြစ်ရတဲ့ အခြေအနေတရပ်ပါ။ ဆိုတော့ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ဝင်ခဲ့တယ်ဆိုတာကို မှားတယ်လို့ ပြောနိုင်မလား။ အဲဒီလို ရွေးကောက်ပွဲမဝင်ဘဲနဲ့ ဆက်လက်ပြီးတော့ သပိတ်မှောက်ခဲ့သင့်တယ်လို့များ ယူဆမိပါသလား။

Prof. Steinberg ။ ။ အဲဒီလိုလဲ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုရင် သူက ဘာလုပ်ရမှာလဲ။

Prof. Steinberg ။ ။ သူက ဘေးကျပ်နံကျပ် အခြေအနေမှာ ရောက်နေပါတယ်။ သူမှာ ခိုင်မာတဲ့ လုပ်နိုင်ခြေ ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သူ့အဖေကြောင့်ပါ သူကို လူတွေက ချစ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က အရာရာကို ချုပ်ကိုင်ထားတယ်ဆိုတာ ကျနော်တို့အားလုံး သိကြပါတယ်။ ဒီအခြေအနေမှာ သူအပေးအယူ လုပ်ရပါလိမ့်မယ်။ ဒါပေမဲ့ သူက အဲဒီသဘောမျိုးစပြီး မလုပ်ပါဘူး။ အပေးအယူ မလုပ်ချင်ဘူးလို့ ယူဆနိုင်တဲ့ပုံစံမျိုး စလုပ်ပါတယ်။ ဒါကို မာနကြီးတယ်။ အပေါ်စီးက လုပ်တယ်လို့ စစ်တပ်က ယူဆမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သူကို ထောက်ခံပံ့ပိုးကြပါတယ်။ သူ့အပေါ်မှာ အများကြီးမျှော်လင့်ချက် ထားကြပါတယ်။ သူ တကယ်မလုပ်နိုင်တဲ့ဟာတွေကို မျှော်လင့်ကြပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှားမဟုတ်ပါဘူး။ အလွန်အကျွံ မျှော်လင့်ထားတဲ့ နိုင်ငံတကာရဲ့အမှားသာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖတ်ကြည့်ရင် စစ်တပ်က နီးနီးကပ်ကပ် မပါဝင်ဘဲ အရပ်သားအစိုးရတရပ်အနေနဲ့ ဘာမှမလုပ်နိုင်အောင် လုပ်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ သိပ်ထင်ရှားပါတယ်။ ကျနော်တို့ အနောက်နိုင်ငံတွေဘက်က အလေးအနက် မစဉ်းစားခဲ့ကြပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော်တခုမေးချင်ပါတယ်။ အနောက်နိုင်ငံတွေက ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က Moral Authority သုံးရမယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စမှာ နှိပ်ကွပ်မှုတွေကို ဟန့်တားဖို့ Moral Authority မသုံးဘူးဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ သူကို ဘာကို အတိအကျ ဆိုချင်တာလဲ ရှင်းပြပါ။

Prof. Steinberg ။ ။ သူကိုယ်တိုင် နေအိမ်အကျယ်ချုပ်ခံရတုန်းက ကြုံတွေ့ခံစားရတာတွေ၊ ဒီမိုကရေစီရေး ဆော်သြော်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် လူ့အခွင့်အရေးကိစ္စတွေ၊ ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားတွေ တွေ့ကြုံခံစားနေရတဲ့ ကိစ္စတွေအပေါ်မှာလည်း သူ့အနေနဲ့ စိတ်ထဲမှာ ရပ်တည်ချက်၊ ခံယူချက်၊ ရှိသင့်ပါတယ်။ ဒါပေမဲ့ သူက အဲဒါကို မဖော်ပြဘူး။ မဖော်ထုတ်ဘူး။ ပြင်ပက ကြည့်နေကြနေသူတွေအမြင်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒါကို ဖော်ပြဖို့ တာဝန်ရှိတယ်လို့ မှတ်ယူကြပါတယ်။

