မြန်မာတွေ ပြန်ပို့တဲ့ ဒေါ်လာငွေ

Caption 2022-04-19 07:26:05 1

Your browser doesn’t support HTML5

မြန်မာတွေ ပြန်ပို့တဲ့ ဒေါ်လာငွေ

နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာပြည်သားတွေဟာ နည်းမျိုးစုံသုံးပြီး ကျန်ရစ်သူမိသားစုကို ထောက်ပံ့ပေးနေတဲ့အတွက် မြန်မာနိုင်ငံကို ငွေပြန်ပို့တဲ့ပမာဏကို ခန့်မှန်းဖို့ခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာပြည်သား သုံးသန်းကျော်ရှိပြီး ၂၀၁၅ မှာ ဒေါ်လာသန်း (၃၅၀၀) မြန်မာပြည်ကို ပြန်ပို့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ တိုင်းပြည်အသားတင်ထုတ်လုပ်မှု တန်းဖိုးရဲ့ (၆) ရာခိုင်နှုန်းလောက်ကို ပြန်ပို့နေတဲ့သဘော ဖြစ်ပါတယ်။ အလုပ်သမားရေးရာဌာနကတော့ အဲဒီနှစ်က ပြန်ပို့တဲ့ ငွေပမာဏဟာ ဒေါ်လာသန်း (၈၀၀၀) လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

တရားမဝင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထည့်တွက်လို့ ပြန်ပို့ငွေပမာဏ များပြာတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့တဲ့ငွေကို အများဆုံးလက်ခံရရှိတဲ့ (၁၀) နိုင်ငံထဲမှာ မြန်မာပါဝင်လာပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံတွေမှာဆိုရင် ရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့တဲ့ငွေဟာ နိုင်ငံခြားက ထောက်ပံ့တဲ့ငွေထက် ပိုများပါတယ်။ တကမ္ဘာလုံးက ရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့တဲ့ငွေဟာ ၂၀၁၅ မှာ ဒေါ်လာသန်းပေါင်း (၆) သိန်းခွဲလောက် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဖွံ့ဖြိုးစနိုင်ငံတွေက ဒေါ်လာသန်းပေါင်း (၄) သိန်းခွဲလောက် လက်ခံရရှိတယ်လို့ ခန့်မှန်းပါတယ်။

နိုင်ငံခြားရောက် မြန်မာပြည်သားတေါ ပြန်ပို့တဲ့ငွေကို စနစ်တကျကိုင်တွယ်နိုင်ရင် အကျိုးခံစားရမှာ သေချာပါတယ်။ မြန်မာပြည်သူပြည်သား (၂၆) ရာခိုင်နှုန်းဟာ ဆင်းရဲမှု သတ်မှတ်ချက်ထက် နိမ့်ကျတဲ့အဆင့်မှာ ရောက်နေတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြန်ပို့ငွေဟာ ဆင်းရဲမှုနည်းပါးရေးကို အထောက်အကူပြုနိုင်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားဟာ ပျမ်းမျှဒေါ်လာ (၆၀၀) နှစ်စဉ် ပံ့ပိုးလေ့ ရှိတယ်လို့ ၂၀၀၂ က ခန့်မှန်းခဲ့ပါတယ်။ မြန်မာပြည်က မိသားစုရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ငွေပြန်ပို့ရတာလို့ ရွှေ့ပြောင်းလုပ်သား (၉၅) ရာခိုင်နှုန်းက ပြောပါတယ်။ ပို့ငွေတဝက်လောက်ကို ဟွန်ဒီစနစ်နဲ့ ပို့ပေးပြီး ကျန်တာကို လူကြုံနဲ့ ပို့ပေးပါတယ်။ ဘဏ်ကတဆင့် ငွေလွှဲပေးသူ အလွန်နည်းပါတယ်။ စစ်အစိုးရရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို မယုံကြည်သူက အများစု ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ပြန်ပို့တဲ့ဒေါ်လာငွေတွေအကြောင်း ဂျပန်ပညာရှင် ကိုဂျီကူဘိုး က (၂၀၁၅) မှာ စာတမ်းရေးခဲ့ဖူးပါတယ်။ အရင်ကတော့ အစိုးရပြဌာန်းထားတဲ့ ငွေကြေးဖလှယ်နှုန်းနဲ့ အပြင်ပေါက်ဈေး ကွာဟလွန်းတာမို့ ဟွန်ဒီနည်းနဲ့ ငွေလွှဲကြပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာ ငွေကြေးဖလှယ်တဲ့စနစ် ပြောင်းလိုက်တဲ့နောက်ပိုင်း ဘဏ်ကတဆင့် လွှဲပြောင်းတာတွေ တိုးပွားလာတယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သားတဦးဟာ နှစ်စဉ်ဒေါ်လာ (၁၅၀၀) လောက် ပြန်ပို့နိုင်တယ်လို့ ကိုဂျီကိုဘူး က ခန့်မှန်းပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့တဲ့ဒေါ်လာငွေအကြောင်း ရေးထားတဲ့စာတမ်း (၁၀) ခုလောက် ရှိပါတယ်။ ဒီအထဲမှာ Sean Turnell နဲ့ သူ့အဖွဲ့ရဲ့ (၂၀၀၈) ထုတ် စာတမ်းကစပြီး (၂၀၁၇) နှစ်ထုတ် Randall Akee နဲ့ Devesh Kapoor ရဲ့ International Growth Centre စာတမ်းအထိ ပါဝင်ပါတယ်။

ဝင်ငွေပိုများတဲ့ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဒူဘိုင်း၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံများရောက် မြန်မာတွေ ပြန်ပို့တဲ့ငွေတွေကတော့ နှစ်စဉ်ပျမ်မျှဒေါ်လာ (၂၅၀၀) ကျော် ရှိပါတယ်။ ထိုင်းမှာတော့ ရွှေ့ပြောင်းလုပ်သားဦးရေ ပိုများပါတယ်။ ထိုင်းရောက် မြန်မာပြည်သား (၅၀၀၀) ကျော်ကို အာရှသုတေသနဌာနက (၂၀၁၃) မှာ စစ်တမ်းကောက်ယူပါတယ်။ ထိုင်းစီးပွားရေးမှာ မြန်မာတွေပါဝင်တဲ့ အခန်းကဏ္ဍကို အဓိကထားတဲ့ စစ်တမ်းဖြစ်လို့ ပြန်ပို့ငွေအကြောင်း သိပ်မပါပါဘူး။ ဒါပေမဲ့ စစ်တမ်းမှာပါဝင်တဲ့ မြန်မာလုပ်သား (၆၅) ရာခိုင်နှုန်းဟာ အလားတူလုပ်ခရမှသာ မြန်မာပြည်ပြန်ဖို့ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။ တရားဝင်မှတ်ပုံတင်ပြီး လုပ်ခကို ဘဏ်ကတဆင့် ထုတ်ပေးတဲ့လုပ်ငန်းတွေမှာ မြန်မာအလုပ်သမားဟာ ဘဏ်ကတဆင့် မြန်မာနိုင်ငံကို ငွေပြန်ပို့ဖို့ အလားအလာများကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားဟာ လုပ်ခအနည်းဆုံးဖြစ်ပေမယ့် ထိုင်းမှာ မြန်မာပြည်သား သုံးသန်းကျော်ရှိတာမို့ သူတို့ နှစ်စဉ်ပြန်ပို့တဲ့ ဒေါ်လာငွေဟာ သန်း (၅၀၀၀) နီးပါး ရှိပါတယ်။ လုပ်သားတဦးဟာ နှစ်စဉ်ပျမ်မျှဒေါ်လာ (၂၀၀) ကနေ (၂၀၀၀) အထိ ပြန်ပို့ကြပါတယ်။ မြန်မာအစိုးရကို အယုံအကြည်မရှိလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေပြန်ပို့နေသူတွေကို ဘဏ်တိုက်ကတဆင့် ငွေလွှဲဖို့ စည်းရုံးနိုင်ဖို့လိုပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ များလွန်လို့ သူတို့အတွက် သီးသန့်ဌာန ဖွင့်ပေးထားတဲ့ အစိုးရတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ဖိလစ်ပိုင်နိုင်ငံဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။

နိုင်ငံခြားမှာ အလုပ်အကိုင်ရရှိပြီး လုံခြုံအေးချမ်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဇာတိမြေက အစိုးရအနေနဲ့ ကူညီစောင်ေ့ရှာက်နိုင်ဖို့ ရွှေ့ပြောင်းလုပ်သားဌာနကို သီးသန့်ဖွင့်ထားဖို့ လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဒီနေရာမှာ အတုယူစရာကောင်းပါတယ်။ နိုင်ငံခြားမှာ အလုပ်ရရှိရေး၊ နိုင်ငံခြားရောက် အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် တာဝန်ယူလုပ်ကိုင်ပေးနေတဲ့ အစိုးရဌာန ဖြစ်ပါတယ်။ အစိုးရဌာနရဲ့ အကူအညီနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နိုင်တဲ့အတွက် ခံစားရမယ့် အကျိုးအမြတ်ကို သိလာနိုင်ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းလုပ်သားဦးရေရော သူတို့ပြန်ပို့တဲ့ ဒေါ်လာငွေတွေပါ တိုးပွားလာစရာ ရှိပါတယ်။