Your browser doesn’t support HTML5
ရခိုင်ကမ်းလွန်က သဘာဝဓါတ်ငွေ့နဲ့ တရုတ်သင်္ဘောတွေ သယ်ယူလာတဲ့ ရေနံတွေကို ပိုက်လိုင်းနှစ်လိုင်းနဲ့ ယူနန်ကို ပို့ဆောင်နေတဲ့အတွက် ကျောက်ဖြူကို ကမ္ဘာမှုာ လူသိများလာပါတယ်။ တကယ်တော့ ကျောက်ဖြူအနီးက မဒေးကျွန်မှာ ရေနံဆိပ်ကမ်း တည်ဆောက်ပြီး ယူနန်ကို ပို့ပေးနေတာ ဖြစ်ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ စိတ်ကူးစီမံချက်အဆင့်မှာသာ ရှိပါသေးတယ်။ ဒီအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုလုပ်ငန်းဇုန်နဲ့ လူနေအိမ်ရာရပ်ကွက် စတဲ့ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ အရင်းအနှီးနဲ့ တရုတ် လွှမ်းမိုးမှု အများဆုံးစီမံကိန်းဖြစ်လို့ အငြင်းအပွားခံရဆုံးလည်း ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က စခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ကျောက်ဖြူစီမံကိန်းကို တရုတ်က (၈၅) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက (၁၅) ရာခိုင်နှုန်း ပိုင်ဆိုင်ဖို့ သဘောတူခဲ့ပါတယ်။ NLD အစိုးရ တက်လာတော့ ပြန်လည်ညှိနှိုင်းတဲ့အတွက် တရုတ်က (၇၀) ရာခိုင်နှုန်း၊ မြန်မာက (၃၀) ရာခိုင်နှုန်း ပိုင်ဆိုင်ဖို့ သဘောတူကြပါတယ်။ ဒေါ်လာသန်း (၇၀၀၀) ရင်းနှီးဖို့ ခန့်မှန်းတဲ့အတွက် မြန်မာရဲ့ အစုရှယ်ယာကို တရုတ်ဆီက ငွေချေးပြီး စိုက်ထုတ်ရမယ့်သဘော ဖြစ်ပါတယ်။ အခုတော့ ဒေါ်လာသန်း (၁၀၀၀) ကျော် ပထမ ရင်းနှီးဖို့ ဆုံးဖြတ်တဲ့အတွက် တရုတ်ဆီက ငွေချေးစရာမလိုကြောင်း သိရပါတယ်။
မြန်မာဘက်က ပိုင်ဆိုင်တဲ့ အစုရှယ်ယာ (၃၀) ရာခိုင်နှုန်းကို မြန်မာအစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေက စိုက်ထုတ်ကြမှာ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်ကို အပိုင်းလိုက်ခွဲပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်တာကြောင့် အခုလို အရင်းစိုက်ထုတ်မှုကို လျှော့ချနိုင်တာ ဖြစ်ပုံရပါတယ်။ ကျောက်ဖြူမြို့ အရှေ့တောင်ဘက်မိုင် အနည်းငယ်အကွာက စစ်တောနဲ့ စစ်မော် ကျေးရွာအုပ်စုအနီးတဝိုက်က မြေဧက (၁၃၀၀) မှာ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ အကြမ်းဖျဉ်း လျာထားပါတယ်။ ဒီအထဲမှာ ရေနက်ဆိပ်ကမ်းအတွက် ဧက (၅၀)၊ စက်မှုလုပ်ငန်းဇုန်အတွက် ဧက (၁၀၀၀) နဲ့ လူနေအိမ်ရာအတွက် ဧက (၂၅၀) သတ်မှတ်ထားပါတယ်။ အပိုင်းလိုက်ခွဲပြီး တည်ဆောက်မယ်ဆိုတော့ ရေနက်ဆိပ်ကမ်းကို အရင်တည်ဆောက်မယ့်သဘော ဖြစ်နေပါတယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်းဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကုန်သွယ်ရေး လိုအပ်ချက်ထက် အများကြီး ပိုနေတယ်လို့ ဝေဖန်ကြပါတယ်။ တရုတ်ကုန်ပစ္စည်း ဆယ်ရာခိုင်နှုန်းလောက်ဟာ ရေနက်ဆိပ်ကမ်းကို ဖြတ်သွားမှာဖြစ်လို့ အကြီးအကျယ် ဆောက်လုပ်စရာ မလိုဘူးလို့ စီးပွားရေးပညာရှင် Sean Turnell က ဆိုပါတယ်။ ရေနက်ဆိပ်ကမ်းမှာ ဘာဖြစ်လို့ တရုတ်က အလုံးအရင်းနဲ့ မြုပ်နံှလိုတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ကတော့ နှစ်ဦးနှစ်ဘက် အကျိုးခံစားရမယ်လို ပြောပါတယ်။ ဒါပေမဲ့ စက်မှုဇုန် အကောင်အထည်ဖော်လာမှသာ အလုပ်အကိုင်တွေ ရရှိပြီး မြန်မာပြည်သားတွေ အကျိုးခံစားရဖွယ် ရှိပါတယ်။ ရေနက်ဆိပ်ကမ်းကတော့ တရုတ်ကို အများဆုံး အကျိုးပြုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ စီမံကိန်းပြီးတဲ့နောက် ပေါ်ထွက်လာမယ့် ပြဿနာတွေလည်း ရှိပါတယ်။
ကျောက်ဖြူအနီက မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်စဉ်က ဒေသခံတွေ အလုပ်ရကြပြီး လုပ်ငန်းပြီးစီးသွားတဲ့အခါ ထောင်ချီပြီး အလုပ်လက်မဲ့ ဖြစ်သွားတာကို အားလုံးသတိပြုမိကြပါတယ်။ ကျောက်ဖြူမှာလည်း အလားတူ ပြဿနာမျိုး ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒီလိုဖြစ်လာရင် စီမံကိန်းချသူကို တရားခံလုပ်လာနိုင်တာမို့ တရုတ်အစိုးရဟာ ဆင်းရဲမှု လျော့ပါးရေး လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေပါတယ်။ လာမယ့် နိုဝင်ဘာလ တရုတ်သမ္မတ လာရောက်တဲ့အခါမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ ကျောက်ဖြူစီမံကိန်းဟာ တိုင်းပြည်စီးပွားရေး ဘယ်လောက် အကျိုးပြုမယ်ဆိုတာကိုတော့ ခန့်မှန်းရခက်တယ်လို့လည်း စီးပွားရေးပညာရှင်အချို့က ယူဆကြပါတယ်။
ကျောက်ဖြူဟာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း အချက်အချာနေရာတွေနဲ့ အလွန်ကွာဝေးနေတာကို အဓိက အားနည်းချက်အဖြစ် ထောက်ပြကြပါတယ်။ အလုပ်သမားအင်အားသုံးတဲ့ ကုန်ထုတ်လုပ်ငန်းတွေ များပြားလာဖို့ အခက်အခဲတွေ ရှိတယ်လို့ မြင်ကြပါတယ်။ သဘာဝအရင်းအမြစ်ကို အခြေခံတဲ့လုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေ ဆက်သွယ်မှုကလည်း ကောင်းလှတာ မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်စီးပွားရေးကို ထင်သလောက် အထောက်အကူပြုမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ရန်ကုန်အနီးက သီလဝါအထူးစီးပွားရေးဇုန်မှာတောင် ပြည်တွင်းကုန်ကြမ်းကို သုံးနိုင်မှု နည်းပါးသေးတာကို တွေ့ရပါတယ်။
တရုတ်အတွက်ကတော့ ကျောက်ဖြူစီမံကိန်းဟာ အလွန်အရေးကြီးနေပါတယ်။ စီးပွားရေးသာမကဘဲ နိုင်ငံရေးမဟာဗျူဟာအတွက်ပါ အရေးပါနေပုံ ရပါတယ်။ ရေနက်ဆိပ်ကမ်းဟာ ကုန်သင်္ဘောတင်သာမကဘဲ တရုတ်စစ်သင်္ဘောတွေပါ ဝင်ရောက်ရပ်နားတဲ့စခန်းလည်း ဖြစ်လာနိုင်ပါတယ်။ ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်ပြီးစီးတဲ့အခါမှာ ရထားလမ်းပါဆက်ပြီး တည်ဆောက်ဖို့ စိတ်ကူးခဲ့ပါတယ်။ အခုတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ သဘောတူထားပြီဖြစ်လို့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့ ပြောရပါလိမ့်မယ်။