ရခိုင်မြောက်ပိုင်း ပြဿနာအပေါ် AA အမြင်

Arakan Army ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

Your browser doesn’t support HTML5

ရခိုင်မြောက်ပိုင်း ပြဿနာအပေါ် AA အမြင်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကို ဖြေရှင်းရမယ့်တာဝန်ဟာ မြန်မာအစိုးရရဲ့တာဝန် ဖြစ်တယ်။ ရခိုင်ပြည်သူလူထုရဲ့ သဘောထားဆန္ဒကိုရယူ ဖြေရှင်းသင့်တယ်လို့ AA ရခိုင်တပ်မတော်က ပြောကြားလိုက်ပါတယ်။ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ နဲ့ ဦးကျော်ဇံသတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ လူတော်တော်များများက သိချင်နေကြပါတယ်။ AA ဟာ ရခိုင့်တပ်မတော် ဖြစ်တယ်။ အခု ARSA အကြမ်းဖက်သမားတွေနဲ့ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာပြည်က ကျန်တိုင်းရင်းသားတွေက ဒီကိစ္စမှာ အကြမ်းဖက်သမားတွေကို တွန်းလှန်ရမယ်ဆိုပြီး တော်တော်လေး စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် ဝိုင်းပြီးတော့ ပြောနေကြတယ်။ အဲဒီမှာ AA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ အားမလိုအားမရ အသံတွေလည်း ကြားရပါတယ်။ ဆိုတော့ AA ရဲ့ ဒီကိစ္စအပေါ် ထားရှိတဲ့ သဘောထားကို ပထမဦးဆုံး ပြောပြပါ။

ခိုင်သုခ ။ ။ ARSA ကိစ္စက တကယ်တော့ လက်ရှိ တိုင်းပြည်ကို ဦးဆောင်နေတဲ့ အစိုးရကနေ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော်တို့က အဲဒီလိုပဲမြင်တယ်။ ပြဿနာဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်းတောဒေသတွေကလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိတဲ့ နေရာတွေဖြစ်တယ်။ အစိုးရအဆက်ဆက်လည်း အဲဒီပြဿနာတွေအားလုံးကို ဗမာအစိုးရတွေကပဲ ကိုင်တွယ်ခဲ့ကြတယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေအားလုံးကလည်း သူတို့ရဲ့ လုပ်ရပ်တွေက နောက်ဆက်တွဲရလဒ်တွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ ထွေထွေထူးထူး မှတ်ချက်တော့ သိပ်မပေးလိုဘူး။ အစိုးရရဲ့ တာဝန်ပဲ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခေတ်အဆက်ဆက်မှာ ဖြစ်လာတဲ့ ပြဿနာကြောင့် အခုလို ဖြစ်လာရတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းကြမှာ မဟုတ်ပါဘူး။ ငြင်းစရာ၊ စောဒက တက်စရာလည်း မရှိပါဘူး။ ဒါပေမဲ့ အခုလောလောဆယ် ဖြစ်လာတဲ့ ပြဿနာက တော်တော်လေး ဒေသခံတွေလည်း နစ်နာကြတယ်။ နိုင်ငံတကာမှာလည်း အတော့်ကို နာမည်ပျက်ရတယ်။ ဝေဖန်ရှုတ်ချတာ ခံရတယ်ဆိုတော့ လူတွေအမြင်မှာ အစိုးရတင်မကဘူး၊ ပြည်သူတွေပါ ဝိုင်းဝန်းလုပ်ဆောင်ရမယ့် ကိစ္စလို့ မြင်ကြပါတယ်။ AA က အဲဒီလို မယူဆကြဘူးလား။ AA မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါဝင်လုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ မခံယူဘူးလား။