ဦးကျော်ဇံသာ ။ ။ သူ့အနေနဲ့ လက်တွေ့မှာ အနောက်နိုင်ငံတွေက မျှော်လင့်တဲ့အတိုင်း ကျေနပ်အောင် ဘာများလုပ်ပြနိုင်စရာ ရှိပါသလဲ။

Prof. Steinberg ။ ။ တကယ်တော့ သူမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ပိုလုပ်ပြသင့်ပါတယ်။ အခု သူ့ရဲ့လူသိရှင်ကြား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြည်ပက ဂြိုဟ်တုအထောက်အထားနဲ့ ပြနေတဲ့ပြဿနာတွေကို လုံးဝငြင်းဆန်ထားပါတယ်။ ဒါကို အဓိပ္ပါယ်ရှိရှိ ရှင်းပြဖို့လည်း ငြင်းဆန်ပါတယ်။ ဒါတွေဟာ မဟုတ်ဘူးလို့လဲ ငြင်းဆန်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နေပြည်တော်မှာ နိုင်ငံခြားသား သံတမန်တွေကို ပြောပြတာ သိပ်ကိုအားနည်းပါတယ်။ သံတမန်တွေက သူ့ထက်ပိုသိနေကြပါတယ်။ ဒါဟာ သူက နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ အခြေအနေမှန်ကို မသိရလေအောင် ပိတ်စို့ခံထားရတာပဲလား။ ဒါမှမဟုတ် အင်မတန်ကို အကင်းပါတဲ့ အခြေအနေတွေကို သူထက်ပိုသိထားကြတဲ့ နိုင်ငံခြားသံတမန်တွေကို လှည့်စားဖို့များ ကြိုးစားနေတာလား။ ဒီလိုဆိုရင် သူ့ဆုံးဖြတ်ချက်က သိပ်မှားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီးပြောတဲ့ ဒီကိစ္စအပေါ် ကျနော် ပြန်မေးချင်တဲ့မေးခွန်း နှစ်ခု ရှိပါတယ်။ ပထမတခုကတော့ အနောက်နိုင်ငံတွေက မြင်ချင်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က Moral Authority သုံးရမယ်ဆိုတော့ အဲဒီလိုလုပ်လိုက်ရင် စစ်တပ်က သူကို ပိုပြီးတော့ ပြောအုံးမှာပေါ့။ မာနကြီးတယ်။ သူတို့ကို ဝေဖန်တဲ့အတွက် ဒါက Arrogant ဖြစ်တယ်လို့ ပိုပြီးတော့ ပြောစရာ ဖြစ်မလာနိုင်ဘူးလား။ ဒါက ပထမတချက်ပေါ့။

Prof. Steinberg ။ ။ ပြဿနာက အဲဒါပါပဲ။ သူက စစ်တပ်ကို ဝေဖန်လေ၊ စစ်တပ်က သူကို ဒေါသထွက်လေ ဖြစ်မှာပါ။ ဒါမှန်ပါတယ်။ ဒီလိုမျိုး ဝေဖန်ခဲ့လို့လဲ အစကတည်းက စစ်တပ်နဲ့ ကွဲလွဲနေခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးကတည်းက ဖြစ်လာခဲ့တာ အခုလဲ ပြေလည်မှုရမယ့် အခြေအနေ မရှိသေးပါဘူး။ ဒါက စိတ်မကောင်းစရာပါ။ တိုင်းရင်းသားပြဿနာ ပြေလည်ရေးမှာ အဓိကလို့ သူပြောလာခဲ့တာ အခုထိ မဖြေရှင်းနိုင်တာကလည်း စစ်တပ်နဲ့ ပြန်လည်မသင့်မြတ်နိုင်လို့လည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တဲ့ နောက်တချက်ကတော့ နိုင်ငံတကာ သံတမန်တွေက ရခိုင်အရေးမှာ သူထက်ပိုပြီး သိတဲ့ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

Prof. Steinberg ။ ။ စက်တင်ဘာ ၂၀၁၇ တုန်းက နေပြည်တော်မှာ သူပြောခဲ့တဲ့ မိန့်ခွန်းကို ပြောတာလား။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ရခိုင်အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ထွက်လာတော့ သူတို့ဟာ Evidence လို့ခေါ်တဲ့ တကယ်လက်တွေ့ အထောက်အထားကို အခြေမပြုဘဲနဲ့ Witness Statement သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို အခြေပြုထားတယ်လို့ ဆိုထားပါတယ်။ ဒါကို အပြီသတ်အတည်ယူလိုကော ရနိုင်ပါ့မလားလို့ ပြောနေကြပါတယ်။ ဒါကို ဆရာကြီး ဘယ်လိုပြောလိုပါသလဲ။

