ရှမ်းလက်နက်ကိုင် တိုက်ပွဲများ

SSPP/ SSA

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ရှမ်းပြည်နယ် ရပ်စောက်နဲ့ နောင်ချိုအကြား ကျောက်ဂူမြို့ဝန်းကျင်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတပ် RCSS နဲ့ ရှမ်းတိုးတက်ရေးပါတီတပ်၊ SSPP တို့ ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ တိုက်ပွဲ ဖြစ်ပွားပါတယ်။ ရှမ်းပြည်ထူထောင်ရေးတပ် အရေးနိမ့်သွားလို့ တပ်မဟာမှူး၊ မိသားစုနဲ့ နောက်လိုက်တွေအပြင် လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိတယ်လို့ ရှမ်းတိုးတက်ရေးတပ်က ပြောကြောင်း ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ ကျေးသီးမြို့နယ်က ဆုတ်ခွါလာတဲ့ ရှမ်းထူထောင်ရေးတပ်ကို တောင်ကြီးမြို့မြောက်ဘက်မှာ ရှမ်းတိုးတက်ရေးတပ်က တိုက်တာ ဖြစ်ပါတယ်။

ရှမ်းထူထောင်ရေးတပ်ကို ကူညီတဲ့အနေနဲ့ စစ်ကောင်စီတိုက်လေယာဉ် (၂) စီးက ဗုံးကြဲသွားတယ်လို့ ရှမ်းတိုးတက်ရေးတပ်ဘက်က ပြောပါတယ်။ ရှမ်းတိုးတက်ရေးတပ်ဟာ ၁၉၈၉ မှာ နဝတစစ်အစိုးရနဲ့ အပစ်ရပ်ပြီး ရှမ်းပြည်နယ် အထူးဒေသ (၃) ကို ထိန်းချုပ်ခွင့်ရပါတယ်။ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ ကျေးသီး၊ မိုင်းရှူး၊ လင်းခေး စတဲ့ ဒေသတွေဟာ ရှမ်းတိုးတက်ရေးတပ် ချုပ်ကိုင်တဲ့နယ်မြေ ဖြစ်သွားပါတယ်။ အဲဒီအချိန်က ရှမ်းတိုးတက်ရေးတပ်မှာ အင်အား (၄၀၀၀) လောက်သာရှိပြီး၊ အပစ်ရပ်ထားပေမယ့် နဝတစစ်တပ်နဲ့ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ ရှိပါတယ်။

ရှမ်းတိုးတက်ရေးတပ် မြစ်ဖျားခံတဲ့ SSA – Shan State Army ရှမ်းပြည်တပ်မတော်ကို ၁၉၆၀ ပြည့်လွန်မှာ ဖွဲ့စည်းတော့ အင်အား (၁၆၀၀) ခန့်ရှိပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကို ဌာနချုပ် လုပ်ထားပါတယ်။ ဒီအထဲမှာ ပလောင်တပ်ရင်း (၂) ရင်း ပါဝင်ခဲ့ပြီး၊ ၁၉၆၈ မှာ နုတ်ထွက်သွားပါတယ်။ SSA တပ်ကို မြောက်ပိုင်းတပ်နဲ့ တောင်ပိုင်းတပ်ဆိုပြီး ခွဲခြားလှုပ်ရှားပြန်ပါတယ်။ ဒီကာလမှာ ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတာကြောင့် ရှမ်းပြည်တိုးတက်ရေးတပ်အဖြစ် ထင်ရှားလာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရှမ်းတိုးတက်ရေးတပ်နဲ့ ဗကပတပ်တို့ စစ်ရေးပူးပေါင်း ဆောင်ရွက်တာတွေ များလာပါတယ်။ ဗကပဌာနချုပ်ရှိတဲ့ ‘ဝ’ ဒေသ ပန်ဆန်းမှာ ရှမ်းတိုးတက်ရေးတပ်ဟာ နိုင်ငံရေး၊ စစ်ရေးသင်တန်းတက်ပြီး ပူးပေါင်းလှုပ်ရှားတာတွေ ရှိလာသလို အုပ်စုကွဲတွေလည်း များလာပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ် ဆွေးနွေးပွဲလုပ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၃) ကို ၁၉၈၉ မှာ သတ်မှတ်ပေးခဲ့ပေမယ့် ရှမ်းတိုးတက်ရေးတပ်ဟာ ‘ဝ’အဖွဲ့နဲ့ အဆက်အသွယ် ရှိပါတယ်။ ကျေးသီးမြို့နယ် ဝမ်ဟိန်းဒေသကို ဗဟိုပြုပြီး စစ်အင်အား ဖြည့်တင်းပါတယ်။ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်ပြီး ခေတ်မီလက်နက် ကိုင်ဆောင်နိုင်အောင် ကြိုးပမ်းပါတယ်။ နဝတစစ်အစိုးရနဲ့ သဘောတူချက် ယူတာကို မကျေနပ်တဲ့ စောဆိုင်းလိတ်အဖွဲ့ဟာ ခွန်ဆာ ဦးဆောင်တဲ့ မော်ထိုင်းတပ်နဲ့ သွားပေါင်းပါတယ်။ ၁၉၉၅ မှာ ဆိုင်းလိတ် ကွယ်လွန်ပြီး ၁၉၉၆ မှာ ခွန်ဆာ လက်နက်ချတော့ မော်ထိုင်းတပ်လည်း ပျက်သွားပါတယ်။ ဒါပေမဲ့ ယွက်ဆစ်တို့အဖွဲ့က လက်နက်မချဘဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်ကို ဖွဲ့စည်းပါတယ်။

ကျောက်ဖြူ၊ ယူနန် ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် ရှမ်းတိုးတက်ရေးတပ် ကြီးစိုးတဲ့နေရာတွေကို တပ်မတော်က ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ လက်နက်ရုတ်သိမ်းခံရတဲ့အဖွဲ့ ရှိသလို နေရာပြောင်းရွှေ့ခံရတဲ့ အဖွဲ့လည်း ရှိလာပါတယ်။ မကျေနပ်တဲ့တပ်ရင်းတွေက ရှမ်းထူထောင်ရေးတပ် RCSS နဲ့ ပူးပေါင်းတဲ့အတွက် မြောက်ပိုင်းကို တောင်ပိုင်းတပ်တွေ ဝင်ရောက်ဖို့ လွယ်ကူသွားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ရှမ်းတိုးတက်ရေးတပ်က တပ်ရင်း (၂) ရင်း နယ်ခြားစောင့်တပ် ဖြစ်သွားပါတယ်။ ရှမ်းတိုးတက်ရေးတပ်ကို ဗိုလ်ချုပ်ပန်ဖ ဆက်လက်ဦးဆောင်ပါတယ်။ ဒီအတောအတွင်း ပလောင်တပ်ဟာ တာအင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA အဖြစ် အသွင်ပြောင်းသွားပါတယ်။ KIA ကချင်တပ် အကူအညီနဲ့ ၂၀၁၁ မှာ စတင်လှုပ်ရှားတဲ့ တာအင်းတပ်မှာ အင်အား (၅၀၀၀) လောက် ရှိပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူချက် လုပ်နိုင်ခဲ့တဲ့ ရှမ်းတိုးတက်ရေးတပ်ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူချက် NCA ကို လက်မှတ်မထိုးပါဘူး။ ရှမ်းထူထောင်ရေးတပ်နဲ့ရော တပ်မတော်နဲ့ရော တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။ ‘ဝ’တပ်ဖွဲ့ခေါင်းဆောင်တဲ့ ဖက်ဒရယ်နိုင်ငံရေး ဆွေးနွေးရေးကော်မတီမှာတော့ ရှမ်းတိုးတက်ရေးတပ်ဟာ အဖွဲ့ဝင် ဖြစ်ပါတယ်။ ရှမ်းထူထောင်ရေးတပ်ကတော့ ဦးသိန်းစိန်အစိုးရလက်ထက် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးပြီး ရှမ်းတိုးတက်ရေးတပ် ချုပ်ကိုင်တဲ့ နယ်မြေတွေကို ဝင်ရောက်အခြေစိုက်ပါတယ်။

ဒါပေမဲ့ ရှမ်းတိုးတက်ရေးတပ်ရဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့ ဆယ်မိုင်အကွာ လွယ်ဟွန်းတောင်ကြောမှာ နေရာယူထားတဲ့ ရှမ်းထူထောင်ရေးတပ် မကြာမီက အရေးနိမ့်သွားတာဟာ ရှမ်းလက်နက်ကိုင် ပဋိပက္ခရဲ့ ထူးခြားမှုလို့ မြင်ကြပါတယ်။ ရှမ်းတိုးတက်ရေးတပ် တဦးတည်း မတိုက်နိုင်တဲ့ စစ်ပွဲကို ‘ဝ’တပ်ဖွဲ့ အကူအညီနဲ့ တိုက်ခိုက်ပြီး အောင်ပွဲခံလိုက်တာလို့လည်း မြင်ကြပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေရှည်လှုပ်ရှားလာကြတဲ့အဖွဲ့တွေ ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွဲဖို့ ရည်ရွယ်ချက် ရှိမရှိဆိုတာကို အခုအထိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ။

=== Unicode ===