ခိုင်သုခ ။ ။ အဲဒါကြောင့် ကျနော်တို့က အစိုးရကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်လူထုတွေရဲ့ သဘောထားကို ယူပြီးတော့ လုပ်ဆောင်ဖို့ကို ကျနော်တို့က တလျှောက်လုံး ပြောဆိုလာတာရှိတယ်။ အခုက အစိုးရအဆက်ဆက်က ကျနော်တို့ ရခိုင်တွေရဲ့ သဘောထားဆန္ဒကို လစ်လျူရှု့ပြီးတော့မှ သူတို့ရဲ့ အကျိုးစီးပွားပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်လာတာ ဖြစ်တာကြောင့်မို့ ဒီပြဿနာဟာ အခုလိုမျိုး ဒီအဆင့်ထိ ရောက်လာတာဖြစ်တယ်။ အဲဒါကြောင့်မို့ သူတို့လုပ်တဲ့ ကိစ္စတွေအားလုံးကိုတော့ ဗမာအစိုးရကပဲ ကိုင်တွယ်ပြီးတော့ လုပ်ရမယ်လို့မြင်တယ်။ ကျနော်တို့က တကယ်ပြောမယ်ဆိုရင် ရခိုင်တွေရဲ့ အခြေအနေက ကြားထဲမှာနေပြီး မြေစာပင်သဘောမျိုး ဖြစ်နေတယ်။ ဘယ်လိုပြောမလဲ … သုံးစားပိုင်ခွင့်ရှိတဲ့ ဘယ်နေရာကိုမှ ရခိုင်တိုင်းရင်းသားတွေကို ဗမာအစိုးရအဆက်ဆက်က နေရာပေးပြီးတော့ လုပ်လာတာ ဘာမှမရှိဘူး။ ဆိုတော့ အဲဒါကြောင့်မို့လဲ အခုဖြစ်နေတဲ့ ပြဿနာက ဒီအဆင့်ထိ ရောက်လာတာလို့ ကျနော်တို့က အဲဒီလိုမျိုး မြင်တယ်။ ဆိုတော့ အခုကိစ္စမှာ ကျနော်တို့က ရခိုင်တိုင်းရင်းသားတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ရခိုင်တိုင်းရင်းသားတွေက တာဝန်မရှိဘူးလားဆိုရင် ရှိတယ်။ ဒါပေမဲ့လို့ အဲဒီကိစ္စတွေအားလုံးကို နိုင်ငံတော်ကို ဦးဆောင်နေတဲ့ အစိုးရမှာပဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒီနေ့ သူတို့ စစ်တပ်ကို မချဲ့နိုင်ဘူး။ ခင်များတို့ ရခိုင်တွေပဲ ရှင်းကြပါဆိုရင်တော့ ကျနော်တို့ ရခိုင်တွေက ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ရှင်းအောင်လို့ အစွမ်းကုန်ရှင်းရမယ့်ကိစ္စ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ တချို့ သုံးသပ်ကြတယ်။ ကောလဟာလတွေ ရှိကြတယ်။ အခုလောလောဆယ်မှာတောင်မှ ဟုတ်၊ မဟုတ်တောင်မှ - တချိန်တုန်းက AA ဟာ အဲဒီ ARSA လိုလားတဲ့လူတွေနဲ့ ARSA မဟုတ်သော်လဲ ARSA မတိုင်ခင် အဲဒီဘက်က အဖွဲ့အစည်းတွေနဲ့ အပေးအယူ လုပ်ထားတာ၊ နားလည်မှု လုပ်ထားတာ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဝေဖန်ကြတာရှိတယ်။ အဲဒါကို AA က ငြင်းမလား။