Prof. Steinberg ။ ။ ဒီနေရာမှာ ပြဿနာ ရှိပါတယ်။ ပဋိပက္ခတွေမှာ အကျယ်ချဲ့တတ်တဲ့သဘော ရှိပါတယ်။ ပြီးတော့ News York Times သတင်းထောက် Hannah Beech ကလည်း ပြောပါတယ်။ ရိုဟင်ဂျာတွေနဲ့ လုပ်ထားတဲ့ အင်တာဗျူးတချို့ဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ မဟုတ်၊ တဆင့်စကားကို ကြားရုံနဲ့ လုပ်ကြံထားတဲ့ အင်တာဗျူးတွေလို့ ဆိုထားပါတယ်။ ဆိုတော့ မှန်ပါတယ်။ ပြဿနာ ရှိပါတယ်။ တချိန်တည်းမှာ သိန်းနဲ့ချီတဲ့လူတွေ ထွက်ပြေးရတာ၊ ထောင်နဲ့ချီတဲ့အိမ်တွေ မီးရှို့ခံရတာတွေကို ကောင်ကင်ကနေ မှတ်တမ်းတင်ထားတာ ရှိပါတယ်။ ဒါတွေကို အငြင်းပွားစရာ မရှိပါဘူး။ ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ MSF လို့ခေါ်တဲ့ နယ်စီးမခြား ဆရာဝန်များအဖွဲ့ကလည်း လူပေါင်း ခြောက်ထောင်ခုနှစ်ရာလောက် အသတ်ခံရတယ်လို့ ဆိုထားပါတယ်။ ဒါကို မဟုတ်ပါဘူးလို့ စစ်တပ်က ငြင်းပါတယ်။ သူတို့ဟာသူတို့ လုပ်ကြတာလို့ပြောတာ မခိုင်လုံပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီပြဿနာအတွက် စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရဘက်ကလည်း ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိပါတယ်။ အာရှဒေသက အထင်ကရ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ ပါဝင်တဲ့ အဖွဲ့တွေပါ။ သူတို့ကိုကော စိတ်မချရဘူးလို့ ထင်ပါသလား။

Prof. Steinberg ။ ။ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ဘာလုပ်လုပ် လုံခြုံရေးကောင်စီကို ရောက်မှာမဟုတ်ပါဘူး။ မြန်မာကို ဆန့်ကျင်လုပ်သမျှ တရုတ်က ဟန့်တားမှာပါ။ ရှင်းပါတယ်။ အထွေထွေညီလာခံက တစုံတရာ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်နိုင်ပါဘူး။ နောက်မေးစရာတခုက မြန်မာပြည်ပေါ်မှာ ဒဏ်ခတ်ပိတ်စို့ အရေးယူမှု Sanction တွေ ချမှတ်လိုက်ပြီဆိုပါစို့ - ဒီ Sanction တွေ ဘယ်လိုဖြစ်လာရင် ရုတ်သိမ်းကြမလဲဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးရပါလိမ့်မယ်။ ဒီမေးခွန်းကို မမေးကြသလောက်ပါပဲ။ ဒီလူတွေကို နိုင်ငံသားပေးရင် ပြဿနာပြေလည်တယ်လို့ ယူဆမယ်ဆိုရင်ကော မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် ဒီလူတွေကို ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ပေးမယ် ထင်ပါသလား။ မကြာခင်မှာ အဲဒီလို ဖြစ်လာဖို့ ရှိပါသလား။ ကာလအတန်ကြာရင်ကော ဖြစ်လာမလား။ ကျနော်ကတော့ နှစ်ပေါင်းများစွာကြာသည်တိုင် ဖြစ်လာလိမ့်မယ်လို့ မမြင်မိပါဘူး။ ဒါဟာ သိပ်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုပါ။