နိုင်ငံပိုင် လုပ်ငန်းပြဿနာ

ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားနှင့် အနီးပတ်ဝန်းကျင် မြင်ကွင်း။ ဇန်နဝါရီ ၂၇၊ ၂၀၁၃။

Your browser doesn’t support HTML5

နိုင်ငံပိုင် လုပ်ငန်းပြဿနာ

နိုင်ငံပိုင် စက်ရုံအလုပ်ရုံ တော်တော်များများဟာ အစိုးရထမ်းရွက်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေလို ဖြစ်နေတာ ကြာပါပြီ။ အမြတ်အစွန်းမရှိဘဲ လည်ပတ်နေတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။ ဒါတွေကို စစ်ဆေးဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ထမ်း (၁၅) ဦး ပါဝင်တဲ့ (၂၃) ဦးအဖွဲ့က ကွင်းဆင်းလေ့လာတဲ့အခါမှာ ကျပ်ငွေ ဘီလီယံ (၄၀၀-၅၀၀) လောက် နှစ်စဉ်အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံ (၂၄) ရုံ တွေ့ရတယ်လို့ လွန်ခဲ့တဲ့ ဇန်နဝါရီလက ပြည်သူ့လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။ စီးပွားရေးအမြင်မရှိဘဲ လုပ်ကိုင်တာကြောင့် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။

အရှုံးပေါ်နေတဲ့ စက်ရုံတွေထဲမှာ ပုသိမ်က မှန်စက်ရုံ၊ သန်လျင်ရေနံချက်စက်ရုံ၊ ကြံခင်းက ဘိလပ်မြေစက်ရုံ နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ပင်းပက်မြို့က သံမဏိစက်ရုံတွေဟာ ထင်ရှားပါတယ်။ ပင်းပက်သတ္တုတွင်းစီမံကိန်းကို ရုရှားနဲ့ ဖက်စပ်လုပ်တာဖြစ်ပြီး၊ မြန်မာဘက်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း၊ ကျော်သာကုမ္ပဏီနဲ့ ကမ္ဘောဇဖွံ့ဖြိုးရေးကုမ္ပဏီတို့ ပါဝင်ကြကြောင်း သိရပါတယ်။ ပင်းပက်စီမံကိန်းအတွက် ကျေးရွာအတော်များများ နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ သံမဏီစက်ရုံအတွက် မြေဧက (၃၀၀၀) ကျော်ကို ၂၀၀၅ မှာ စစ်တပ်က သိမ်းယူခဲ့လို့ နစ်နာဆုံးရှုံးသူတွေ ရှိပါတယ်။

စက်ရုံတွေကို မဆလ ဦးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ အများဆုံး တည်ဆောက်ခဲ့ပါတယ်။ ဈေးကွက်စီးပွားရေး ဦးစားပေးတယ်ဆိုတဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံပိုင်စက်ရုံတွေ တိုးပွားလာပါတယ်။ မဆလခေတ်မှာ နိုင်ငံပိုင်စက်မှုလုပ်ငန်း တထောင်ကျော် ရှိလာပါတယ်။ စစ်ဆေးသူမရှိတာကြောင့် နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ပိုင်လုပ်ငန်းသဘောမျိုး ဖြစ်လာပါတယ်။ အခွင့်ထူးခံမှု၊ အလွဲသုံးစားလုပ်မှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု စတာတွေကြောင့် နိုင်ငံပိုင်လုပ်ငန်းတွေဟာ နိုင်ငံကို အကျိုးမပြုနိုင်ကြတာ များပါတယ်။ စစ်အုပ်စုအသိုင်းအဝိုင်းအတွက် နိုင်ငံပိုင်လုပ်ငန်းတွေကို တည်ဆောက်ခဲ့တာကြောင့် ဈေးကွက်ခေတ်မှာ ပုဂ္ဂလိကစက်မှုလုပ်ငန်း မထွန်းကားနိုင်တာလို့ မြင်ကြပါတယ်။

ကွယ်လွန်သူစက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း အာဏာအလွဲသုံးစားလုပ်ပုံကို သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းပါတယ်။ စက်မှုဝန်ကြီး သက်တမ်း (၁၄) နှစ်အတွင်းမှာ ဦးအောင်သောင်းဟာ အချမ်းသာဆုံး ဗိုလ်ချုပ်ကြီးတဦး ဖြစ်လာပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ လူယုံတော်အဖြစ် ဦးအောင်သောင်းကို လူသိများပါတယ်။ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဦးပြည်အောင် နဲ့ ဦးနေအောင်တို့မှာ ဒေါ်လာသန်းငါးထောင်ရှိပြီး မြန်မာပြည်မှာ တတိယအချမ်းသာဆုံးဖြစ်ကြောင်း ဇန်နဝါရီလ (၂၄) ရက်နေ့ထုတ် DVB သတင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရခေတ်က အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာခဲ့တဲ့ ဒေါ်လာဗိုလ်ချုပ်အသိုင်းအဝိုင်းကို အရေးယူမှာ မဟုတ်ကြောင်း NLD က ကြေညာထားပါတယ်။