ခိုင်သုခ ။ ။ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ ကျနော်တို့ တင်ချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရတို့က မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး ညစ်လုံးတွေ။ အဲဒီတော့ ညစ်ပတ်တဲ့ နိုင်ငံရေး ကစားကွက်လို့ပဲ အဲဒီလိုမျိုးပဲ မြင်တယ်။ အခု ရှင်းရှင်းလင်းလင်း ပြောမယ်ဆိုရင်တော့ ARSA ကိုင်ထားတဲ့ လက်နက်တွေဟာ ဗမာစစ်တပ်ကနေ နည်းတမျိုးမျိုးနဲ့ သူတို့ရထားတဲ့ လက်နက်တွေ ဖြစ်တယ်။ အဲဒီကိစ္စကို နိုင်ငံတကာကလည်း သိသလို၊ ဗမာတနိုင်ငံလုံးကလည်း သိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ကို ARSA နဲ့ တတန်းထဲထားပြီး အဲဒီလိုမျိုး မဟုတ်မဟတ် စွပ်စွဲချက်တွေကတော့ တော်တော်လေး နိုင်ငံရေးအရ ညစ်ပတ်တာလို့ပဲ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက AA ဟာ UWSA ‘ဝ’ အဖွဲ့တို့နဲ့ ပေါင်းတယ်။ သူတို့တွေက မူးယစ်ဆေးနဲ့ ပတ်သက်နေတယ်။ ထို့နည်းတူစွာ AA ရန်ပုံငွေ ရရှိရေးအတွက်လည်း မူးယစ်ဆေးဝါး လုပ်ငန်းတွေကို ဖွင့်ပေးထားတယ်။ သူတို့နဲ့ပေါင်းပြီးလုပ်တယ်။ အဲဒီလိုမျိုး ဝေဖန်ကြပါတယ်။ အဲဒီကိစ္စကြောင့် မူးယစ်ဆေးဝါး ရခိုင်ပြည်ထဲမှာ ပျံ့နှံ့လာတယ်။ မူးယစ်ဆေးဝါးလမ်းကြောင်း ရခိုင်ပြည်ဘက်ကို ရောက်လာတာ ဒီဟာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောကြပါတယ်။ အဲဒါကို ဘာပြန်ပြောချင်ပါလဲ။

ခိုင်သုခ ။ ။ မူးယစ်ဆေးဝါး ပြဿနာက ရှင်းရှင်းပြောရမယ်ဆိုရင်တော့ အခုတလော ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေအားလုံးဟာ တချို့ဟာတွေက ပိုင်ရှင်မဲ့တွေ ဖြစ်နေတယ်။ တချို့ဟာတွေကြတော့လဲ ဗမာစစ်တပ်က အရာရှိတွေကို မူးယစ်ဆေးဝါးနဲ့ ဖမ်းမိတာတွေ ရှိတယ်။ ဘူးသီးတောင်၊ မောင်းတောမှာ။ အခုလဲပဲ တချို့ NLD နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းမိတာတွေ ရှိတယ်။ ဆိုတော့ ဖမ်းမိတဲ့လူတွေ အကုန်လုံးကို ကြည့်လိုက်လို့ရှိရင် ဗမာတပ်မတော်နဲ့ အကုန်လုံး မကင်းရာမကင်းကြောင်း လူတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ ဗမာတပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးကို သူတို့ပဲ မတွန်းထုတ်ချင်လို့ မတွန်းထုတ်တာလား။ ဒါမှမဟုတ် သူတို့ပဲ အဲဒီကနေ အကျိုးအမြတ် ရနေလို့ ဒီကိစ္စတွေကို လစ်လျူရှုပြီးတော့ ဖွင့်ပေးထားသလား။ အဲဒါတွေက တော်တော်လေး မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက စစ်ရေး - AA ရခိုင်တပ်မတော်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ရခိုင်ပြည်ဘက်မှာ ထိုးစစ်ဆင်တယ်။ ရခိုင်ပြည်ဘက်ကို ထိုးဖောက်လာတယ်။ အဲဒီမှာ အစိုးရစစ်တပ်နဲ့ ပဋိပက္ခတွေ ဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်တယ်လို့ ကြားရပါတယ်။ ဒီ ရခိုင်ပြည်ဘက်ကို ထိုးလာတဲ့ ရည်ရွယ်ချက်ဟာ အဲဒီဘက်မှာ ရခိုင်ပြည်ဘက်မှာပဲ ခြေကုတ်ယူတော့မယ့် သဘောမျိုးလား။