NLD အစိုးရဟာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးဖို့ အစီအစဉ် လုပ်ထားပါတယ်။ စက်မှုဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် စက်ရုံအလုပ်ရုံ (၅၀) ကျော်ဟာ အရှုံးပေါ်နေတဲ့အတွက် ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းဖို့ မကြာမီက စီစဉ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းဟာ ပေါ်လစီနဲ့ စီမံခန့်ခွဲမှု ချိုးယွင်းချက်ကြောင့်ဖြစ်ပြီး ဝန်ထမ်းတွေ ညံ့ဖျင်းလို့ မဟုတ်ကြောင်း လက်ရှိ စက်မှုဝန်ကြီးက ပြောကြောင်းသိရပါတယ်။ အရှုံးပေါ်လို့ ရပ်ဆိုင်းထားရတဲ့ စက်ရုံတွေထဲမှာ အကြီးစားသံမဏီစက်ရုံ (၁၃) ခု၊ အထည်စက်ရုံ (၁၁) ခု၊ ဓါတ်မြေသြဇာနဲ့ ရေနံချက်စက်ရုံတွေလည်း ပါဝင်ပါတယ်။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စတင်ကာ အနှစ် (၂၀) ကျော် ရှိလာပေမယ့် နိုင်ငံပိုင်လုပ်ငန်းနဲ့ အလွဲသုံးစားလုပ်မှုသာ တိုးပွားလာပြီး စစ်အုပ်စုနဲ့ ခရိုနီအသိုင်းအဝိုင်း လက်ဝါးကြီးအုပ်တဲ့ စနစ်သာ ထွန်းကားလာခဲ့ပါတယ်။

မြန်မာပြည်မှာ ကုမ္ပဏီပေါင်း သုံးထောင်ကျော်လောက် ရှိမယ်လို့ ခန့်မှန်းကြပေမယ့် နိုင်ငံခြားနဲ့ ယှဉ်နိုင်တဲ့ ကုမ္ပဏီကြီးတွေကတော့ (၃၀) လောက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီကြီးတွေဟာ စစ်အစိုးရ ယုံကြည်အားကိုးရတဲ့ စီးပွားရေးအုပ်စုကြီးတွေဖြစ်လို့ မြန်မာ့စီးပွားရေးမှာ အရေးပါအရာရောက်ကြသူတွေ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ တက်လာချိန်မှာ ထူးအုပ်စု၊ Max မြန်မာအုပ်စု၊ ကမ္ဘောဇအုပ်စု၊ Asia World, ရွှေတောင်အုပ်စု၊ IGE အုပ်စု၊ စစ်တပ်ပိုင် MEC နဲ့ MEHL စတဲ့ အုပ်စုတွေဟာ စီးပွားရေး အင်အားအကောင်းဆုံး ကုမ္ပဏီကြီးတွေ ဖြစ်နေပါပြီ။ ဦးသိန်းစိန်အစိုးရ မတက်မီ ဓါတ်ဆီဆိုင်တွေကို ပုဂ္ဂလိကပိုင် လုပ်တဲ့အခါမှာ ဒီကုမ္ပဏီကြီးတွေပဲ အများဆုံး ရရှိကြပါတယ်။

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နံှမှုကို လက်မခံတဲ့ စစ်အစိုးရခေတ်မှာ ရွှေတောင်၊ Asia World နဲ့ ဦးပိုင်လီမိတက်စတဲ့ စီးပွားရေးအုပ်စုကြီးတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ ဖက်ဆက်လုပ်ပြီး ချမ်းသာကြွယ်ဝလာကြပါတယ်။ နေပြည်တော် တည်ဆောက်ရာမှာလည်း အကျိုးအမြတ် ခံစားကြရပါတယ်။ အခုတော့ ခရိုနီကုမ္ပဏီကြီးတွေဟာ အများအကျိုးဆောင်ရွက်တဲ့ လုပ်ငန်းရှင်ပုံစံနဲ့ လှုပ်ရှားနေကြပါတယ်။ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံတွေကို ပုဂ္ဂလိကပိုင် လုပ်ရာမှာလည်း ဒီ ခရိုနီကုမ္ပဏီကြီးတွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပြီး အစိုးရစီမံကိန်းတွေကို ကူညီအကောင်အထည်ဖော်ဖွယ် ရှိပါတယ်။