ခိုင်သုခ ။ ။ ဒါကတော့ ရှင်းပါတယ်။ ရခိုင်တပ်မတော်အနေနဲ့ ရခိုင်ပြည်မှာ အခြေချတာကတော့ ဒါက ဘာမှဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အိမ်ကို ပြန်ပြီးတော့ ကိုယ့်အိမ်မှာနေတဲ့ လူကတော့ ဒါ သဘာဝပဲ။ ကိုယ့်အိမ်မှာပဲ လာပြီးတော့ နေမှာပဲ။ ထူးဆန်းတာကတော့ ဗမာတပ်မတော်အနေနဲ့ ရခိုင်ပြည်မှာ ဘယ်ရခိုင်ကမှ ဗမာတပ်မတော် ရှိနေတာဟာကို မလိုလားဘူး။ ဒါပေမဲလို့ သူတို့ ရှိနေတယ်။ အဲဒါကပဲ ထူးဆန်းနေတယ်လို့ ကျနော်တို့က အဲဒီလိုမျိုးပဲ မြင်တယ်။ ရခိုင့်တပ်မတော် ရခိုင်ပြည်မှာရှိတာကတော့ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု ရခိုင်ဘက်ကို ထိုးလာတယ်ဆိုတဲ့သဘောက အဲဒီဘက်မှာပဲ အမြဲတမ်း တပ်စွဲဖို့လာတယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ ပြောလို့ရလား။

ခိုင်သုခ ။ ။ ဒါကတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရခိုင့်တပ်မတော်ပါ။ ရခိုင်ပြည်မှာပဲ အခြေချမှာပါ။ ကျနော်တို့မြေမှာ ကျနော်တို့နေမယ်။ ဒါကတော့ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးလို့ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ဒီနေရာမှာ မေးချင်တာက ရခိုင်မှာ အရင်ရှိပြီသာ လက်နက်ကိုင်အဖွဲ့။ အခုတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူထားတဲ့ ALP နဲ့လည်း တလောက တိုက်ပွဲဖြစ်တယ်လို့ ကြားသိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပြောချင်ပါလဲ။ အချင်းချင်း ချကုန်ကြပြီ ဘာညာဆိုတာ - ဘာကြောင့် ဒီလိုဖြစ်ရလဲ။ နိုင်ငံရေးအရ ကွဲလွဲကြသလား။ နယ်မြေ လုကြလို့လား စသဖြင့် …

ခိုင်သုခ ။ ။ ALP ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အခုလောလောဆယ်မှာတော့ သိပ်ပြီးတော့ ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။ နောက်မှပဲ ကျနော်တို့ဘက်က ထုတ်ပြန်ချက်တွေ၊ ထုတ်စရာတွေ ထွက်လာပါမယ်။ အဲဒီအခါကြမှ ကျနော်တို့အနေနဲ့ ပြည်သူကို ရှင်းရှင်းလင်းလင်း ကျနော်တို့ဖက်က ရှင်းပြဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နှစ်ဘက်ဆက်ဆံရေး အခြေအနေကော တင်းတင်းမာမာ ရှိနေဆဲလား။ တဘက်နဲ့တဘက် ပဋိပက္ခကို လက်ရှိမှာ ရှောင်နေကြလား။

ခိုင်သုခ ။ ။ အခုလက်ရှိမှာတော့ ALP ကတော့ ဒီဘက် ကျနော်တို့နဲ့ ဆက်စပ်တဲ့နေရာတွေမှာတော့ သူတို့ မရှိတော့ပါဘူး။ မရှိတော့တဲ့အတွက်ကြောင့်မို့ ဘာပြဿနာမှလည်း လောလောဆယ်မှာ မရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ အပိုင်းတခုကတော့ ငြိမ်းချမ်းရေးပိုင်း ဖြစ်ပါတယ်။ အခု နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ လုပ်နေကြတဲ့အထဲမှာ တတိယ အစည်းအဝေး လာတော့မယ်ဆိုတော့ အဲဒီမှာ AA အနေနဲ့သော်လည်းကောင်း၊ AA အပါအဝင် ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းအင်အားစုများအနေနဲ့သော်လည်းကောင်း ပါဝင်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါလဲ။

ခိုင်သုခ ။ ။ ဒါကတော့ အစိုးရနဲ့ တပ်မတော်ပေါ်မှာ အများကြီး မူတည်တယ်လို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က အခုဖြစ်နေတဲ့ နှစ်ပေါင်း (၇၀) ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေက ကျနော်တို့ အမျိုးသားရေး တန်းတူမှု မရှိလို့ ဖြစ်နေတဲ့ ပြဿနာ။ နိုင်ငံရေး အာဏာတွေအားလုံးကို လူမျိုးတမျိုးတည်းက သိမ်းယူပြီးတော့ တိုင်းပြည်တခုလုံးရဲ့ အခွင့်အရေးတွေကို အကုန်လုံး လူမျိုးတမျိုးတည်းက မောင်ပိုင်စီးထားတဲ့ကိစ္စ။ အဲဒါကြောင့်မို့ ပြဿနာက ဖြစ်နေတာ။ ဆိုတော့ အဲဒီ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်မှသာလျှင် အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးက ငြိမ်သွားမှာ။ အဲဒါကြောင့်မို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဟာ တော်တော် အရေးကြီးတယ်။ ဒီလောက်ပဲ အပစ်အခတ် ရပ်စဲရေးကို စာရွက်ပေါ်မှာ လက်မှတ်ထိုးထားထိုးထား၊ နိုင်ငံရေးအရ ဖြေရှင်းလို့ နိုင်ငံရေး ပြဿနာတွေကို မပြေလည်ဘူး။ အမျိုးသားတန်းတူရေး မဖြစ်နိုင်ဘူးဆိုရင်တော့ ဒီဟာက ပြန်ပြီးတော့ ငြိမ်းချမ်းရေးက ပြန်ပျက်သွားမှာပဲ။

ဦးကျော်ဇံသာ ။ ။ တော်လှန်ရေး အင်အားစုတိုင်းက နိုင်ငံရေးအားဖြင့် ဖြေရှင်းရမယ်လို့ မြင်ကြပါတယ်။ တကယ်တမ်းတော့ စစ်ရေးဆိုတာ လက်နက်ကိုင်တယ်ဆိုတာ နိုင်ငံရေးအားဖြင့် မပြေလည်လို့ ဖြစ်လာရတဲ့ နောက်ဆက်တွဲဂယက်ပါ။ ဒါပေမဲ့ အခုလောလောဆယ် အခင်းအကျင်းကို ကြည့်ပြီးတော့ မကြာခင်မှာ ကျင်းပလာမယ်ဆိုတဲ့ (၂၁) ပင်လုံရဲ့ တတိယအကြိမ် အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ အလားအလာ ဘယ်လောက်ရှိတယ်လို့ မြင်ပါလဲ။

ခိုင်သုခ ။ ။ အခုလောလောဆယ် အနေအထားအထိတော့ သိပ်ပြီးတော့ အလားအလာ မရှိသေးဘူးလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကနေ အခု ငြိမ်းချမ်းရေး Process ကို သွားနေတယ်။ ဒါပေမဲ့လို့ တဘက်မှာလဲ ဗမာ့တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို နေရာတိုင်းမှာ လုပ်နေတယ်။ အခု ကျနော်တို့ ရခိုင်ဒေသမှာလည်း လုပ်နေတယ်။ ပလောင်းဘက်မှာလည်း လုပ်နေတယ်။ ကချင်ဘက်မှာလည်း လုပ်နေတယ်။ ကိုးကန့်ဘက်မှာလည်း လုပ်နေတယ်။ အဲဒီလို ထိုးစစ်ကြီးတွေ လုပ်နေတယ်။ အဲဒါကြောင့်မို့ သူတို့ရဲ့ မူဝါဒကို ကြည့်ရတာက မီးတဘက် ရေတဘက်လို့ပဲ ပြောရမလား။ မဟုတ်ရင် .. စစ်ရေးအရ အနိုင်တိုက်ပြီးတော့ ဖိအားပေးမယ်လို့ပဲ သုံးသပ်ရမလား။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးနဲ့ နည်းနည်းဝေးနေအုံးမလားလို့ အဲဒီလိုမျိုးပဲ သုံးသပ်လို့ရတယ်။